ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Tuesday, March 3, 2009

အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် အဖွဲ့ဝင်ထုနှင့် ဆွေးနွေးချက်များ

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်


ဒေါ်အောင်ဆန်းစုကြည်သည် (၁ဝ၊ ၇၊ ၉၅)ရက်နေ့တွင် နေအိမ်တွင်တားဆီးထားရာမှ ပြန်လည် လွတ်မြောက် လာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် (၁၇၊ ၇၊ ၉၅) ရက်နေ့မှစ၍ ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ချုပ်ဝင်များ၊ အဖွဲ့ချုပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစု၊ အဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင် ပြည်သူလူထု လူတန်းစားအသီးသီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းတို့အနက် ပထမဦးဆုံအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် အဖွဲ့ချုပ်မှုဝါဒသဘောထားများနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

“ကျမဘယ်သူ့ကိုမှ အာဃာတ မထားဘူး။ အမှန်တိုင်းပြောတာ။ ဒီအချိန်မှာ ကြုံလို့ ပြောလိုက်တာ။ ကျမ သတင်းထောက်တွေနဲ့ တွေ့တဲ့အခါ ကျမက တပ်မတော်ကို မိသားစုလို သဘောထားတာ တချို့ကမကျေနပ်ဘူးလို့” ကြားတယ်ပြောတယ်။ ဘယ့်နဲ့လုပ် မကျေနပ် လို့ဖြစ်မလဲ။ တပ်မတော်သားတွေလည်း ကျမတို့အချင်းချင်းဘဲ။ (၄၅)သန်းထဲမှာ အပါအဝင်ဘဲ။ ဖေဖေလည်း တပ်ထဲကထွက်လာတဲ့လူဘဲ။ ကျမဟာတပ်မတော်သားများကိုသံယောဇဉ် ရှိတယ်။ ဒါ အခုမှပြောတာ မဟုတ်ဘူး။ ရွှေတိဂုံဘုရား အနောက်ဖက် မိန့်ခွန်းမှာ ကတည်းကပြောခဲ့တာ။ ဒါအခုမှ ပြောတာ မဟုတ်ဘူး။ ကျမ စကားကို အခုတမျိုးတော်ကြာ တမျိုး ပြောတာမဟုတ်ဘူး။ စကားလုံးကတော့ ဒီအတိုင်းမဟုတ်ဘူးပေါ့။ စိတ်ဝင်စားရအောင် ပြောရတာမို့ အဓိပ္ပါယ်ကတော့ အတူတူပါပဲ။ အဲဒါကို မကျေမနပ် မဖြစ်ကြပါနဲ့။ စိတ်သဘောထား ကြီးကြီးထားပါ။ ဖေ့ဖေ့ကို လက်ခံတယ်ဆိုရင် သူလည်းစစ်သားပဲ၊ ကျမလည်း စစ်သားသမီးပဲ။ ကျမ ဒီလို မိသားစု စိတ်ထားပါတယ်။

“အရေးကြီးတာက အနာဂတ်ပဲ။ အတိတ်ကို မေ့လို့မရဘူးဆိုတာ ကလဲ့စားချေချင်လို့ ပြောတာမဟုတ်ဘူး။ အာဃာတ ထားစေချင်လို့ ပြောတာမဟုတ်ဘူး။ အတိတ်ကို မှန်မှန် ကန်ကန် သုံးသပ်ရဲတဲ့သတ္တိရှိမှ အနာဂတ်ကို တည်ဆောက်နိုင်မယ်။ အတိတ်ကို မှန်မှန်ကန် ကန် သုံးသပ်ရဲတဲ့သတ္တိ မရှိရင် အနာဂတ်ကို ဘယ်တော့မှ မတည်ဆောက်နိုင်ဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရင်ဆိုင်နိုင်အောင်လို့ အတိတ်ကို ရင်ဆိုင်ရဲရမယ်။”

“ကျမတို့နိုင်ငံမှာဖြစ်နေတဲ့ အားလုံးရဲ့ဇစ်မြစ်ဟာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးပြဿနာတွေမို့လို့ နိုင်ငံရေးနည်းနဲ့ကို ဖြေရှင်းရမယ်။ နိုင်ငံရေးပြဿနာကို လက်နက်နည်းနဲ့ ဖြေရှင်းလို့မရ သလို နိုင်ငံရေးပြဿနာကို စီးပွားရေးနည်းနဲ့လည်း ဖြေရှင်းလို့မရဘူး။”

မိမိတိုင်းပြည်အကျိုးအတွက် နဝတနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးကို ဆောင်ရွက်သွားကြရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ပြည်သူလူထု နစ်နာစေခြင်းမဖြစ်စေမည့် နည်းလမ်းများကိုသာ ကျင့်သုံးမည်ဖြစ်ကြောင်း၊ အနာခံစရာရှိလျင် အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူ့ ကိုယ်စားလှယ်များကသာ အနာခံရမည်ဖြစ်ကြောင်း-တို့ကို ပြောကြားခဲ့ပါသည်။

အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ရွှေ၏ ပြောကြားချက်များ

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၉၉၆)ခုနှစ် လွတ် လပ်ရေးနေ့အခမ်းအနားတွင် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

“လွတ်လပ်သောနိုင်ငံသားတို့၏ အဓိကကျသော အခွင့်အရေးတရပ်သည်ကား မိမိတို့ နှစ်သက်သောအစိုးရကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာရွေးကောက်တင်မြှောက်ခွင့်ပင်ဖြစ်သည်။ ထိုသို့ရွေးကောက်တင်မြှောက်ရန်လည်း တာဝန်ရှိကြပေသည်။ ဤသည်မှာ စစ်မှန်သော ဒီမိုကရေစီ စနစ်တရပ်ပင်ဖြစ်ပေသည်။

“မြန်မာနိုင်ငံတွင် အများပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီသည့် အခြေခံလူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရဖြစ်ပေါ်လာစေရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမနှင့် အဓိကအကျဆုံး ရည်ရွယ်ချက်ပင်ဖြစ်သည်။

“စစ်မှန်သော ပါတီစုံဒီမိုကရေစီအစိုးရဟူသည် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲတွင် ပြည်သူလူထုက နိုင်ငံရေးပါတီအဖွဲ့စည်းများမှ မိမိယုံကြည်အားကိုးသည့် ပုဂ္ဂိုလ်များ မိမိကိုယ်စားလှယ်များအဖြစ် လွတ်လပ်စွာဖြင့် စိတ်တိုင်းကျ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်သူလူထု၏ တခဲနက်တောက်ခံမှုကို ရယူခြင်းတို့ဖြင့်သာ ပေါ်ထွန်း လာနိုင်မည်ဖြစ်ပါသည်။ ထိုအစိုးရ မျိုးသည်သာလျှင် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းများမှ လွတ်မြောက်စေလျက် ငြိမ်းချမ်းသာယာသော၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော်အသစ်ကို ပြည်သူလူထုစွမ်းအားဖြင့် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။”

(၆)နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း

(၁၉၉၆)ခုနှစ်မေလ(၂၇)ရက်နေ့သည် ရွေးကောက်ပွဲကျင်းပခဲ့သည်မှာ (၆)နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်၍ အထိမ်းအမှတ် အခမ်းအနားကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝန်းအတွင်း ကျင်းပရန်စီစဉ်ခဲ့ပါသည်။ တနိုင်ငံလုံးရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ(၂၆၊ ၅၊ ၉၆) ရက်နေ့မှ (၂၈၊ ၅၊ ၉၆) ရက်နေ့အထိ လိုအပ်ပါလျှင် (၂၉)ရက်နေ့အထိ အစည်းအဝေးပြုလုပ်ရန် ဖိတ် ကြားခဲ့သည်။ အဖွဲ့ချုပ်မှ ဖိတ်ကြားသကဲ့သို့အာဏာပိုင်များကလည်း ပြည်နယ်၊ တိုင်း၊ မြို့နယ်အသီးသီးမှ အစည်းအဝေးတက်ရောက်ရန် လာရောက်ကြမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ကို ရဲစခန်းတွင် ခေါ်ထားခြင်း၊ အချို့ကို မော်တော်ယာဉ်(သို့)ရထားစီးနင်းခါနီးမှ ခရီးမသွားနိုင်ရန် တားမြစ် ကန့်သတ်ထားခြင်း၊ အချို့ကို ဖမ်းဆီထားသည့်သဘောနှင့် တားဆီးထားခြင်း၊ သက်ဆိုင်သူ ကာယကံ ရှင်များမရှိလျှင် ၄င်းတို့၏အိမ်ထောင်သည် ဇနီးများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း- အစရှိသည်တို့ကို လုပ်ဆောင်ပါသည်။ ထို့ပြင်အာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်းထားသူများအား စစ်ဆေးရာတွင် အဖွဲ့ချုပ်သည်-
(က) ပြည်သူ့ လွှတ်တော်ဖွဲ့မည်။
(ခ) စင်ပြိုင်အစိုးရထောင်မည်။
(ဂ) ပြည်သူလူထုကို လမ်းပေါ်တင်မည်။
(ဃ) ကျောင်းသူကျောင်းသားများကို မြှောက်ပင့်ပေးမည်။
(င) တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်မည်ဟု စွပ်စွဲသည်ဟု ကြားသိခဲ့ရပါသည်။

အာဏာပိုင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား အစည်းအဝေး ခေါ်ယူတိုင်း ပြည်သူ့လွှတ်တော်ခေါ်ယူခြင်းနှင့် စင်ပြိုင်အစိုးရဖွဲ့မည်ဆိုသည်များကို ထိတ်လန့်တကြီး စွပ်စွဲနေမြဲပင် ဖြစ်ပေသည်။ ‘မတရားသော နည်းလမ်းများဖြင့် ရပ်တည်နေသူများသည် တရားသောနည်းလမ်းများ ပေါ်ပေါက်လာမည်ကို အလွန်စိုးရိမ်နေသည်’မှာ ဓမ္မတာပင်ဖြစ်ပေသည်။ မိမိကိုယ်တိုင်က ရွေးကောက်ပွဲပြီးလျှင် အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးမည်ဟု ပြောခဲ့သည်မှာ အကြိမ်ကြိမ်ပင်ဖြစ်ပါသည်။ ထို့ပြင် ရွေးကောက်ပွဲ ဥပဒေတွင်လည်း လွှတ်တော်ခေါ်ယူ ပေးမည်ဟု ပါရှိခဲ့ပေသည်။ မိမိတို့လုပ်ဆောင်ရမည့်တာဝန်များကိုမျက်ကွယ်ပြုကာ အာဏာကို မတရားသဖြင့် ဆက်လက်ဆုပ်ကိုင်နေရသူများအဖို့ အမှန်တကယ် ပြည်သူက အပ်နှင်းလိုက်သော အခွင့်အာဏာ ရှိသူများနှင့် ရင်ဆိုင်ရသောအခါ မိမိတို့စိုးရိမ်မှုများသည်ကား ပေါ်ထွက်လာမည်သာ ဖြစ်ပေသည်။ ထိုစိုးရိမ်မှုများသည် ဖိနှိပ်မှုများအသွင်သို့ပြောင်းလဲသွားပြီး ဖိနှိပ်ခြင်း၊ ရက်စက်ခြင်းနှင့် မတရားညှဉ်းဆဲခြင်းတို့သည် ဆက်တိုက် ပေါ်ပေါက်ခဲ့ရပေသည်။ ထို့ကြောင့် အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များမှာ အကျဉ်းထောင်များအတွင်း သေဆုံးသည်အထိ ဖြစ်ခဲ့ရသည်။ သို့သော် အာဏာပိုင်တို့သည်ကား လူသားခြင်း စာနာစိတ်ကင်းမဲ့ကာ မိမိတို့လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်နေသည်သာဖြစ်ပေသည်။

