ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်ရလဒ် - နိုင်ငံရေးခေါင်းဆောင်တဦး

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။
(၁၉၆၂)ခုနှစ် မတ်လ(၂)ရက်နေ့က တပ်မတော်သည် နိုင်ငံပြိုကွဲတော့မည်ဖြစ်၍ ထိန်းသိမ်းလိုက်ရကြောင်း ကြေညာကာ ဆိုရှယ်လစ်အလံထူပြီး စစ်အသွင်ဖြင့် အာဏာကိုရယူခဲ့သည်။ အာဏာရယူစဉ် ပထစ(ပြည်ထောင်စုအစိုးရ) နိုင်ငံရေး အစိုးရထံမှ ရွှေ ကျပ်သိန်း(၈ဝဝ)၊ နိုင်ငံခြားငွေ ကျပ်သိန်း (၇၄၁ဝ)၊ စုစုပေါင်း နိုင်ငံခြားသုံးငွေ၊ ရွှေ၊ ငွေတန်ဖိုး ကျပ်သိန်း(၈၂၁ဝ) နှင့် ပြည်ထောင်စုဘဏ် လက် ဝယ်ရှိ ရွှေတန်ဖိုး ကျပ်(၃၉၈၃၆၂၆၈၄) လွှဲပြောင်းယူခဲ့သည်။

ထို့အပြင် ဘဏ်လုပ်ငန်းများ၊ အချို့စက်မှုလုပ်ငန်းနှင့် ငရုပ်၊ ကြက်သွန်၊ နနွင်းမှုန့်ကအစ ကုန်သွယ်ရေး လုပ်ငန်းများ၊ ရုပ်ရှင်၊ ရုပ်စုံ၊ သတင်းစာတိုက်စသော မီဒီယာလုပ်ငန်းများ၊ ပုဂ္ဂလိက ကျောင်းများ၊ ဆေးရုံများကို သိမ်းယူခဲ့သည်။ ငွေစက္ကူများကို တရားမဝင် ကြေညာကာ သုံးကြိမ်တိုင်တိုင် သိမ်းယူခဲ့သည်။

အဆင်းရဲဆုံးနိုင်ငံ
ယင်းသို့ပါလီမန်ဒီမိုကရေစီအစိုးရ၏ လက်ကျန်ငွေကြေးများ၊ လုပ်ငန်းရှင်များထံမှ သိမ်းယူရရှိသော အရင်းနှီးများဖြင့် လုပ်ဆောင်ခဲ့ရာ ဒုတိယကမ္ဘာစစ်မဖြစ်မီနှင့် စစ်ပြီးခေတ်ကာလများ၌ အရှေ့ တောင်အာရှနိုင်ငံများတွင် ထိပ်တန်းနေရာတွင်ရှိခဲ့သောမြန်မာနိုင်ငံသည် (၁၉၈၇)ခုနှစ် ဒီဇင်္ဘာလ(၁၁) ရက်နေ့တွင် ဖွံ့ဖြိုးမှုအနည်းဆုံး (ဆင်းရဲသောနိုင်ငံ)အဖြစ် ကုလသမဂ္ဂ(၄၂)ကြိမ်မြောက် အစည်းအဝေးတွင် လိုင်စင်ရရှိ ရပ်တည်ခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲများ
ကျောင်းသားများနှင့် ရဟန်းရှင်လူပြည်သူတို့သည် စစ်အာဏာစိုးမိုးမှုကို အောက်ပါအတိုင်း ဆန့်ကျင် တွန်းလှန်ခဲ့ကြသည်။

(၁၉၆၂)ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ (ဆဲဗင်းဂျူလိုင်)မှစ၍ တက္ကသိုလ်ကျောင်းသားများ၏ စစ် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီတိုက်ပွဲတွင် ကျောင်းသားတို့ သွေးမြေကျ၍ ကျောင်းသား မြောက်များစွာ သေဆုံးခဲ့ရသည်။ နိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီတိုက်ပွဲတွင် သမိုင်းအမှတ်အသားဖြစ်သော တက္ကသိုလ်သမဂ္ဂ အဆောက်အဦကို မိုင်းခွဲ လက်စတုံး ဖြိုဖျက်ခဲ့သည်။ ဆဲဗင်းဂျူလိုင် အဖြစ်အပျက်သည် အာဏာရှင်အုပ်စိုးမှုကို ကျောင်းသားတို့က တပ်ဦးမှ သွေးမြေကျ တိုက်ပွဲဝင်ခဲ့သော သမိုင်းမှတ်တိုင်ဖြစ်သည်။ နောက်ပိုင်းတွင်လည်း ပြည်သူတို့သည် စစ်အာဏာရှင် အုပ်စိုးမှုဆန့်ကျင်ရေးအတွက် အခွင့်သာတိုင်း လှုပ်ရှားတိုက်ပွဲဝင်ခဲ့သည်။

