ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

နိုင်ငံကို ချောက်ထဲတွန်းချကြသူများ - သွေးနှင်းဆီ

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။

သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး
တည့်တည့်ပစ်တယ်ဆိုတဲ့
အာဏာရှင်ကြီးရဲ့ စိန်ခေါ်သံ-။

အမှန်တရားနဲ့ သတ္တိကိုဆုပ်ကိုင်
သေနတ်နဲ့ကျည်ဆံကို အံတု
ပြည်သူတွေတောင်းဆိုမှုနဲ့ အသက်တွေပေး
အာဏာရှင်လည်း ဘုန်းဘုန်းလဲပေါ့-။

တပါတီကိုဖျက်
ကတိတွေအထပ်ထပ်ပေးလို့ 
စစ်အာဏာရှင်ကိုဖွဲ့
ချောက်ထဲကျမယ့်တို့ တိုင်းပြည် ကယ်တင်လိုက်ပြီတဲ့-။

ကယ်တင်တဲ့လုပ်ရပ်
သတ်ပစ်ခံကျောင်းသား၊ ပစ်သတ်ခံပြည်သူ
ရဟန်းတောင် မချန်ပါရဲ့
လိုင်စင်ရလူသတ်သမား ကယ်တင်ရှင်ဘွဲ့ခံသတဲ့-။

“မွန်မြတ်တဲ့ဆန္ဒ”
“လွှတ်တော်ခေါ်” “အာဏာလွဲ”
ပြောင်မြောက်တဲ့စကားကတိတွေနဲ့
ဘီလူးကလူယောင်ဆောင်
ကျားငစဉ်းလဲက ဥပုသ်စောင့်
မြေခွေးက သားသတ်လွတ်စား
ယုံကြမှာတဲ့လား-။

ရှေ့နောက်စကားမညီ
ဒီမိုကရေစီပေါရိသာရ
ဘယ်အခြေဆိုက်လို့  မျက်နှာဖုံးကျွတ်
စောင့်ကြည့်ပေါ့ ပြည်သူတွေ-။

ရောက်ပြီဟေ့ လနယုန်
ပြိုင်ကြပေါ့ ရွေးကောက်ပွဲ
ရွေးချယ်တဲ့ပြည်သူအပေါင်း
သောင်သောင်းဖြ မဲကိုပေး
ခွပ်ဒေါင်းနဲ့ကြယ်ဖြူ ပြည်သူနဲ့ အတူအောင်ပွဲခံလို့ ပေါ့-။

ဒေါင်းတွေက တောင်းကြပြီ
လွှတ်တော်ခေါ် အာဏာလွဲ
ဘီလူးနဲ့ကျားငစဉ်းလဲ ပြာယာခတ်လို့ ဥပဒေထုတ်
မြေခွေးကအကောင်ထည်ဖေါ်
အစွယ်လည်းထွက် အသားလည်းစား အရိုးပါကိုက်တော့
မျက်နှာဖုံးလည်း ကျွတ်ပြီပေါ့-။

တောင်းဆိုတဲ့ ဒေါင်းတွေကို
မျက်မမြင်နားမကြား ကိုယ်အင်္ဂါချို့တဲ့လို့ 
အသက်တွေဆုံးရအောင်
နရသိန် အင်းစိန်နဲ့ ရေကြည်အိုင်ငရဲဘုံမှာ
လူမဆန် သေအာင်နှိပ်စက်တာ
တိုင်းပြည်ကယ်တင်ရှင်တဲ့လား-။

ပက်စက်တဲ့အကြံနဲ့  ရက်စက်တဲ့အလံက
ဖက်ဆစ်နဲ့ နာဇီတောင် လက်မြှောက်ရပေမို့ 
ဟစ်တလာနဲ့ စတာလင် ငိုခြင်းချလောက်ပါရဲ့
ပြည်သူအပေါ် ရက်စက်မှုသရဖူဆောင်း
တိုင်းပြည်ကယ်တင်ရှင်တဲ့လား-။

သံဃာတွေမနေသာ တိုင်းပြည်ရဲ့အရေး
အမှန်တရားပြလို့ မေတ္တာရပ်
အာဏာရူး ဒေဝဒတ်က
သံဃာကိုသင်္ကန်းချွတ်လို့  ထောင်ထဲပို
တိုင်းပြည်ကယ်တင်ရှင်တဲ့လား-။

“ပိတ်ထားလိုက်ဟေ့-
ရန်သူ့ နယ်မြေတက္ကသိုလ်တွေ
မျိုးဆက်ဖြတ်မှ အာဏာတည်မယ်-”
ကျောင်းသားကို ရန်သူလိုသဘောထား
ခြေမှုန်းမယ်ကြုံးဝါးလို့ 
နိုင်ငံရဲ့ အနာဂတ်ကိုဖျက်ဆီးတာ
တိုင်းပြည်ကယ်တင်ရှင်တဲ့လား-။

ချလိုက်ပြန်ပြီ ကိုယ်ကျိုးရှာစီမံကိန်း
ဒင်းတို့တတွေစီးပွါးဖြစ်လို့  ဆယ်သက်မကုန်ပေမယ့်
သယံဇာတတွေ အရင်းအမြစ်ပါမကျန်အောင်ရောင်းချင်နေတာ
တိုင်းပြည်ကယ်တင်ရှင်တဲ့လား-။

ကိုယ့်စကားကိုယ်မတည်၊ ကိုယ့်ဥပဒေကိုယ်ချိုး
ကိုယ့်လူကိုယ်မယုံ၊ ကိုယ့်အလုပ်ကိုယ်မလုပ်
ကိုယ့်ကိုကိုယ်လိမ်နေတဲ့
ဒေါင်းယောင်ဆောင်တဲ့ကျီးက
တိုင်းပြည်ကယ်တင်ရှင်တဲ့လား-။

လုပ်ရပ်လုံးစုံ ခြုံငုံကြည့်တော့
ကယ်တင်ရှင်ဟာ
နိုင်ငံချောက်ထဲ တွန်းကိုချတဲ့
တရားခံစစ်လို့  သမိုင်းသက်သေပြနေပြီပဲ-။ ။

သွေးနှင်းဆီ

No comments:

Post a Comment