အာဏာပိုင်တို့မှာ ထင်ကြေးဖြင့် မည်သို့ပင် ဖိနှိပ်နှောက်ယှက်နေကာမူ အဖွဲ့ချုပ်သည် လုပ်ဆောင်ရမည့်တာဝန်များကို ဆက်လက် လုပ်ဆောင်သွားခဲ့ပါသည်။ (၆)နှစ်မြောက် ရွေးကောက်ပွဲ နှစ် ပတ်လည်အခမ်းအနားသည် အေးချမ်း တည်ငြိမ်စွာဖြင့် ပြီးဆုံးခဲ့ပါသည်။ အမှန်တရားနှင့်အညီ လုပ်ဆောင်သောသူများသည် တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနှင့် လုပ်ဆောင်နိုင်သကဲ့သို့၊ မတရားမှုများကို လက်ကိုင်ထားသူများသည် အမြဲတစေ စိုးရိမ်ထိတ်လန့်မှုနှင့် ထင်မိထင်ရာလုပ်နေသည်ကို ထင်ရှားစေပါသည်။

အဖွဲ့ချုပ်တည်ထောင်ခြင်း (၈)နှစ်မြောက်အခမ်းအနားနှင့် ကိုယ်စားလှယ်များ၏လွှဲအပ်ခွင့်အား ရယူခြင်း

အဖွဲ့ချုပ်သည် (၁၉၉၈)ခုနှစ် စက်တင်္ဘာလ (၂၇)ရက်နေ့တွင် ကျရောက်သော အဖွဲ့ချုပ် တည်ထောင်ခြင်း (၈)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ရန် တနိုင်ငံလုံးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် စည်းရုံးရေး အဖွဲ့ဝင်များကို ဖိတ်ကြားခဲ့ပါသည်။ သို့သော်လည်း စစ်အာဏာပိုင်များက အစည်းအဝေးတက်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် စည်းရုံးရေးအဖွဲ့ဝင်များကို ၄င်းတို့၏ လုပ်ရိုးလုပ်စဉ်နည်းအတိုင်း ဖမ်းဆီး ထိန်းသိမ်း လိုက်ပြန်ပါသည်။ ထို့အပြင် အခမ်းအနားကျင်းပမည့် အထွေထွေအတွင်းရေးမှူး၏ ခြံဝန်းရှေ့ရှိ လမ်းမကြီးများအားလည်း သံဆူးကြိုး အရံအတားများချ၍ ပိတ်ဆို့ဖြတ်တောက်လိုက်ပါသည်။ အစည်းအဝေးကျင်းပခွင့် မပေးခဲ့ပါ။ ဤကဲ့သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား အကြိမ်ကြိမ်ဖမ်းဆီးနေခြင်း၊ အစည်းအဝေးများ ပြုလုပ်၍ မရလောက်အောင် အာဏာပိုင်များမှ မတရား ပိတ်ပင်တားဆီးနေခြင်း တို့ကြောင့် နောင် တိုင်းပြည်နှင့် ပတ်သက်သည့် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံချက်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်များ ဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လုပ်ပိုင်ခွင့် Mandate ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ဒီမိုကရေစီ ရရှိသည်အထိဟူ၍ သတ်မှတ်ကာ အပ်နှင်းလိုက်ပါသည်။ (နောက်ဆက်တွဲ ပ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနက်မှ (၂၅၁)ဦးသည် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ ဦးဆောင်သော ဗဟိုအလုပ် အမှုဆောင်အဖွဲ့သို့ ၄င်းတို့လုပ်ပိုင်ခွင့်ကို ယုံကြည်စွာလွှဲအပ်ခဲ့ပါသည်။ နောင်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖွဲ့ပြီးသောအခါ အခြားပါတီမှ ကိုယ်စားလှယ်များ၊ အဝေးရောက်ကိုယ်စားလှယ်များက လည်း အလားတူလုပ်ပိုင်ခွင့်ကို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအား အပ်နှင်းခဲ့ပါသည်။

နဝတ၏ အမိန့်အမှတ် ၅/၉၆ ထုတ်ပြန်ခြင်း

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်ပြီးနောက်နေ့မှစ၍ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄/၅၆ နေအိမ်ဝန်းခြံရှေ့တွင် လာရောက်အားပေးထောက်ခံကြသော ပြည်သူလူထုအား နေ့စဉ်နှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူလူထု၏ လိုလား ချက်အရ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ဟောပြောပွဲများ ပြုလုပ်ရာ စက်တင်္ဘာလမှစ၍ ဦးတင်ဦး၊ ဦးကြည်မောင်တို့သည်လည်း ဟောပြောပွဲများတွင် နိုင်ငံရေးရာ၊ စီးပွားရေးရာ၊ ဥပဒေရေးရာတို့နှင့် ပတ်သက်၍ ပါဝင်ဟောပြောကြပါသည်။ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၏ ခြံရှေ့ ဟောပြောပွဲများ သည် ပြည်သူလူထုကြီး၏ထောက်ခံမှုကို အပြည့်အဝရရှိနေကြောင်း ပြသနိုင်သောကြောင့် အာဏာပိုင်များသည် ဟောပြောပွဲပျက်ပြားရေးကို ရှေ့ရှုလာကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(၂)ဦးဖြစ်သူ ဦးလှဖေနှင့် ဦးလွန်းတင်တို့အား ဖိတ်ကြား၍ အမျိုးသားထောက်လှမ်းရေးအဖွဲ့မှ ကိုယ်စားလှယ်များဖြစ်ကြသော တပ်မတော်ဒုတိယထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးကျော်ဝင်း၊ ရဲချုပ်စိုးဝင်း၊ သတင်းထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးကြီးဗဟိန်း၊ တပ်မတော်ထောက်လှမ်းရေး(စစ်ဦးစီး ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သန်းထွန်းတို့က (၄၊ ၆၊ ၉၆) ရက်နေ့ (၁၆းဝဝ)နာရီတွင် ဝန်ကြီးများအဆောက်အဦတခု၌ တွေ့ဆုံခဲ့ပါသည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့မှကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ဝင်းက အဆင်သင့်ရေးထားသည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ စာတမ်းကိုဖတ်ကြားပြပါသည်။ ဖတ်ကြား မပြသေးမီ ၄င်းတို့အနေဖြင့် မဖြစ်သင့်မဖြစ်ထိုက်သည်များကို မဖြစ်အောင် ခေါ်ယူ၍ ပြောကြားခြင်းဖြစ် ကြောင်းပြောပါသည်။ အဆိုပါ စာတမ်းတွင် အချက်(၂)ချက်ပါဝင်သည်။
(က) ပထမအချက်မှာ အမှတ် ၅၄/၅၆ တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၏ နေအိမ်ရှေ့တွင် စနေ၊ တနင်္ဂနွေနေ့များ၌ ပြည်သူလူထုအား ဟောပြောခြင်းကို လာမည့်စနေ(၈၊ ၆၊ ၉၆) ရက်နေ့မှစ၍ လုံးဝခွင့်မပြုကြောင်း၊ အစကတည်းကလည်း ခွင့်ပြုခဲ့ခြင်းမဟုတ်ကြောင်း၊ ဘာမှမပြောလိုခြင်းသာ ဖြစ်ကြောင်း၊ ခြံဝန်းအတွင်း ပြောင်းရွှေ့၍ ဟောပြောပွဲပြုလုပ်နိုင်ကြောင်း၊ သို့သော် ခွင့်ပြုခြင်းတော့ မဟုတ်ကြောင်း။
(ခ) ဒုတိယအနေဖြင့် ပြောဆိုသောအကြောင်းမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်များနှင့်ပတ်သက်သော အောက်ပါအချက်များဖြစ်ပါသည်။ အချက်များမှာ အောက်ပါတို့ဖြစ်သည်။
၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲလျှင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် စင်ပြိုင်လုပ်ခြင်းဖြစ်မည်၊
၂) ရေးဆွဲလိုက တောထဲသွားရေးဆွဲရန်သာရှိကြောင်း၊
၃) ရေးဆွဲက အဖွဲ့ချုပ်ကို မတရားအသင်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း၊
၎) စစ်တပ်မှာ အာဏာသိမ်းထားသော အစိုးရဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှမကြောက် နိုင်ငံခြားကိုလည်း မကြောက်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များကပြန်လည်ပြောကြားသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည်-
၁) ပြည်သူလူထုနှင့် ဆက်သွယ်ရေးလမ်းကြောင်းမရှိခြင်း၊
၂) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်သေးခြင်းတို့ကြောင့် စနေ၊ တနင်္ဂနွေနေ့များတွင် ပြည်သူလူထုသို့ရှင်းလင်း ပြောကြားနေရသည်ဟူ၍ပင်ဖြစ်ပေသည်။

ထိုသို့တွေ့ဆုံပြီးနောက်ပိုင်း (၇၊ ၆၊ ၉၆) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က “နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အေးချမ်းသာယာ၍ ခေတ်မီဖွံ့ ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတို့ကို ဟန့်တား နှောက်ယှက်ခြင်းမှ အကာအကွယ်ပေးရန် လိုအပ်သဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်” ဟု ရှင်းလင်း ထုတ်ပြန်ခဲ့ပါသည်။