ဒီမိုကရေစီတိုက်ပွဲများ
• (၁၉၆၉)ခုနှစ် ပဉ္စမအကြိမ် အရှေ့တောင်အာရှ ကျွန်းစွယ် အားကစားပွဲ - စစ်အာဏာဆန့် ကျင်ရေး၊ ဒီမိုကရေစီလှုပ်ရှားမှု။
• (၁၉၇ဝ) ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်အစည်းအဝေး။
• (၁၉၇၄) ဇွန်လ အလုပ်သမားအရေးအခင်း။
• (၁၉၇၄) ဦးသန့်ဈာပန အရေးအခင်း။
• (၁၉၇၆) သခင်ကိုယ်တော်မှိုင်း ရာပြည့် အရေးအခင်း။ (ယင်းတိုက်ပွဲတွင် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး(ချင်းအမျိုးသား) ကြိုးပေးကွပ်မျက်ခံရသည်။
• (၁၉၇၈)ခုနှစ် ငွေစက္ကူများသိမ်းယူခဲ့ရာမှစ၍ ကျောင်းသားတို့၏လှုပ်ရှားမှု (၁၉၈၈)ခုနှစ် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခဲ့ရခြင်းဖြင့် ကြီးထွားလာခဲ့သည်။

စေ့စပ်မဖြေရှင်း၊ အကြမ်းဖက်နှိပ်စက်
ထိုစဉ်က မဆလတပါတီအစိုးရသည် နိုင်ငံရေးအမြင်ဖြင့် ပြည်သူတို့နှင့် စေ့စပ်ဖြေရှင်းရမည့် အစား အကြမ်းဖက် သေနတ်ကျည်ဆံများဖြင့်နှိပ်ကွပ်ခဲ့သည်။ ယင်းသို့ပြည်သူတို့၏ဆန္ဒများကို အဓမ္မ လက်နက်နှင့်နှိပ်ကွပ်ခြင်းကြောင့် အေးငြိမ်းမသွားပဲ ရဟန်းသံဃာများ၊ အဆင့်အားလုံးရှိ ကျောင်းသား များ၊ စာပေသမား၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ပန်းချီပန်းပု အနုပညာ၊ တေးဂီတပညာရှင်များ၊ မြို့နေလူတန်းစား အလွှာပေါင်းစုံတို့ ဒီမိုကရေစီတိုက်ပွဲအတွင်း ပါဝင်လာကာ တခဲနက်သော လူထုအုံကြွမှုကြီး ပေါ်ပေါက်လာသည်။

ဧရာမ အရေးတော်ပုံ
ဒီမိုကရေစီလှုပ်ရှားမှုသည် မြို့နယ်နိမိတ်များကိုကျော်လွန်၍ ကျေးရွာတောရွာ တောင်သူ လယ်သမားများအထိ ပြန့်နှံ့ကာ တပြည်လုံးအတိုင်းအတာဖြင့် ဧရာမအရေးတော်ပုံကြီး ဖြစ်ပွားလာသည်။ လမ်းစဉ်ပါတီ၏ပါတီ ဌာနချုပ်ရုံးမှစ၍ ပါတီယူနစ်များ၊ အခြေခံကလပ်စည်းဝင်ပါတီများထိ ဆန္ဒပြပွဲတွင်ပါဝင်လာသည်။ နိုင်ငံတော်ကောင်စီရုံးဝန်ထမ်းများ၊ ပြည်သူ့လွှတ်တော်ရုံးဝန်ထမ်းများ၊ တရား ရုံးချုပ်ဝန်ထမ်းများ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဘုတ်ကော်ပိုရေးရှင်း၊ အစိုးရဌာနမှ ဝန်ထမ်းများ ဆန္ဒပြသပိတ်များအတွင်း ပူးပေါင်းပါဝင်လာသည်။ အစိုးရသတင်းစာတိုက်များမှ အယ်ဒီတာများ၊ သတင်း ထောက်များ၊ ဝန်ထမ်းများ၊ ဒီမိုကရေစီတိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။ မန္တလေးတိုင်း ပြည်သူ့ ကောင်စီဝင် အားလုံး သပိတ်ကို ထောက်ခံကြောင်း ကြေညာသည်။