ထိုဥပဒေထုတ်ပြန်ရခြင်းသည် နိုင်ငံသူနိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးများကို ထပ်ဆင့်၍ ဟန့်တားထိမ်းချုပ်ရေးသို့ ဦးတည်ရာရောက်ပေသည်။
ထိုဥပဒေပါအချက်များသည် တဘက်တွင်-
“နိုင်ငံတော်တွင် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး”
“နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးနိုင်ရေး”
“အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး”တို့ကို ဦးတည်ဟန်ပြထားပြီး၊ တဖက်တွင်မူ ကန့်သတ်ခြင်း၊ တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရေးယူခြင်း၊ အပြစ်ပေးခြင်း-စသည်တို့ကို ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဥပဒေမှာ ရှေ့နောက်မညီ ဖြစ်နေပါသည်။ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးတို့ကို အမှန်တကယ်အကောင်အထည်ဖော်ပြမည်ဆိုသည့် အဓိပ္ပါယ် အမျိုးမျိုးကောက်ယူ၍ နိုင်ငံရေးပါတီများနှင့် အခြားအဖွဲ့အစည်းများအပေါ် အပြစ်ရှာအရေးယူရန် ဥပဒေများပြဋ္ဌာန်းခြင်းမဖြစ်သင့်ပါ။ နိုင်ငံရေးပါတီများအပါအဝင် အားလုံးသော ပြည်သူလူထုတို့၏ ဆန္ဒနှင့်ကိုက်ညီသည့် လုပ်ရပ်များသည်သာလျှင် အထက်ဖော်ပြပါ ရည်မှန်းချက်များကို ရရှိနိုင်မည်ဖြစ်ပေသည်။ ထိုဥပဒေထုတ်ပြီးနောက်တနေ့ (၈၊ ၆၊ ၉၆)ရက်နေ့တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့များ၊ အချုပ်ကားများကို ချထားပါသည်။ သို့သော် အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးသည် ဇွန်လ(၈)ရက်နေ့နှင့် ဇွန်လ(၉)ရက်နေ့ လူထုဟောပြောပွဲအား ဆက်လက်ကျင်းပသကဲ့သို့ဒီမိုကရေစီလိုလားသော ပြည်သူလူထုကြီးကလည်း လာရောက် နားထောင်သောကြောင့် ဖမ်းဆီးခံရပါက အဆင်သင့်ဖြစ်နေနိုင်ရန် အနွေးထည်များ၊ အင်္ကျီ၊ လုံချည်အပိုများ ယူဆောင်လာခြင်း၊ အချို့မှာ ဆေးဝါးနှင့် အစားအသောက် အချို့တို့ကိုပင်ယူဆောင်လာကြသည်ကိုတွေ့ရှိရပေသည်။ အာဏာပိုင်တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူအား ခွဲ၍မရသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ လမ်းမကြီးအား ဟောပြောပွဲများကျင်းပသည့် စနေ၊ တနင်္ဂနွေနေ့များတွင် အစောင့်အကြပ်များချ၍ ပိတ်ပါတော့သည်။

ထိုသို့စစ်အစိုးရမှ လူထုဟောပြောပွဲအားပျက်ပြားစေရန်လမ်းမကြီးအား ပိတ်ပင်တားဆီး ထားသောကြောင့် ပြည်သူလူထုသည် ရန်ကင်းမြို့နယ်၊ ဦးချစ်မောင်လမ်းသို့စုဝေးရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုကြီးနှင့်တွေ့ဆုံပြောကြားရန်(၉၊ ၁၁၊ ၉၆)ရက်နေ့ နေ့လည်ပိုင်းတွင် နေအိမ်မှထွက်ခွာလာခဲ့ပါသည်။ ထိုသို့ထွက်ခွာလာရာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကမ္ဘောဇရိပ်သာလမ်းအထွက်တွင် လမ်းဘေး ဝဲယာရှိသော စုစုပေါင်းလူ(၂ဝဝ)ခန့်ရှိသည့် အမျိုးသားတစုသည် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်တန်းအား ချိန်းကြိုး၊သံတုတ်များဖြင့်ဝိုင်း၍ ရိုက်နှက်ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကားနှင့် ဦးတင်ဦးကား နောက်မှန်များ ကွဲကြေသွားခဲ့ပါသည်။ ထိုသို့ ကားတန်းအရိုက်ခံရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ၄င်းအား စောင့်ဆိုင်းနေသော ပြည်သူလူထုကြီးအား ဆက်လက်၍ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ပြည်သူလူထုကြီးကလည်း စိုးရိမ်ကြီးစွာ ထောက်ခံကြိုဆိုကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ကားတန်းသာအရိုက်ခံရသည်မဟုတ်၊ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေသော ပြည်သူများအား အာဏာပိုင်တို့၏ လုံခြုံရေးအဖွဲ့များက တုတ်များဖြင့်ရိုက်ခြင်း၊ ကားများပေါ်သို့ အတင်းအကြပ်ခေါ်တင်၍ ရန်ကုန်မြို့စွန်ရှိ သုဿာန်များသို့သွားရောက်ပို့ဆောင်ခြင်း-စသည်တို့ကို တရားလက်လွတ် လုပ်ဆောင်ကြပါတော့သည်။ စနေ၊ တနင်္ဂနွေနေ့များတွင် ဟောပြောပွဲများလုပ်ခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ဤကာလတလျှောက်လုံးတွင် စည်းကမ်း ဖောက်ဖျက်မှု၊ ဆူပူရုန့်ရင်းဆန်ခတ်ဖြစ်မှုများမရှိခဲ့ပါ။ သို့သော် အာဏာပိုင်တို့သည်ကား ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူတို့၏ ညီညွတ်မှုကို ကြောက်ရွံ့လှ၍ မတရားသဖြင့် ပိတ်ပင်မှုများ တိုး၍တိုး၍သာ လုပ်ဆောင်လျက် ရှိနေပေတော့သည်။

(၈)နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည်အခမ်းအနား ကျင်းပခြင်း

အဖွဲ့ချုပ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၈)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို (၂၇၊ ၅၊ ၉၈)မှ (၂၅၊ ၈၊ ၉၈) ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်း ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးကြီးသို့တားဆီးချုပ်နှောင်သည့်ကြားမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁ဝဝ)ကျော်ခန့် တက်ရောက်နိုင်ခဲ့ပါသည်။ ထိုအစည်းအဝေးကြီးတွင် ပြည်နယ်နှင့် တိုင်းအလိုက်စာတမ်းများပြုစုကြပြီး အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့တင်သွင်းခဲ့ပါသည်။

ထိုသို့တင်သွင်းချက်များအပေါ် အပြန်အလှန်သုံးသပ်ပြီး ဆုံးဖြတ်ချက်များချမှတ်ခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁) လွှတ်တော်ခေါ်ယူရမည့် နောက်ဆုံးနေ့ရက်ကို သတ်မှတ်ပြီး အာဏာပိုင်များအား အသိပေးရမည့်ကိစ္စကို ဤညီလာခံကြီးက ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား မကြာမီရက်အတွင်း ဆောင်ရွက်ရန် တာဝန်ပေးအပ်ကြောင်း ဆုံးဖြတ်သည်။
၂) ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီနည်းလမ်းများအရ ရေးဆွဲအတည်ပြုထားခြင်းမရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံ မည်မဟုတ်ကြောင်း ဆုံးဖြတ်သည်။
၃) (၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုလျစ်လျူရှု၍ နောင် ရွေးကောက်ပွဲအသစ်များ ကျင်းပခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံလိမ့်မည်မဟုတ်ကြောင်း ဆုံးဖြတ်သည်။
၎) နိုင်ငံတော်၏ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မည့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် အဖွဲ့ချုပ်က အစဉ်အမြဲလမ်းဖွင့်ထားကြောင်း ဆုံးဖြတ်သည်။
၅) အဖွဲ့ချုပ်၏ လုပ်ငန်းဆောင်တာအဝဝကိုဆောင်ရွက်ရန် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့အား အပ်နှင်းထားသောလုပ်ပိုင်ခွင့် Mandate ဆက်လက်အပ်နှင်းကြောင်း ဆုံးဖြတ်သည်။
၆) တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ၏ တရားဝင်လုပ်ပိုင်ခွင့်များ၊ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်၊ စည်းရုံးလှုပ်ရှားခွင့်များကို အပြည့်အဝပေးရန် အာဏာပိုင်များတွင် တာဝန်ရှိကြောင်းဆုံးဖြတ်သည်။
၇) ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်တို့၏ မြန်မာနိုင်ငံ နှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို အာဏာပိုင်များက လေးစား လိုက်နာဆောင်ရွက်ရန် တောင်းဆိုကြောင်း ဆုံးဖြတ်သည်။
၈) တာဝန်ကျေစပါး(သို့မဟုတ်) စေတနာစပါး မရောင်းချနိုင်သော လယ်သမားများနှင့် လုပ်အားမပေးနိုင်သော လယ်သမားများအား အာဏာပိုင်အဖွဲ့အစည်းအသီးသီးတို့က လယ်လုပ်ပိုင်ခွင့် မပေးသည်ကို အဖွဲ့ချုပ်က လေးနက်စွာ ကန့်ကွက်ကြောင်း ဆုံးဖြတ်သည်။
၉) လယ်သမားများ၏ အထွေထွေနစ်နာမှု မကြေနပ်မှုများမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် အာဏာပိုင်များ၏ တာဝန်သာဖြစ်ကြောင်း ဆုံးဖြတ်သည်။
၁ဝ) အလုပ်သမားများနှင့် ဝန်ထမ်းများ၏ ဘဝလုံခြုံရေး၊ လုပ်ငန်းခွင်သာယာရေး၊ စားဝတ်နေမှု ဖူလုံရေးနှင့် လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးတို့အတွက် အာဏာပိုင်များက တာဝန်ယူ ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း ဆုံးဖြတ်သည်။
၁၁) တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးရန်နှင့် စာသင်ချိန်ကာလ အပြည့်အဝ သတ်မှတ်ပေးရန်တောင်းဆိုကြောင်း ဆုံးဖြတ်သည်။
၁၂) ကျောင်းသားထုက ပြင်းပြစွာလိုလားနေသော ကျောင်းသားသမဂ္ဂပေါ်ပေါက်လာရေးကို အဖွဲ့ချုပ်က ထောက်ခံကြောင်း ဆုံးဖြတ်သည်။
၁၃) ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးသမားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်သည်။

(၈)နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်း

(၂၈၊ ၅၊ ၉၈)ရက်နေ့တွင် အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးက အောက်ပါအတိုင်း မိန့်ခွန်း ပြောကြားခဲ့ပါသည်။

“ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးနှင့်ရွေးကောက်ပွဲဆိုတာတွေဟာ ခွဲခြားလို့မရအောင် ဆက်စပ်နေတဲ့ အရာတွေဖြစ်ပါတယ်။ ဒီမိုကရေစီစစ်မှန်ရင် လူ့အခွင့်အရေးတွေကို အာမခံရပါတယ်။ အခြေခံလူ့အခွင့်အရေးတခုကတော့ သတ်မှတ်ထားတဲ့အချိန် ကာလအရ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ မှန်မှန်ကျင်းပပေးခြင်နဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို ထင်ရှားစေရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးပွိညာဉ်စာတမ်းမှာ အတိအလင်းရေးသား ထားပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒကို ထင်ရှားစေမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတရမယ်ဆိုတာ အထူး ပြောစရာလိုပါဘူး။ ကျမတို့ရဲ့ အတွေ့အကြုံအရ ဖြည့် စွတ်ပြောဖို့လိုတာကတော့ ရွေးကောက်ပွဲကျင်းပပေးပြီးရင် ရွေးကောက်ပွဲတွေရဲ့ရလဒ်ကို အကောင်အထည်ဖေါ်ပေးဖို့လည်း လိုသေးတယ်ဆိုတဲ့အချက်ပါဘဲ။ ရွေးကောက်ပွဲတွေရဲ့ ရလဒ်ကို အကောင်အထည်မဖေါ်တာဟာ ‘ထမင်းစားဖိတ်၊ ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်းပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေပြန်ပြီးသိမ်းသွားသလိုပါဘဲ’။ ဧည့်သည်တွေကို စော်ကားတဲ့လုပ်ရပ်ပါ။ (၁၉၉ဝ)ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖေါ်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လည် လှည့်ဖြား စော်ကားရာရောက်ပါတယ်။

အခုဆို ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးခဲ့တာ(၈)နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် မြန်မာကရော ကမ္ဘာကပါ ဒီရွေးကောက်ပွဲကိစ္စကို မမေ့နိုင်ပါ။ မေ့ရမယ့်အရာလည်းမဟုတ်ပါ။ ဒါကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက (၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထုဆန္ဒနဲ့ လိုက်လျော်ညီထွေဖြစ်ရအောင် လိုအပ်သလို အကောင်အထည်ဖေါ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ထပ်ခါတလဲလဲ တိုက်တွန်းနေတာဖြစ်ပါတယ်။ (၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလို့ အမည်တပ်ခဲ့ပါတယ်။ ဒီမိုကရေစီရွေးကောက်ပွဲ ရဲ့ရလဒ်ဆိုတာ လိုရင်တမျိုး၊ မလိုရင်တမျိုး ကစားရမယ့်အရာမဟုတ်ပါဘူး။ ဒီလိုကစားတာဟာ- ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ကစားရာရောက်ပါတယ်။ အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရဲ့ရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့အနာဂတ်ဆိုတာ ကစားရမယ့်အရာ မဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာဖြစ်ပါတယ်။ ဒါကြောင့် (၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖေါ်ဘဲ နောက်ထပ်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

(၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားသရွေ့ မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှု ရှိလာနိုင်မှာမဟုတ်ပါဘူး။ နိုင်ငံရေးတိုးတက်မှုမရှိရင် နိုင်ငံလည်းတိုးတက်မှာမဟုတ်ပါဘူး။ နိုင်ငံရေးကို ဘေးဖယ်ပြီး စီးပွားရေးကိုသာအာရုံစိုက်ရင် တိုင်းပြည်သာယာဝပြောလာမှာဘဲ လို့ယူဆခဲ့တာတွေဟာ တက်တက်စင်အောင်လွဲနေပြီဆိုတာ လက်ရှိကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက သက်သေထူနေပါတယ်။ တိုင်းပြည်ရဲ့အကျိုးကို အမှန်တကယ် လိုလား တယ်ဆိုရင် (၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အမြန်ဆုံးအကောင်အထည် ဖေါ်ပေးဖို့ လိုပါတယ်။ ပထမခြေလှမ်းအနေနဲ့ ပြည်သူ့လွှတ်တော် ခေါ်ပေးရပါလိမ့်မယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က (၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့အညီ ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့ အာဏာပိုင်တွေကို အကြိမ်ကြိမ်အခါခါ တောင်းဆိုခဲ့ပါတယ်။ ယခု (၈)နှစ် ကြာလာသည်အထိ အကောင်အထည်မဖေါ်သေးပါဘူး။ အဖွဲ့ချုပ်အနေနဲ့ ပြည်သူအပေါ်မှာရှိ တဲ့တာဝန်ကို တတ်စွမ်းသရွေ့ ကျေပွန်အောင်ဆောင်ရွက်ပေမယ့် အာဏာပိုင်တွေကတော့ မိမိတို့တာဝန်အရ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ခြင်းမရှိပါဘူး။ ဒီလို လုပ်ဆောင် ခြင်းမရှိလို့ ကျမတို့နိုင်ငံဟာ အကြပ်အတည်းအမျိုးမျိုးနဲ့ရင်ဆိုင်နေရတာပါ။

အာဏာပိုင်တွေအနေနဲ့ တရားခံရှာတဲ့အလုပ်လုပ်နေမယ့်အစား တိုင်းပြည်ရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ စေတနာမှန်မှန်နဲ့လုပ်ဖို့ အချိန်တန်နေတာကြာပါပြီ။ နောက်ထပ် အချိန်မဖင့်စေဘဲ အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး စတင်သင့်ပါပြီ။ ဒီနေရာမှာ တွေ့ဆုံဆွေးနွေးရေး မလိုလားသူတွေ၊ တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်သေးလို့ စိတ်ပျက်နေတဲ့သူတွေကို ဦးတည်ပြီး ပြောချင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုဘဲ ရှောင်ချင်ရှောင်ချင်၊ ရှောင်လို့ ရမှာ မဟုတ်ပါဘူး။ သမိုင်းရေစီးကြောင်းအရ တိုင်းသူပြည် သားတွေရဲ့ ပြင်းပြတဲ့ဆန္ဒအရ နိုင်ငံရဲ့လိုအပ်ချက်အရ ဖြစ်ကိုဖြစ်ရမယ့်ကိစ္စပါ။ ကျမတို့ဟာ ရန်လိုလို့၊ ပြဿနာရှာချင်လို့ သက်သက် ဝေဖန်ပြောဆိုနေတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးကိုကြည့်ပြီး တောင်းဆိုသင့်တာတွေကို ဒီလို ညီလာခံတွေ အခမ်းအနားတွေကတဆင့် မြန်မာသိ ကမ္ဘာသိ ပြောဆိုနေတာတွေကို မလိုလားရင် အချင်းချင်း ပြေပြေလည်လည်ဆွေးနွေး၊ သဘောတူညီတဲ့နည်းကို ရွေးချယ်ပါလို့ ရိုးသားတဲ့ စေတနာနဲ့ အကြံပြုချင်ပါတယ်။ ယ္ခုညီလာခံကိုတက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်/တိုင်းစည်းတွေ၊ မြို့နယ်စည်းတွေကို ဒီမိုကရေစီအရေးအတွက် စိတ်ဓါတ် ခိုင်ခိုင်မာမာနဲ့ ဆက်လက် ဆောင်ရွက်သွားကြဖို့ တိုက်တွန်း အားပေးရင်းနဲ့ အခက်အခဲအမျိုးမျိုးကြားက လာရောက်လာတာကို ကျေးဇူးတင်ကြောင်း နိဂုံးချုပ်အနေနဲ့ပြောချင်ပါတယ်။

“နောက်တခါတော့ လွှတ်တော်မှာဘဲဆုံကြပါစို့”
“ဒီမိုကရေစီရေးမုချအောင်ရမည်”

ပြည်သူ့လွတ်တော်အား ခေါ်ယူပေးရန် နောက်ဆုံးရက်သတ်မှတ်တောင်းဆိုခြင်း

အဖွဲ့ချုပ်သည် (၈)နှစ်မြောက်ရွေးကောက်ပွဲ နှစ်ပတ်လည်အခမ်းအနားမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များအရ (၁၉၉၈)ခုနှစ် ဇွန်လ (၂၃)ရက်နေ့တွင် “ယနေ့မှစ၍ ရက်ပေါင်း(၆ဝ)အတွင်း” လွှတ်တော်ခေါ်ယူပေးရန် နိုင်ငံတော် အေးချမ်းသားယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံသို့စာအမှတ် ဝ၄၇၊ စည်း(ချမ်း)၊ ၉၈ ဖြင့်ပို့၍ တောင်းဆိုခဲ့ပါသည်။ (နောက်ဆက်တွဲ-ဌ) ထိုနည်းထူစွာ တိုင်းရင်းသားပါတီများ ဖြစ်ကြသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုးမီးအမျိုးသား ကွန်ဂရက်တို့မှလည်း ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံသို့လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။ (ေနာက္ဆက္တြဲ-စ်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ်စည်းရုံးရေးအဖွဲ့ဝင်များအားဖမ်းဆီးခြင်း