တပ်မတော်သားတို့ပါဝင်
အချို့တပ်မတော်သားများပင် မိခင်တပ်ကိုစွန့်ခွာကာ ဆန္ဒပြပြည်သူတို့နှင့် ပူးပေါင်းပါဝင်လာသည်။ ထို့ကြောင့် တပါတီစနစ်သည် ပါတီရော စနစ်ပါ ကျဆုံးသွားသည်။ တပါတီ၏ အရံအင်အားစု များဖြစ်သော တောင်သူ လယ်သမား အစည်းအရုံး၊ အလုပ်သမားအစည်းအရုံး၊ လမ်းစဉ်လူငယ် အဆင့် ဆင့်အဖွဲ့အစည်းများ၊ စာပေလုပ်သားအဖွဲ့၊ ရုပ်ရှင်နှင့် တေးဂီတသဘင်အဖွဲ့များ လုံးဝကျဆုံး ပျက်ပြားသွားသည်။ အစိုးရယန္တယားကြီးတရပ်လုံး ရပ်ဆိုင်းသွားသည်။

တိုက်ပွဲ ကြီးထွားလာ
ဒီမိုကရေစီဆန္ဒပြပွဲများသည် မူလက ရပ်ကွက်လိုက်၊ လမ်းလိုက်၊ ပြောက်ကျားအသွင် လှုပ်ရှားခဲ့ရာမှ တစတစကျယ်ပြန့်ကြီးထွားလာခြင်းဖြစ်သည်။ လူထုဆန္ဒပြပွဲများကြောင့် သြဂုတ်လ တလအတွင်း အစိုးရအဖွဲ့ခေါင်းဆောင် (၃)ဦး ပြောင်းလဲခဲ့ရသည်။ အစိုးရအဖွဲ့(၃)ဖွဲ့ပြောင်းခဲ့သည်။
(၁၉၈၈)ခုနှစ် သြဂုတ်လ (၂၂)၇က်နေ့တွင် ရန်ကုန်ပြည့်သူ့ဆေးရုံကြီးအတွင်း ကျောင်းသား လူငယ်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ သတင်းစာဆရာများ၊ စာပေအနုပညာရှင် စာရေးဆရာများ၊ ရုပ်ရှင်တေးဂီတသမားများ၊ အလုပ်သမားများ၊ ဝန်ထမ်းများသည် စုရုံးဆန္ဒပြခဲ့ကြသည်။ ထိုစဉ်က စစ်အုပ်ချုပ်ရေး မာရှယ်လောကို အန်တုကာ ဆန္ဒပြလူထုသည် ဆေးရုံဝန်းအတွင်းမှ ထွက်ကာ ကျုံးကြီးလမ်း၊ မဟာဗန္ခုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့တွင် တနေ့လုံး ဇွဲနဘဲဖြင့် ဆန္ဒပြကြသည်။
(၁၉၈၈)ခုနှစ်သြဂုတ်လ(၂၃)ရက်နေ့တွင်လည်း ပိုမိုကြီးထွားလာသော ဆန္ဒပြလူထုကြီးသည် ဆေးရုံဝန်းအတွင်း ဆက်လက်ဆန္ဒပြကြသည်။ ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားကြသော ကျောင်းသားလူငယ်များ၊ ဆရာဝန်များ၊ ရှေ့နေရှေ့ရပ်များ၊ သတင်းစာဆရာ၊ စာရေးဆရာများ၊ အနုပ ညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များသည် မြို့နယ်အလိုက် ဒေသအလိုက် ဆန္ဒပြပွဲများမှသည် ပိုမို ကျယ်ပြန့်သော ပြည်လုံးကျွတ်အသွင်ဆောင်သော လူထုဆန္ဒပြပွဲကြီး ကျင်းပရန် လိုအပ်ပြီဟု ဆုံးဖြတ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပွဲဦးထွက်
(၁၉၈၈)သြဂုတ်လ(၂၄)ရက်(၁ဝ)နာရီခန့်တွင် ဆေးရုံကြီးဆန္ဒပြပွဲသို့ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာကာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကိုယ်တိုင်ပါဝင်လာသည်။ ဒေါ်အောင်ဆန်းစုကြည်က ‘စည်းကမ်းရှိရှိဖြင့်ဆန္ဒပြဖို့၊ တည်တံ့ ခိုင်မြဲတဲ့ ပြည်ထောင်စုကြီးကို လိုချင်လျှင် ညီညွတ်ပြီး စည်းကမ်းရှိရမည်။ ပြည်သူလူထုရဲ့စွမ်းအားကို အမှန်တရားနဲ့ ထိမ်းထားဖို့ မိမိတိုတိုပဲ ပြောလိုကြောင်း သောကြာနေ့မှာ အကျယ်တဝင့်ပြောဖို့စီစဉ်ထားကြောင်း’ ပြောကြားသည်။
ယင်းသည် ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီအရေးတော်ပုံအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာပြီး ပထမဆုံးလူထုအား ပြောကြားသောမိန့်ခွန်းဖြစ်သည်။ ထိုနေ့ သြဂုတ်လ (၂၄)ရက်နေ့ (၁၂) နာရီတွင် ဒေါက်တာ မောင်မောင် အစိုးရက စစ်အုပ်ချုပ်ရေးရုတ်သိမ်းကြောင်း ကြေညာခဲ့သည်။

တခဲနက် လူထုဆန္ဒပြပွဲကြီး
(၁၉၈၈)သြဂုတ် (၂၆)ရက်နေ့တွင် ရွှေတိဂုံစေတီတော်အနောက်မုခ် ကွက်လပ်ကျယ်ကြီးတွင် လူထုဆန္ဒပြပွဲကြီးကို ကျင်းပသည်။ နံနက်မိုးလင်းချိန်မှစ၍ မြို့နယ်၊ ရပ်ကွက်ပြည်သူများ၊ ကျောင်းသား လူငယ်များ၊ သတင်းစာဆရာ၊ ရုပ်ရှင်တေးဂီတ ပညာရှင်များ၊ ဆရာဝန်များ၊ ဆရာမများ၊ ရှေ့နေများ၊ သပိတ်မှောက်လုပ်သားများ၊ ဝန်ထမ်းများ၊ အစိုးရဌာနအသီးသီးတို့မှ သပိတ်မှောက်ဝန်ထမ်းများ- စသည်ဖြင့် လူထုငါးသိန်းကျော်တို့ တက်ရောက်ကြသည်။

တဦးတည်းခေါင်းဆောင်
ထူးခြားချက်မှာ ထိုအစည်းအဝေးကြီးတွင် နိုင်ငံရေးခေါင်းဆောင်များနှင့် ယခင်ပါတီအသီးသီးမှ နိုင်ငံရေး သမားများ ရောက်လာကြသော်လည်း လူထုအစည်းအဝေးဆင်မြင့်ပေါ်သို့မည်သူတဦး တယောက်မှ တက်ရောက်ခြင်း မပြုရခြင်းဖြစ်သည်။ အလားတူပင် ကျောင်းသားလူငယ်၊ စာပေအနု ပညာရှင်များ၊ ရှေ့နေများသည်လည်း တက်ရောက်ခြင်းမရှိပဲ ကျင်းပရေးကော်မတီမှ အခမ်းအနားမှူး တဦးသာဆောင်ရွက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာဟောပြောရန် နိုင်ငံရေးခေါင်းဆောင် များ၊ ရှေ့နေများ၊ သတင်းစာဆရာများ၊ စာရေးဆရာများက ဆုံးဖြတ်ကြခြင်းဖြစ်သည်။

ဒီမိုကရေစီအခေါင်းဆောင်
ယင်းဖြစ်ရပ်သည်ကား (၁၉၈၈)ခု ဒီမိုကရေစီအရေးတော်ပုံကြီး၏ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အား တညီတညွတ်တည်းရွေး၍ သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။ (၁၉၈၈)ခု အမျိုးသားရေးတောင်းဆိုချက်၊ အမျိုးသားရေးလုပ်ငန်းသည် ဒီမိုကရေစီအရေးဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီခေါင်းဆေင်အဖြစ် ရွေးချယ်သတ်မှတ်လိုက်ခြင်းသည် ဒီမိုကရေစီခေါင်းဆောင် အဖြစ်နှင့်တပါတည်း အမျိုးသားခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ခြင်းလည်ဖြစ်၏။