စစ်အစိုးရသည် သြဂုတ်လ(၂၁)ရက်နေ့တိုင်အောင် ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေး ခြင်းမပြုသောကြောင့် သြဂုတ်လ(၂၂)ရက်နေ့တွင် အဖွဲ့ချုပ်မှ မိမိအစီအစဉ်ဖြင့် လွှတ်တော်ခေါ်ယူမည် ဖြစ်ကြောင်းကို ကြေညာခဲ့ပါသည်။ ထိုအခါ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေးကို လုံးဝမလိုလားသည့် အာဏာပိုင်တို့သည် ပြည်သူ့လွှတ်တော်သို့ တတ်ရောက်မည့် တနိုင်ငံလုံးရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဖမ်းဆီးပါတော့သည်။ မိမိတို့ကိုယ်တိုင် ကျင်းပပေးခဲ့သော ရွေးကောက်ပွဲတွင် ပြည်သူများက မျှော်လင့်ချက်ကြီးစွာဖြင့် မဲပေးခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့ လွှတ်တော်ခေါ်ယူပေးရန် တာဝန်ရှိသည်လည်း ခေါ်ယူမပေး။ ခေါ်ယူပေးရန် တောင်းဆိုသည်ကိုလည်း လျစ်လျူရှုသည့်အပြင်၊ တာဝန်ရှိသူများက တာဝန်ပျက်ကွက်မှုကြောင့် ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်ဦးရေအများဆုံးဖြင့် အနိုင်ရပါတီအဖွဲ့အစည်းမှ လွှတ်တော် ခေါ်ယူမည်ဆိုသည့်အခါ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လိုက်လံဖမ်းဆီးခြင်းမှာ ‘သမိုင်းဝင် အကျည်းတန်လှသော အဓမ္မလူဖမ်းပွဲကြီးပင်ဖြစ်ပါသည်’။ အာဏာပိုင်များသည် လွှတ်တော်ကိုယ်စားလှယ်များသာမက ပြည်နယ်နှင့်တိုင်း၊ မြို့နယ်စည်းအဖွဲ့များ လူကြီး၊ လူငယ်၊ အမျိုးသမီးများမကျန် အားလုံးဖမ်းဆီးပါသည်။ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အဖွဲ့ဝင်အချို့တို့မှာ ဖိအားပေးမှုကို မလွန်ဆန်နိုင်သဖြင့် နှုတ်ထွက်သွားပါသည်။ အာဏာပိုင်တို့၏ ဖိအားပေးမှုကို ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုမူ အချို့ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားသည်။ အချို့ကို လွှတ်ပေးလိုက်သော်လည်း မိမိတို့နေထိုင်ရာဒေသမှ ခရီးမထွက်ရန် တားမြစ်ထားခြင်းများပြုလုပ်ပြီး သက်ဆိုင်ရာဒေသအာဏာပိုင်များက မပြတ် စောင့်ကြပ်ထားပါသည်။ အာဏာပိုင်များသည် မနှုတ်ထွက်ချင်ပဲ ကြံ့ကြံ့ခိုင်ခိုင်နေသောအဖွဲ့ချုပ်မြို့နယ်စည်းများ၏ ရုံးများကိုချိုးဖောက်၍ အဖွဲ့ချုပ်ဆိုင်းဘုတ်များ၊ အလံများ၊ စာရွက်စာတမ်းများကို အတင်းအကြပ် ချွတ်ယူ၊ ချိုးဖောက်၊ ဖျက်ဆီးခြင်းများကို ပြုလုပ်ကြပါသည်။ ထိုသို့သော အဓမ္မလုပ်ရပ်များသည် ရာဇ ဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သဖြင့် အဖွဲ့ချုပ်မှ အဆင့်ဆင့်သောတာဝန်ရှိ အာဏာပိုင်များထံ အရေးယူဆောင်ရွက်ရန် အကြောင်းကြားခဲ့သော်လည်း အဆင့်ဆင့်သောတာဝန်ရှိ အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ချေ။ ဤသည်မှာ တာဝန်ရှိသူများအားလုံးပင်အလိုတူ အလိုပါ ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို ပေါ်လွင် ထင်ရှားစေပေသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲကျင်းပပြီးသည့် အချိန်မှစ၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အာဏာပိုင်များထံသို့လည်းကောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အာဏာပိုင်များထံသို့လည်းကောင်း ပြည်သူ့လွှတ်တော်ခေါ်ယူပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပေသည်။ သို့သော် အာဏာပိုင်များ တာဝန်ပျက်ကွက်မှုကြောင့် ရွေးကောက်ပွဲတွင် ပြည်သူလူထုထောက်ခံမှုအများဆုံးရှိသည့် အဖွဲ့ချုပ်အပေါ် တာဝန်ကျလာပါတော့သည်။ ထို့ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သမိုင်း၏လိုအပ်ချက်အရလည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၅၁)ဦး၏ လွှဲအပ်ပိုင်ခွင့်အရလည်းကောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို (၁၉၉၈)ခုနှစ် စက်တင်္ဘာလ(၁၆)ရက်နေ့တွင် ဖွဲ့စည်းခဲ့လေသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီတွင် တိုင်းရင်းသားပါတီများဖြစ်ကြသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇီုမီးအမျိုးသားကွန်ဂရက်တို့ပါဝင်ပြီး တိုင်းရင်းသား ပါတီများ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးအေးသာအောင်သည် အတွင်းရေးမှူးတာဝန်ကို ယူခဲ့ပါသည်။ ထို့ပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဦးစောမြအောင်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစု၏ လွှဲအပ်ပိုင်ခွင့်အရ ဖွဲ့စည်းထားသည်ဖြစ်၍ ဤကော်မတီ၏ ဆောင်ရွက်ချက်များသည် ပြည်သူ့လွှတ်တော်တရပ်၏ လုပ်ဆောင်ချက်များနှင့် တူညီသော အာနိသင်ရှိပေသည်။ ယနေ့မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ပေါ်ပေါက်လာရ ခြင်းသည် အာဏာကိုလက်ကိုင်ပြု၍ အုပ်ချုပ်နေပြီး၊ ရွေးကောက်ပွဲကိုကြီးမှူး၍ ကျင်းပပေးခဲ့သော စစ်အစိုးရ၏ ကတိမတည်၊ ကောက်ကျစ်၊ လိမ်လည်လှည်ဖြား၊ မတရားမှုများကို ထုတ်ဖေါ်ပြသနေသော သမိုင်းမှတ်တိုင် ဖြစ်သကဲ့သို့ ပြည်သူ့လွှတ်တော်တရပ် ပေါ်ထွန်းလာပြီး စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာမည်ကို ပြသနေသော သင်္ကေတ တခုလည်းဖြစ်ပေသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီအပေါ် အဖွဲ့ချုပ်ခေါင်းဆောင်များ၏သဘောထားများ

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီအပေါ် ရပ်တည်ချက်အား အောက်ပါအတိုင်း ပြောကြားခဲ့ပေသည်။

“ဒီလွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် အကျိုးပြုလုပ်ငန်းရပ်များကို ပြည်သူ့လွှတ်တော်မှတဆင့် ဆောင်ရွက်ကြရန် တာဝန်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော် ပေါ်ပေါက်လာခြင်းမရှိတော့ ဒီတာဝန်များကို မထမ်းဆောင်နိုင်ပါ။ ပြည်သူ့လွှတ်တော်ကို ခေါ်ယူမပေးခြင်းဟာ ဒီမိုကရေစီ မပေးဘူးဆိုပြီး ငြင်းပယ်လိုက်ခြင်းပါပဲ။ ဒါ့အပြင် နိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး-အစရှိတဲ့ အကြပ်အတည်းများကို ဖြေရှင်းမပေးလိုတဲ့ဆန္ဒ ပေါ်လွင်နေတယ်ဆိုတာ ထင်ရှားပါတယ်။”

“ပြည်သူလူထုအကျိုးအတွက် မပျက်မကွက်ဆောင်ရွက်ရမည်ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ပြည်သူ့လွှတ်တော် မပေါ်ပေါက်မခြင်း မည်သို့ပင် ပြန်ပေးဆွဲသဘောနဲ့ ခြိမ်းခြောက် ခြိမ်းခြောက် မယိုင်မလဲဘဲ မည်သို့မျှ ဖျက်သိမ်းလိမ့်မည် မဟုတ်ကြောင်း သန္နိဋ္ဌာန်ပြုထားပြီးကြောင်းကို အတိအလင်း ကြေညာလိုက်ပြီးနိ ဂုံးချုပ်အပ်ပါတယ် ခင်ဗျား။”

အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ နှင့်ပတ်သက်၍-
“ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဥပဒေဘောင်အတွင်းကနေပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။ ကျမတို့ကို ခြိမ်းခြောက်လို့လည်း ကျမတို့ နောက်ဆုတ်မှာမဟုတ်ပါဘူး။ ကျမတို့ရဲ့ ကိုယ်စားလှယ်များကို ဓါးစာခံများသဖွယ် ခေါ်ထားပြီးတော့ အမျိုးမျိုးကျမတို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖျက်သိမ်းဖို့ရာအတွက် စည်းရုံးလို့လည်း ကျမတို့ဟာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူး။ ကျမတို့လိုချင်တဲ့ ပြည်သူ့လွှတ် တော်ခေါ်ယူရေးကိစ္စကိုလည်း လက်လွှတ်မှာ မဟုတ်ပါဘူး။

ကျမတို့ ခဏခဏပြောပါတယ်- ပြည်သူ့လွှတ်တော်ခေါ်ယူရေးကိစ္စကို ကျမတို့ဘယ်တော့မှ လက်မလွှတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကိုလက်လွှတ်လိုက်လို့ရှိရင် ကျမတို့ဟာ ပြည်သူလူထုရဲ့ဆန္ဒကို ချိုးဖေါက်တယ်ဆိုတဲ့ မကောင်းတဲ့အစဉ်အလာကြီးကို ကျမတို့ လက်ခံရာရောက်မယ်လို့ ကျမတို့ပြောခဲ့ပါတယ်။ အခုဆိုရင် ကျမတို့ရဲ့စကားကို တကမ္ဘာလုံးက ပိုပြီးတော့ သဘောပေါက်ကြပါလိမ့်မယ်။ အရှေ့တီမောမှာဖြစ်တာကို ကြည့်ပြီးတော့ ကျမတို့နိုင်ငံမှာ ပြည်သူ့လွှတ်တော်ခေါ်ယူရေးကိစ္စကို လက်မလွှတ်ဘူးဆိုတာ မှန်ပါလေခြင်း ဆိုပြီးတော့ ကမ္ဘာက သြဘာပေးမယ်လို့ ကျမ ယုံကြည်ပါတယ်။”