မြန်မာ့သမိုင်းအစဉ်အလာ
ယင်းသည် မြန်မာ့သမိုင်းအစဉ်အလာနှင့်လည်း ညီညွတ်သည်ဟုဆိုရမည်ဖြစ်၏။ ရှေးကပင် မြန်မာတို့သည် ခေါင်းဆောင်(သူရဲကောင်း)ကို ယုံကြည်အားထားပြီး၊ မိမိတို့ယုံကြည်သော ခေါင်း ဆောင်၏အမိန့်ကို နာခံ၍ နိုင်ငံကို ထူထောင်ကြ၏။
အင်းဝ၊ ပင်းယ ပျက်ပြီးနောက် အကွဲကွဲဖြစ်နေသောနိုင်ငံကို ဘုရင့်နောင်အား ခေါင်းဆောင် တင်ကာ နိုင်ငံကို ထူထောင်ခဲ့ကြသည်။ ကုန်းဘောင်ခေတ်တွင် ဦးအောင်ဇေယျကို ခေါင်းဆောင်တင် ကာ နိုင်ငံကိုစည်းလုံးစေ၏။ နယ်ချဲ့တို့ သိမ်းပိုက်ပြီးနောက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး လွတ်လပ်ရေးကြိုးပမ်းမှုတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ကို ခေါင်းဆောင်တင်ကာ မြန်မာ့လွတ်လပ်ရေးကို အရယူခဲ့၏။
စစ်ဝါဒအစွယ်ယောင်ပြလာသော (၁၉၅၈-၅၉-၆ဝ)တွင် ဦးနုအား ခေါင်းဆောင်တင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးအတွက်ပြည်သူတို့တိုက်ပွဲဝင်ခဲ့သည်။ (၁၉၆ဝ)ရွေးကောက် ပွဲတွင် ပထမအပြတ်အသတ် နိုင်သည်။ သို့သော် ဒီမိုကရေစီတိုက်ပွဲတွင် ဦးနု၏အားနည်းချက်ကြောင့် ဒီမိုကရေစီအရေးနိမ့်ကာ စစ်အာဏာရှင် လွှမ်းမိုးခဲ့ခြင်းဖြစ်၏။

စစ်အာဏာရှင် ဆန့်ကျင်ကြ
(၁၉၉၈)ခု ဒီမိုကရေစီအရေးတော်ပုံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ကာပြည်သူတို့သည်စစ်အာဏာစိုးမိုးမှုဆန့်ကျင်ရေး ဒီမိုကရေစီအရေး တိုက်ပွဲကို ဆင်နွှဲခဲ့ခြင်းဖြစ်၏။ ထိုလူထုစည်းဝေးပွဲကြီးတွင် တဦးတည်း မိန့်ခွန်းပြောသူ ဒေါ်အောင်ဆန်စုကြည်က တပါတီစနစ်ကို ဖျက်သိမ်းပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို လိုလားကြောင်းနှင့် တရားမျှတ သန့်ရှင်းသော ရွေးကောက်ပွဲကြီး အမြန်ကျင်းပပေးဖို့ တောင်းဆိုလိုက်၏။
ထိုလူထုစည်းဝေးပွဲကြီး၌ (၁)မြန်မာနိုင်ငံတဝှမ်းလုံး ကျောင်းသားကျောင်းသူများနှင့် လူထု တရပ်လုံး အဖမ်းခံ၊ သွေးမြေကျခံပြီး တပါတီစနစ်ဖျက်သိမ်းရေးနဲ့ ပါတီစုံဒီမိုကရေစီတည်ဆောက်ရေးကို တခဲနက်ဆန္ဒပြခဲ့ကြပြီးဖြစ်၍ လူထုဆန္ဒခံယူပွဲ မလိုတော့ကြောင်း၊ (၂)တပါတီစနစ်ဖျက်သိမ်းပြီး ပါတီစုံ ဒီမိုကရေစီစနစ်အစားထိုးရန်၊ (၃)ပြည်သူလူထုကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်များကို လွတ်လပ်စွာရွေးချယ်တင်မြှောက်နိုင်ရန်နှင့် တရားမျှတသန့်ရှင်းသော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရေးအတွက် ကြားဖြတ်အစိုးရဖွဲ့စည်းပေးရန် အဆိုများကို တခဲနက်အတည်ပြုလိုက်ကြ၏။