တရားမဝင် လူထုအစည်းအဝေးပွဲများကျင်းပခြင်း

အာဏာပိုင်များအနေဖြင့် ပြည်သူ့လွှတ်တော်ခေါ်ယူကျင်းပပေးရေးနှင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော အစိုးရတရပ်ပေါ်ပေါက်ရေးတို့ မဖြစ်မြောက်စေရန် တရားမဝင်သော နည်းလမ်းများ ရှာကြံ၍ လုပ်ဆောင်ကြပါသည်။ တရားဥပဒေနှင့် လိုက်လျောညီထွေမှု ရှိ/မရှိ၊ ယုတ္တိတန်/မတန်တို့ကို မတွက်ဆတော့ပဲ မိမိတို့စိတ်ကူးပေါ်လျှင် ပေါ်သလို၊ မဆင်မခြင်၊ အတင်းအဓမ္မ အရေးတကြီး အပူတပြင်းလုပ်ကြပါသည်။ ထိုကဲ့သို့လုပ်ရာ၌လည်း ပြည်သူလူထုကြီးအား လိမ်လည်လှည့်ဖြား၊ ခြိမ်း ခြောက်ပြီး အသုံးချကြပါတော့သည်။ ဤကဲ့သို့သော ဆောင်ရွက်ချက်များသည် အာဏာပိုင်တို့၏ လုပ်ရိုးလုပ်စဉ်ဖြစ်နေသောကြောင့် ဆီလျော်သည်/မဆီလျော်သည်ကိုလည်း မမြင်နိုင်တော့ပါ။ မိမိတို့ ရလာသော အကြံအား အကောင်အထည်ဖော်ရန်ကိုသာ အရေးထားနိုင်ပါတော့သည်။ အာဏာပိုင် တို့၏လုပ်ရပ်များအနက် မိမိတို့အနေဖြင့် ပြည်သူတင်မြှောက်ထားသောလွှတ်တော် ပေါ်ပေါက်လာ မည်ကို မည်မျှစိုးရိမ် ကြောင့်ကြကြောင်း ထင်ရှားစေသည်မှာ လွှတ်တော်ကိုယ်စားလှယ်များအား အယုံအကြည်မရှိ၊ မထောက်ခံကြောင်း“ လူထုအစည်းအဝေးပွဲများ”ကျင်းပခြင်းပင်ဖြစ်ပေသည်။ ပြည်သူလူထုအား ကွင်းပြင်တခုတွင် စုဝေးစေပြီး ထိုဒေသရှိ ပြည်သူလူထုက တင်မြှောက်ထားသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အား မထောက်ခံကြောင်းကို အော်ဟစ်စေခိုင်းသည်။ ထို့နောက် အတင်းအကြပ် လိမ်လည်လှည့်ဖျား၍ ယူဆောင်လာသော လက်မှတ်ထိုးထားသည့် အယုံအကြည်မရှိ အဆိုများကိုလည်း မိမိတို့ခိုင်းသမျှ လိုက်ပါဆောင်ရွက်နေပါသည်ဆိုသော ကော်မရှင်ကလည်း မိမိတို့ လိုက်နာရမည့် ကျင့်ဝတ်များ၊ လုပ်ထုံးလုပ်နည်းများကို ပစ်ပယ်ကာ လတ်တလောပေါ်လာသော အာဏာပိုင်တို့၏ အကြံအစည်ကို လက်ခံ၍ အကောင်အထည်ဖော်ပေးရပါသည်။ ထို့အပြင် ဆန္ဒပြု လက်မှတ်များ၏ အရေအတွက်ကိုလည်း ကြေညာလိုက်ပါသေးသည်။ အချို့ဒေသများတွင် မထောက်ခံ လက်မှတ်ထိုးသူများမှာ(၁ဝဝ)ရာခိုင်နှုန်းပင် ကျော်လွန်သွားပြီဟု ကြေညာသောကြောင့် ဤကဲ့သို့ထူးခြားသော အံ့သြဖွယ်ကောင်းလှသော လုပ်ဆောင်ချက်များအား နောင်လာနောက်သားတို့ ယုံကြည်နိုင်ရန် တိတိကျကျ မှတ်တမ်းတင်ထားရမည်ဖြစ်ပေသည်။

ဥပဒေနှင့်အညီ လျို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဥပဒေမဲ့စွာဖြင့် လုပ်ဆောင်နေသည်မှာ တရားဥပဒေ စိုးမိုးရေးကို ဗြောင်ကျကျ ချိုးဖောက်နေသည့်အပြင် ပြည်သူလူထုအား မလျော်သြဇာသုံး၍ အတင်းအကြပ်လာရောက်စေခိုင်းခြင်းသည်လည်း ရပ်ရွာအေးချမ်းသာယာရေးကို ချိုးဖောက်နေပေသည်။ အာဏာပိုင်များသည် မိမိတို့ထုတ်ပြန်ထားသည့် ဥပဒေလည်း မလိုက်နာ၊ မိမိတို့ကြွေးကြော်ထားသည့် ဆောင်ပုဒ်များကိုလည်း ချိုးဖောက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မိမိတို့ အသုံးပြုနေသည့် အာဏာနှင့်ပင် ပြန်လည်ဖျက်ဆီးနေရာရောက်ပေသည်။

ပြည်သူ့ဆန္ဒဆိုရာ၌ နိုင်ငံတွင် စစ်မှန်သောပြည်သူ့ဆန္ဒနှင့် အတုအယောင်ပြည်သူ့ဆန္ဒဟူ၍ နှစ်မျိုးရှိနေပေသည်။ စစ်မှန်သော ပြည်သူ့ဆန္ဒသည်ကား အာဏာရှင်စနစ်ချုပ်ငြိမ်း၍ လူတို့၏ အခြေခံ အခွင့်အရေးများနှင့် ဒီမိုကရေစီ ရရှိရေးအတွက် (၁၉၈၈)ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရဟန်း ရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့က အသက်သွေးမြေအကျခံ၍လည်းကောင်း၊ (၁၉၉ဝ)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒများဖြင့် ထုတ်ဖော်ပြသခြင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲရလဒ် အကောင်အထည်ပေါ်၍ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်ရေးအတွက် အာဏာရှင်တို့၏ရက်စက်မှုအောက် နှိပ်စက်ညှဉ်းပန်းခံ၊ ထောင်ကျခံ၊ ဘဝအပျက်ခံ၊ အသက်ဆုံးရှုံးခံ ၍လည်းကောင်း နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ပြသခဲ့ကြသူ ပြည်သူအပေါင်းသည် မြန်မာလူမျိုးတို့၏ ရဲ စွမ်းသတ္တိနှင့်မြန်မာနိုင်ငံ၏ ဂုဏ်သရေကို မြှင်တင်ခဲ့သဖြင့် မွန်မြတ်လှပေသည်။ ထို့ကြောင့်လည်း စစ်မှန်သော ပြည်သူ့ဆန္ဒထုတ်ဖော်ပြသမှုများသည် မြန်မာ့အလယ်တွင်သာမက ကမ္ဘာ့အလယ်တွင် ရိုက်ခတ် မြည်ဟည်းခဲ့ပေသည်။ မြန်မာနိုင်ငံသမိုင်း၏ အလွန်အရေးကြီးသော အချိုးအကွေ့တခုလည်း ဖြစ်ခဲ့သည်။

အတုအယောင် ပြည်သူ့ဆန္ဒဆိုသည်ကားစစ်အာဏာပိုင်တို့၏မတရားဖိနှိပ်ထားသောဥပဒေ အမိန့်များအောက်တွင် ခိုင်းစေချက်အရ လာရောက်စုဝေးစေ၍ ဥပဒေနှင့်ညီလည်းမညီ၊ ယုတ္တိလည်း မတန်၊ ကောက်ကျစ်လိမ်လည် လှည့်ဖျားသော နည်းများကိုသုံး၍ ပြည်သူလူထုအား ခြိမ်းခြောက်၍ ဟစ်အော်စေခိုင်းပြီး၊ ပြည်သူ့ဆန္ဒဟု နေ့စဉ် သတင်းစာများ ရုပ်မြင်သံကြားသတင်းများမှ ထုတ်လွှင့် ကြေညာနေသော ဆန္ဒဖော်ထုတ်ပွဲများပင်ဖြစ်သည်။ အလွန်ပင် သိမ်ဖျင်းယုတ်ညံ့လှပါသည်။ ထိုကဲ့သို့တရားမဝင်သောလုပ်ရပ်များအား မလျော်သြဇာသုံး၍ ခြိမ်းခြောက် စေခိုင်း နေသူတို့သည် ရာဇဝတ်မှု ကို မိမိတို့ကိုယ်တိုင်ကျူးလွန်ရာရောက်ပေသည်။ တရားဥပဒေနှင့်လည်းမညီ၊ မိမိတို့ ထုတ်ပြန်ထားသော အမိန့်ကြေညာချက်များနှင့်လည်း မဆီလျော်ပဲ လူစုလူဝေးနှင့် အော်ဟစ်ခိုင်းသောလုပ်ရပ်သည် နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် အာဏာပိုင်များကိုယ်တိုင်တရားဥပဒေနှင့် တရားစီရင်ရေးကို ဖျက်ဆီးနေသည်မှာ တိုင်းသိပြည်သိ ကမ္ဘာသိ အထင်အရှားပင်ဖြစ်ပေသည်။

အာဏာပိုင်တို့သည် ဤသို့ပြည်သူ့ဆန္ဒဟု အတင်းအကြပ်အော်ဟစ်ခိုင်းနေသည်မှာ ပြည်သူတို့၏ လိုလား တောင့်တနေသော ပြည်သူ့လွှတ်တော်ပေါ်ပေါက်လာပြီး ပြည်သူ့အစိုးရတရပ်ပေါ်ထွန်း လာမည်ကိုကြောက်ရွံ့၍ ထင်မိထင်ရာအကြံအစည်ဖြင့် သရုပ်သဏ္ဍာန်မမှန်ကန်သည့်နည်းများကို သုံး ခြင်းဖြစ်ပေသည်။ ပြည်သူလူထုက ဂုဏ်သိက္ခာကြီးမားစွာ တန်ဖိုးကြီးစွာဖြင့် ထုတ်ဖော်ခဲ့သော ပြည်သူ လူထု၏ ဆန္ဒအစစ်အမှန်များကို မည်သည့် အကြံအစည်၊ မည်သည့်နည်းမျိုးဖြင့်မှ သေးသိမ်အောင်လုပ် ၍မရ၊ ဖုံးကွယ်သွားစေရန် ကြိုးစား၍မရ၊ ဖျောက်ဖျက်၍ လည်းမရပေ၊ စစ်မှန်သောပြည်သူ့ဆန္ဒကား သမိုင်းမော်ကွန်းအဖြစ် တည်ရှိနေမည်ဖြစ်ပေသည်။ အတုအယောင်တို့ မည်သည်ကား တခဏအတွင်း ပေါ်လာပြီး၊ ပြည်သူလူထု၏ ဆန့်ကျင်ခြင်းကိုခံရကာ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလ အကျည်းတန်အရုပ်ဆိုးသည့် လုပ်ရပ်များအဖြစ် မှတ်တမ်းမှတ်ရာ ကျန်ခဲ့မည်သာ ဖြစ်ပါသည်။ ‘အတုဟူသည်ကား အစစ်အား မည်သို့မျှယှဉ်၍မရ ကျော်လွှား၍မရချေ။ အတုသည် အတုသာလျှင်ဖြစ်သည်။ အစစ်မည်သို့မျှ ဖြစ်မလာနိုင်ချေ။’

အာဏာပိုင်တို့သည် နိုင်ငံတွင်းနိုင်ငံရေးပြဿနာများ၊ စီးပွားရေးပြဿနာများကအစ ကျောင်းသား၊ ပြည်သူ၊ ရဟန်း သံဃာတော်များ၏ အရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းမရှိပေ။ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာ အရပ်ရပ်ကို မည်သို့မျှမဖြေရှင်းနိုင်သည့်အခါ မိမိတို့အာဏာကို လက်လွှတ်ရတော့မည်ကို ထိတ်လန့် တုန်လှုပ်လာသည်နှင့်အမျှ လိမ်လည်လှည့်ဖျား ခြိမ်းခြောက်လာ သည့်နည်းများကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ ဖမ်းဆီး၊ ညှဉ်းပန်း၊ နှိပ်စက်၊ ထောင်ချခြင်းနည်း တို့ဖြင့်လည်းကောင်း၊ မိမိတို့အာဏာသက်ဆိုးရှည်ရေးအတွက် မတရားမှုမှန်သမျှကို တွင်တွင်ကြီး လုပ်ဆောင်နေပေသည်။ ဤသို့လူသားခြင်း စာနာထောက်ထားမှုကင်းမဲ့စွာ မိမိတို့အာဏာတည်မြဲရေးကိုသာ အလေးထားသော အစိုးရမျိုးကို ပြည်သူလူထုကြီးက တရက်၊ တမနက်ကိုပင် သက်ဆိုးရှည်လိုစိတ် လုံးဝမရှိချေ။ ဤသည်ကား ပြည်သူ့ဆန္ဒအစစ်အမှန်ပင်ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သွားလာလှုပ်ရှားမှုအား ကန့်သတ်တားဆီးထားခြင်း

စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင်တားဆီးထားရာမှ ပြန်လည်လွှတ် ပေးလိုက်သည့်နောက်ပိုင်းတွင် အတားအဆီးအကန့်အသတ်များ ပြုလုပ်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လမ်းမကြီးအား ပိတ်ဆို့ထားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝန်းခြံအတွင်း အခမ်းအနားများ၊အစည်းအဝေးများ၊ အထိမ်းအမှတ်ပွဲများ ပြုလုပ်သည့်အခါတိုင်း မိမိတို့လိုလျှင် လိုသလို မလိုလျှင်မလိုသလို ဖွင့်/ပိတ်လုပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံသော မိတ်ဆွေများအား တွေ့ခွင့်မပေးခြင်း၊ တယ်လီဖုန်းဖြတ်ထားခြင်း၊ ပြည်သူများ သွားသည့် လမ်းမပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တုတ်များ၊ သစ်ကိုင်းများဖြင့်ရိုက်ခြင်း၊ (နောက်ဆက်တွဲ -ဋ) ထိန်းသိမ်းခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရှိရာ ဒေသသို့သွားရောက်ရာတွင် လမ်းခရီးတွင်ပိတ်ဆို့ထားခြင်း၊ တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီတခု၏ လုပ်ပိုင်ခွင့်ဖြစ်သော စည်းရုံးရေး လုပ်ငန်းများ မဆောင်ရွက်နိုင်ရန် တားဆီးပိတ်ပင်ထားခြင်း၊ အနှောက်အယှက်အမျိုးမျိုးပေးခြင်း- စသည့် မတရားမှုအဖုံဖုံကို ယနေ့ထက်တိုင် လုပ်ဆောင်လျက်ပင်ရှိနေပေသည်။ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြားခေါင်းဆောင်များ၏ သွားလာ လှုပ်ရှားခွင့်များကိုလည်း ကန့်သတ်ပိတ်ပင်ထားပါသည်။

အာဏာပိုင်များ၏ မတရားမှုများအပေါ် တရားစွဲဆိုခြင်းကိစ္စများ

သက်ဆိုင်ရာ နယ်မြေထောက်လှမ်းရေးအဖွဲ့များသည် ရာဇဝတ်ဥပဒေများကိုလည်းကောင်း အထူးဥပဒေ၊ နည်းဥပဒေများ ကိုလည်းကောင်း ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်ပြည်နယ်/တိုင်း၊ မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ဝင်များ၏ နေအိမ်များသို့ ညအချိန်မတော် ဝင်ရောက်ရှာဖွေခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ရိုက်နှက် ကန်ကျောက် ထိုးကြိတ်နှိပ်စက်ခြင်း၊ လူမဆန်စွာပြု ကျင့်ခြင်း-စသည့်အမှုမျိုးစုံကို ကျူးလွန်ကြပေသည်။ (နောက်ဆက်တွဲ စ၊ ဇ၊ ဋ၊ ဌ၊ ဎ၊ ဏ၊ တ) ဤသို့အောက်ခြေ ထောက်လှမ်းရေးတပ်ဖွဲ့များ၏ ရာဇဝတ်မှုမြောက်သည့် လူမဆန်သောလုပ်ရပ်များသည် အထက်အဆင့်ဆင့်သော အဖွဲ့များ၏ ညွှန်ကြားချက်တစုံတရာမရှိပဲနှင့် နိုင်ငံတဝှမ်းတပြေးညီစွာ လုပ်ဆောင်နိုင်ခြင်း မရှိနိုင်ချေ။ အမိန့်ညွှန်ကြားချက်တို့ဖြင့်သာ လုပ်ဆောင်နိုင်မည်သာဖြစ်ပေသည်။ ထိုကဲ့ သို့လုပ်ဆောင်နိုင်ရန် ခွင့်ပြုသည့် တာဝန်အရှိဆုံးပုဂ္ဂိုလ်မှာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ညွှန် ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်သာလျှင် ဖြစ်ပေသည်။ ထို့ကြောင့် အထက်ပါ ထောက်လှမ်းရေး အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအပေါ် တာဝန်ရှိသည့် အမျိုးသားထောက်လှမ်းရေးအဖွဲ့၊ ညွှန်ကြားရေးမှူးအား ဥပဒေနှင့်အညီ အရေးယူပေးပါရန် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေက တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ပေသည်။

ထို့အပြင် (၁၉၉ဝ) ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဥပဒေတွင် မပါရှိသည့် “အယုံအကြည် မရှိကြောင်း၊ လုံးဝမထောက်ခံတော့ကြောင်း” အသုံးအနှုန်းများကို သက် ဆိုင်ရာ မဲဆန္ဒနယ်မြေဒေသများတွင် လူတစုက အော်ဟစ်နေသည်ကို နေ့စဉ်ထုတ် သတင်းစာများ တွင်လည်းကောင်း၊ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များ တွင်လည်းကောင်း ဖော်ပြပြီး အဆိုပါ တရားဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကိုချရန် ကြိုးစားခဲ့သည်။ ထိုကဲ့သို့တရားဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာချသည့်လုပ်ရပ်များနှင့် ပတ်သက်တာဝန်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြည်အောင်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေးတို့ အပါအဝင် အခြားပတ်သက်နေသူများဖြစ်သည့် ရန်ကုန်တိုင်း သုံးခွမြို့နယ် မန္တလေးတိုင်းတောင်သာမြို့နယ်၊ မွန်ပြည်နယ် မော်လòမင်မြို့နယ်များမှ ကြံ့ဖွတ်အဖွဲ့ဝင်အချို့နှင့် အခြားသောပုဂ္ဂိုလ်တို့အပေါ် ပုဂ္ဂိုလ်ရေး အရ သိက္ခာချရန်အတွက် အာဏာကို အလွဲအသုံးချ၍ အများပြည်သူအား ခြိမ်းခြောက်ခိုင်းစေရာတွင် ပူးပေါင်းကြံစည် ကူညီသူများအဖြစ် ဥပဒေအရ အရေးယူပေးပါရန် ကာယကံရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးလွင်၊ ဦးသန်းထွန်း၊ ဦးလွန်းတင်တို့မှ တရားရုံးချုပ်သို့ဦးတိုက် လျှောက်ထားခဲ့ပါသည်။

ထိုကဲ့သို့တရားရုံးချုပ်သို့ဦးတိုက်လျှောက်ထားသောအမှုများအား တရားရုံးချုပ် တရား သူကြီး ဦးတင်အောင်အေးက (၂၉၊ ၁၁၊ ၉၉)ရက်နေ့တွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ(၂ဝ၃)ဖြင့် အမှု (၄)မှုစလုံးကို ပလပ်ခဲ့သည်။ သို့အတွက် ပြစ်မှုဆိုင်ရာအထွေထွေလျှောက်ထားမှု (အထူးအယူခံ) အမှတ်(၁/၂ဝဝဝ)၊ (၂/၂ဝဝဝ)၊ (၃/၂ဝဝဝ)၊ (၄/၂ဝဝဝ)တို့ဖြင့် ရန်ကုန်မြို့တရားရုံးချုပ်သို့အထူး အယူခံခွင့်တောင်းခဲ့ရာ (၂၂-၂-၂ဝဝဝ)ရက်နေ့တွင် အထူးအယူခံခွင့် ပြုရန်သင့်/မသင့်အတွက် လျှောက်လဲချက် ပေးချေရပြီး ထိုနေ့နောက်ပိုင်းမှစ၍ အမှုအား ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းထား လိုက်သည်။ နိုင်ငံတော်၏ အမြင့်ဆုံးစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးချုပ်သည် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းတို့ အပေါ်တွင် အခြေခံရပေမည်။ တရားစီရင်ဆုံးဖြတ်မှုအပေါ်တွင် လူတဦး၊ တဖွဲ့၊ တသင်းက ကြီးစိုးခြယ်လှယ်ခြင်း မရှိသင့်ချေ။ ဥပဒေအရ မှန်ကန်စွာဆောင်ရွက်ခြင်းမရှိပဲ အာဏာရှင်တို့အလိုကျ လိုက်ပါဆောင်ရွက်ခြင်းသည် မိမိတို့ကိုယ်တိုင် မတရားမှုကျူးလွန်ခြင်းပင်ဖြစ်သည်။ စစ်ဥပဒေခေါ် မာရှယ်လော ထုတ်ထားသည့်အချိန်တွင်ပင် သာမန်ဥပဒေ၊ သာမန်တရားရုံးများ၏ အာဏာသည် မာရှယ်လောကို လွှမ်းမိုးထားပေသည်။ မာရှယ်လောအခွင့်အရေးကိုယူ၍ မတရားအားဖြင့် သော်လည်းကောင်း၊ နည်းလမ်းမကျနစွာသော်လည်းကောင်း ပြုမူသော အာဏာပိုင်များကိုပင် သာမန် ဥပဒေတရားရုံးတွင် တရားစွဲဆိုအပြစ်ပေးနိုင်သည်။ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေခြင်း၏ပြယုဂ် မှာ နိုင်ငံတွင် မတရားမှုများ အထင်အရှားကြီးစိုးနေခြင်းပင်ဖြစ်သည်။ ယနေ့နိုင်ငံတဝှမ်းရှိ အဆင့်ဆင့် သော တရားရုံးများနှင့် တရားရုံးချုပ်တို့သည် အမှုများကိုစီရင်ဆုံးဖြတ်ရာတွင် အာဏာပိုင်တို့၏ မတရားခိုင်းစေသမျှ လိုက်ပါဆောင်ရွက်နေရသော လက်ကိုင်တုတ်များသဖွယ် ဖြစ်နေပါက ရာဇဝတ်မှုများကို ကိုယ်တိုင်ကိုင်ကျ ကျုးလွန်နေခြင်းဖြစ်သည်ကို သတိချပ်သင့်ပါသည်။