အလံကိုပစ်ချခြင်း
ဒေါ်အောင်ဆန်းစုကြည်အား လူထုအစည်းအဝေးကြီးက ခေါင်းဆောင်မတင်မီ (၁၉၈၈) သြဂုတ်လ (၂၅)ရက် နေ့ညက ရန်ကုန်မြို့ အနော်ရထာလမ်းတွင် အဖြစ်အပျက်တရပ်ဖြစ်ခဲ့၏။ ဖြစ်ပုံမှာ ဟိုင်းလတ်ကားနှင့် မသင်္ကာဖွယ် လူတစုကို အနော်ရထာလမ်းနှင့် (၂၉)လမ်းထောင့်တွင် တွေ့ရှိသဖြင့် ကင်းသမားများက ရပ်တန့်ရှာဖွေရာ ဗိုလ်ကြီးစည်သူ၊ ဗိုလ်ကြီးဉာဏ်လင်းနှင့်ထောက်လှမ်းရေးစစ်သားများကို တွေ့ရ၏။ သူတို့ နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ် ရှုတ်ချထားသော ပိုစတာများကိုတွေ့ ရခြင်းဖြစ်၏။
ပိုစတာများမှာဒေါ်အောင်ဆန်းစုကြည်၏ယောက်ျားသည်ကုလားဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်လျှင် ယင်းကုလားသည် သမတကိုအမှီပြုလျက် ခြယ်လှယ်မည်ဖြစ်ကြောင်း ပိုစတာ ရုပ်ပုံများဖြစ်၏။
ယင်းဖြစ်ရပ်က စစ်အာဏာပိုင်များသည် ဒီမိုကရေစီခေါင်းဆောင် မည်သူလဲ ဆိုသည်ကို တွက်ကိန်းချမှတ်ရာမှ (၂၆)ရက်လူထုအစည်းအဝေးပွဲကြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်တော့မည်ဖြစ်ကြောင်း သိသောအခါ ကြိုတင်၍အပုပ်ချတိုက်ခိုက်ခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားယူသည့်အတွက် တိုက်ခိုက်ခြင်းမဟုတ်၊ နိုင်ငံခြားသားလင်လုပ်ခြင်းကို အားနည်းချက်ဟု တွက်ဆကာ တိုက်ခိုက်ခြင်းဖြစ်၏။
အမှန်မှာကား ဒီမိုကရေစီအရေးတော်ပုံ၏ခေါင်းဆောင်ကို အပုပ်ချတိုက်ခိုက်ခြင်းဖြစ်၏။ စစ်ထုံးနည်းနာ ဥပဒေအရ စစ်မြေပြင်တွင် ဗိုလ်(ခေါင်းဆောင်)ကို ပစ်ချလိုက်ခြင်းဖြစ်၏။
သို့သော် နိုင်ငံတဝှန်းလူထုဆန္ဒပြပွဲကြီးများက ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို ထောက်ခံ အတည်ပြုကြ၏။

အရေးတော်ပုံ အဖျက်လုပ်ငန်းများ
မသမာသူတို့သည် ဒီမိုကရေစီအရေးတော်ပုံ ဖြိုခွင်းရန် နည်းအမျိုးမျိုးကြိုးပမ်းရာ၌ ဂိုဒေါင်ဖေါက်ခြင်း၊ လုယက်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်းစသော ဒီမိုကရေစီဆန့်ကျင်ရေး မင်းမဲ့စရိုက်များကို ပြန့်ပွားစေခဲ့သည်။ ယင်းသို့ရှုတ်ထွေးမှုများဖြစ်လာပြီးနောက် စစ်တပ်ကအာဏာသိမ်းလိုက်သည်။

ရာထောင်ချီသေရ
(၁၉၈၈)မတ်လမှစ၍ အာဏာပိုင်များသည် ဒီမိုကရေစီဆန္ဒပြကျောင်သားလူငယ်၊ ရဟန်းရှင် လူ၊ ပြည်သူတို့အား သေနတ်ဖြင့်ပစ်ခတ်နှိမ်နှင်းခဲ့၏။ (၁၉၈၈)စက်တင်္ဘာလ(၁၈)ရက်နေ့နှင့် နောက်ပိုင်း ရက်များတွင်လည်း ဒီမိုကရေစီ ဆန္ဒပြသူတို့အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ထောင်နှင့်ချီသော ဆန္ဒပြလူငယ်ကျောင်းသားများ သေဆုံးခဲ့ရ၏။
ဒီမိုကရေစီအရေးတော်ပုံကြီးကို ဖြိုခွင်းနှိပ်ကွပ်ကာ အာဏာသိမ်းပိုက်ခဲ့သော စစ်အာဏာပိုင်တို့၏ ရည်ရွယ်ချက်မှာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ထူထောင်ပေးမည့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။

ဥပဒေပြဌာန်းခဲ့
ပါတီစုံထူထောင်ရေးဥပဒေများ၊ ရွေးကောက်ပွဲကျင်းပရေးဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သည်။ နဝတ/နအဖက ရွေးကောက်ပွဲဥပဒေမူကြမ်းကို ထိုစဉ်ကနိုင်ငံရေးပါတီများထံ ပေးပို့ခဲ့ပြီး အကြံများ တောင်းခဲ့သည်။ ပါတီများစွာတို့က ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ခေါ်ယူဖွဲ့စည်းရသည့် အချိန် ကာလကို (၄၅)ရက်/ရက်(၆ဝ)စသည်ဖြင့် တိတိကျကျ တင်ပြတောင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော (၁၉၄၇/၁၉၇၄) ဖွဲ့စည်းပုံဥပဒေများတွင် ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော် ခေါ်ယူရမည့် အချိန်ကာလကို အတိအကျသတ်မှတ်ထား၏။ နိုင်ငံတကာဖွဲ့စည်းပုံ ဥပဒေများတွင်လည်း ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပေါင်းမည်မျှအတွင်း လွှတ်တော်ခေါ်ယူရမည်ကို အတိအကျသတ်မှတ်ချက်ရှိ၏။ ဤသည်မှာ ထုံးတမ်း တရပ်ဖြစ်သည်။ သို့သော် နဝတ/နအဖ၏ ရွေး ကောက်ပွဲဥပဒေ ထွက်လာသောအခါ ထိုတင်ပြချက်များ လုံးဝမပါလာခဲ့။

အတားအဆီးများကြားမှ
ရွေးကောက်ပွဲကို မေလ(၂၇)ရက်နေ့တွင် ကျင်းပသည်။ စစ်အာဏာပိုင်များ၏ အုပ်ချုပ်မှု အောက်တွင် ကျင်းပရခြင်းဖြစ်၏။ မဲဆွယ်ဟောပြောပွဲများတွင်လူ (၅ဝ)ထက်ပို၍ မစုဝေးရ။ အချို့နေ ရာများတွင် အသံချဲ့စက်သုံးခွင့်မရှိ၊ တရားပွဲမပြုလုပ်မီအာဏာပိုင်များထံမှကြိုတင်ခွင့်ပြုချက်ယူရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့်ဆိုရပါမူ ဥက္ကဋ္ဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်တို့ ရွေးကောက်ပွဲတွင် အရွေးခံခွင့်မရ ဖြစ်ရသည်။
သို့သော် အမျိုးမျိုးသော အတားအဆီးချုပ်ချယ်ကန့်သတ်မှုကြားကပင် မဲဆန္ဒရှင်ပြည်သူတို့သည် အနှစ်(၃ဝ)တိုင် ဆုံးရှုံးခဲ့ရသော မိမိတို့၏ ဒီမိုကရေစီဆန္ဒပေးခွင့်ကို အသုံးချကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအား တခဲနက် ဆန္ဒပေးရွေးချယ်လိုက်ကြ၏။
(၁၉၆၂)ခုနှစ်မှစ၍ (၁၉၈၈)ခုတိုင် ကျောင်းသားလူငယ်၊ ရဟန်းရှင်လူတို့ သွေးမြေကျတိုက်ပွဲကို ထင်ဟပ်စေသည့် ရွေးချယ်ခြင်းဖြစ်၏။ ယင်းတိုက်ပွဲများ၏ ရလဒ်လည်းဖြစ်၏။ ရွေးကောက်ပွဲ ဆန္ဒမဲ ပေးသူ ပြည်သူတို့က တပါတီစနစ်ကို မလိုချင်ကြောင်း၊ စစ်အာဏာရှင်စနစ်နှင့် မည်သည့် စစ်အာဏာ အုပ်စိုးမှုကိုမှ မလိုချင်ကြောင်း ဆန္ဒဖေါ်ထုတ်လိုက်ကြ၏။