ပြည်သူလူထု၏ဆန္ဒများအား မျက်ကွယ်ပြုသောကိုယ်စားလှယ်များ

ပြည်သူတို့အပေါ်သစ္စာဖေါက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူတို့ လိုချင်တောင့်တနေသော အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝအာမခံသည့် စစ်မှန်သောဒီမိုက ရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် အသက်ပေးဆပ်၍လည်းကောင်း၊ နှစ်ရှည်ထောင်ဒဏ်များ ကျခံခြင်းဖြင့်လည်းကောင်း၊ မိသားစုဘဝအပျက်ခံ၊ စီးပွါးအပျက်ခံ၍လည်းကောင်း မဆုတ်မနစ်သော ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စစ်အာဏာရှင်တို့၏မတရားလုပ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်၍ ကြိုးပမ်းနေ ကြပါသည်။ ဤအချိန်တွင်အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့သည်ကား ရွေးကောက်ပွဲ တွင် ပြည်သူတို့အားပေးထားသော မိမိတို့ကတိကဝတ်များကို မျက်ကွယ်ပြု၍ မိမိတို့ကိုယ်ကျိုး တခု တည်းကိုသာကြည့်ပြီး အာဏာပိုင်တို့၏ လက်ကိုင်တုတ်နောက်လိုက်အဖြစ် ခံယူလိုက်ကြပေသည်။ အခြားကိုယ်စားလှယ်များကိုလည်း ၄င်းတို့၏ ပြည်သူအပေါ်သစ္စာမဲ့သော လုပ်ဆောင်ချက်များအား ထောက်ခံရန် လိုက်လံ၍ ပြောဆိုစည်းရုံးကြပေသည်။ ထိုသို့သောလုပ်ရပ်သည် ဒီမိုကရေစီရရှိရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းရင်းဖြင့် အသက်၊ သွေး၊ ချွေးပေးဆပ်ခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားများကိုလည်းကောင်း၊ (၁၉၈၈)ခုနှစ်ဒီမိုကရေစီအရေးတော်ပုံတွင် အသက်ပေးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့ကိုလည်းကောင်း၊ စစ်အာဏာရှင်အစိုးရအောက်နင်းပြား ဘဝမှလွတ်မြောက်ရန် မျှော်လင့်ချက်ကြီးစွာဖြင့် ထောက်ခံမဲပေးလိုက်သော ပြည်သူလူထုကို လည်းကောင်း သစ္စာမဲ့စွာဖြင့်စော်ကားလိုက်ခြင်းပင် ဖြစ်ပေသည်။

ကိုယ်ကျိုးရှာအချောင်သမားများ၏ ဆွဲဆောင်သိမ်းသွင်းမှုအား အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ လက်ခံခဲ့ခြင်းမရှိသကဲ့သို့အဖွဲ့ဝင် ထုနှင့်ပြည်သူကလည်း လက်ခံခဲ့ခြင်းမရှိချေ။ ကိုယ်ကျိုးရှာလိုသူလူတစုမှာသာ အာဏာရှင်တို့၏ အခိုင်းခံဘဝသို့ရောက်နေရသည်မှာ လက်တွေ့ပင်ဖြစ်ပေသည်။ မိမိတို့ကိုယ်ကျိုးတခုတည်းကြည့်ကာ အတုယောင် ဒီမိုကရေစီစနစ်ကိုဖေါ်ထုတ်ရန်ဆောင်ရွက်နေသည့် ထောက်လှမ်းရေးအဖွဲ့များနှင့် ပူး ပေါင်းသော ကိုယ်စားလှယ်များသည် ပြည်သူလူထုထောက်ခံမှုရရှိထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆက်လက်ကိုယ်စားပြုနိုင်ခြင်းမရှိပါ။ အဖွဲ့ချုပ်အတွင်းတွင်သော်လည်းကောင်း၊ ပြည်သူ လူထု၏ နယ်ပယ်တွင်လည်းကောင်း လုံးဝမရှိသင့်မရှိထိုက်သည်ဖြစ်သည့်အပြင် အဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ စီစစ်ရွေးချယ်စဉ်ကာလက ချမှတ်ထားသော မပါဝင်သင့်သော အမျိုးအစားဖြစ်သည့်-
၁) ဒီမိုကရေစီနှင့် အဖွဲ့ချူပ်ခေါင်းဆောင်မှုကို ဆန့်ကျင်၍ တိုက်ပွဲကိုစွန့်ခွာသွားနိုင်သူများ။
၂) ဆန့်ကျင်ဖက် အဖွဲ့အစည်းများက အခွင့်အရေးနှင့်ငွေကြေးကို ပေးကမ်းခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားအဖြစ်မှ နှုတ်ထွက်သွားနိုင်သည့် အလားလာရှိသူများ စာရင်းတွင်ပါဝင်နေကြပေသည်။
ဤကဲ့သို့သောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လုံးဝ ကိုယ်စား မပြုတော့ကြောင်းကို အဖွဲ့ချုပ်ကတရားဝင်ကြေညာထုတ်ပြန်ခဲ့သည်။(နောက်ဆက်တွဲ-ဖ) ပြည်သူအပေါ် သစ္စာဖေါက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးကောက်ပွဲမကျင်းပမီ ပြည်သူလူထုအားပေးခဲ့သော ကတိကဝတ်များနှင့် အခြားပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များက ပြည်သူအားပေးခဲ့သောကတိပြုချက်များကို (နောက်ဆက်တွဲ-န)တွင် ဖေါ်ပြထားပါသည်။

အဖွဲ့ချုပ်ဥက္ကဌဦးအောင်ရွေမှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ပေးပို့သောစာများ

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေသည် ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေးကိုဆောင်ရွက်ပေးရန် အတွက်လည်းကောင်း၊ တွေ့ဆုံဆွေးနွေးရေးအတွက်လည်းကောင်း၊ အာဏာပိုင်များမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအပေါ် မတရားချုပ်နှောင်ဖမ်းဆီးမှုမျိုးစုံ၊ အဖွဲ့ချုပ်အပေါ်တွင် ဥပဒေမဲ့မတရား လုပ်ဆောင်မှုများနှင့် ပြည်သူလူထုကြီးအား နည်းမျိုးစုံဖြင့် မတရားညှဉ်းပန်းနှိပ်စက်မှုများကို ကန့်ကွက်သောအားဖြင့်လည်းကောင်း အာဏာပိုင်တို့၏ အချုပ်အမှူးဖြစ်သော နဝတနှင့်နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံသို့တရားသောအားဖြင့် အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသောစာများကို ပေး ပို့ခဲ့ပါသည်။ သို့သော် တာဝန်ရှိ နဝတ/နအဖအစိုးရတို့က အဖွဲ့ချုပ်ဥက္ကဋ္ဌဦးအောင်ရွှေ ပေးပို့သော စာပါအကြောင်းအရာများနှင့်ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိ၊ စုံစမ်းစစ်ဆေးခြင်း တားဆီးခြင်း အရေးယူခြင်းမရှိသည့်အပြင် မတရားသောလုပ်ဆောင်မှုများသည် ရပ်တန့်၍မသွားပဲ ပို၍သာတိုးလာ နေခဲ့သည်။ တာဝန်ရှိသူများက မတရားမှုများကိုလျစ်လျူရှုနေသည်မှာ မတရားလုပ်ဆောင်မှုများနှင့် ဥပဒေချိုးဖေါက်မှုများအား ထောက်ခံအားပေးရာရောက်ပြီး၊ မတရားလုပ်ဆောင်မှုများမှ ဖြစ်ပေါ် လာသမျှ အကျိုးဆက်များသည် မိမိတို့အပေါ်တွင် သက်ရောက်မည်သာဖြစ်ပေသည်။ အာဏာပိုင်တို့ ကမည်သို့ပင် လျစ်လျူရှုထားစေကာမူ အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ပေးပို့သောစာပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန်များဖြစ်ပြီး တိကျခိုင်လုံသဖြင့် ပျောက်ပျက်သွားမည်မဟုတ်ချေ။ ဖျောက်ဖျက်ပစ်၍လည်း ရမည်မဟုတ်ပေ။ ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများတွင်လည်းကောင်း ပြည်သူ့လွှတ်တော်မှတ် တမ်းဌာနများတွင်လည်းကောင်း၊ ပြည်သူတို့၏ ရင်ထဲအသဲထဲတွင်လည်းကောင်း မှတ်သားလောက် ဖွယ်ရာ အာဏာပိုင်တို့၏ မတရားမှုများအဖြစ် တည်ရှိ နေမည်သာဖြစ်ပေသည်။ (နောက်ဆက်တွဲ-ည-ဋ-ဌ-ဍ-ဎ-ဏ-တ)

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်များ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ တိုင်းရင်းသား နိုင်ငံရေးပါတီ (၄)ပါတီတို့နှင့် လက်တွဲလျက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၅၁)ဦးတို့က လွှဲအပ်ပေးထားသော လုပ်ပိုင်ခွင့်များအရ တရားဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည်။ ယင်းသို့ဖွဲ့စည်းပြီး နောက် ဤကော်မတီသည် ခေတ်နှင့်မဆီလျော်သော ပြည်သူတို့၏အကျိုးနှင့် ဆန့်ကျင်သော ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်သကဲ့သို့ လက်ရှိ အာဏာပိုင်များ၏ တရားလက်လွတ် ပြုမှုဆောင်ရွက်နေမှုများကို မြန်မာနှင့်ကမ္ဘာက သိရန်တင်ပြခြင်း-စသောတာဝန်ဝတ္တရားများကို ဆောင်ရွက်လျက်ရှိပြီး ယင်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ပါသည်။ ဤကော် မတီ၏ ကြေညာချက်များကို ဖတ်ရှုလေ့လာလျှင် စစ်မှန်သောဒီမိုကရေစီ လွှတ်တော် တရပ်အနေဖြင့် ဥပဒေပြုရေးတာဝန်များကို နိုင်ငံ၏အကျိုးနှင့်လည်းကောင်း၊ အခြေခံလူ့အခွင့်အရေး များနှင့်လည်းကောင်း ကိုက်ညီစွာ မည်သို့ဆောင်ရွက်မည်ကို သိမြင်နိုင်ပါသည်။ ထို့အပြင် ပြည်သူအပေါ်သစ္စာထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် မည်ကဲ့သို့သော အကြပ်အတည်းများကြားမှ ရပ် တည်နေကြသည်ကိုလည်း သိရှိနိုင်ပါမည်။ (နောက်ဆက်တွဲ - ဂ- ဃ- င-စ -ဆ-ဇ)

No comments:

Post a Comment