ခေါင်းဆောင်မှုအတည်ပြု
ထို့ပြင် ရွေးကောက်ပွဲကြီးက (၁၉၈၈)သြဂုတ်လ(၂၆)ရက် ရွှေတိဂုံစေတီ အနောက်ဘက်မုခ် လူထုဆန္ဒပြပွဲကြီးတွင် ရွေးချယ်လိုက်သော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မဲဆန္ဒဖြင့် ထပ်မံအတည်ပြုလိုက်၏။
စစ်အာဏာပိုင်များသည် ရွေးကောက်ပွဲကို ဥပဒေပြဋ္ဌာန်း ကျင်းပခြင်းဖြစ်၏။ ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်ပွဲသည် ပြည်သူ့လွှတ်တော်အတွက်ဖြစ်ကြောင်း အတိအလင်းပြဋ္ဌာန်း၏။ “ပြည်သူ့လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်”ဆိုထားပါလျက် အာဏာကိုလက်မလွှတ်လို၊ ဆက် လက်ဆုပ်ကိုင်ထားရန်အတွက် ဥပဒေတွင်မပါသော အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံဥပဒေတို့ကိုအစားထိုး လမ်းလွှဲဖို့ ကြိုးပမ်းလာသည်။

ဥပဒေ မလိုက်နာ
နဝတ စစ်ဗိုလ်ချုပ်ကြီးများသည် မိမိတို့ပြဋ္ဌာန်းထားသောဥပဒေကို မလိုက်နာရုံသာမက “ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားပြန်မည်”ဟု ပြည်တွင်းပြည်ပ သတင်းစာဆရာများအား ပြော ကြားခဲ့သောစစ်ဗိုလ်ချုပ်ကြီးများသည် မိမိတို့၏ကတိကဝတ်များကို ဖေါက်ဖျက်ခဲ့ကြသည်။ ထိုမျှသာ မက အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမျိုးမျိုးရန်ရှာကာ ဖိနှိပ်နေသည်။ အဖွဲ့ဝင်များစွာတို့အား ဖမ်းဆီးထောင်ချခြင်း၊ နယ်အဖွဲ့ချုပ်များ၏ ဆိုင်းဘုတ်များ ဖြုတ်ချခြင်း၊ အရွေးခံ လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးခြင်း၊ တားဆီးခြင်းများ ပြုလုပ်နေသည်။ အနိုင်ရအဖွဲ့ချုပ်အား နိုင်ငံရေးလှုပ်ရှားခွင့်မပြုရရုံသာမက နည်းလမ်းစုံစွာဖိနှိပ်နေသည်။ စစ်အာဏာပိုင်းများသည် အဖွဲ့ချုပ်အား ချေ မှုန်းပစ်မည်ဟု ကြုံးဝါးနေ၏။ ကြုံးဝါးသည်အတိုင်းလည်း ချေမှုန်းရန်ကြိုးပမ်းနေ၏။
ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေကို မလိုက်နာပဲ ဥပဒေတွင်မပါသော လူထုဆန္ဒဟုဆိုကာ လူများကို အဓမ္မစုဝေးခေါ်ဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်များအား ဟေးလားဝါးလား အော်ဟစ်ရှုတ်ချသည်။ အယုံအကြည်မရှိ မထောက်ခံဟုတင်ပြခိုင်းသည်။ ဤသည်မှာ အနိုင်ရပါတီအရွေးချယ်ခံ ကိုယ်စားလှယ်များအား ချေမှုန်း၍၊ ဒီမိုကရေစီ၏ ပြယုဂ်ဖြစ်သော နိုင်ငံရေးအင်အားစုများအား နာလံမထူနိုင်အောင်အမြစ်အပြတ်နှိပ်ကွပ်ချင်သော စစ်အာဏာရှင်တို့၏ လုပ်ထုံးဖြစ်သည်။ ယင်းသည် နိုင်ငံတွင် သားစဉ်မြေးဆက်စစ်အာဏာရှင်တို့အုပ်စိုးထားရန် တရားမဲ့ကြိုးပမ်းချက်လည်း ဖြစ်သည်။

ရှက်ဖွယ်ကောင်း
မိမိတို့ပြဋ္ဌာန်းသော ဥပဒေကိုမလိုက်နာခြင်း ကတိပျက်ကွက်ခြင်းတို့သည် အင်မတန်မှ ရှက်ဖွယ် ကောင်းသော အပြုအမူများဖြစ်သည်။ ဤလုပ်ရပ်သည် တပ်မတော်၏ ကောင်းမြတ်သော အစဉ်အလာနှင့်ဂုဏ်သိဏ္ခာကိုလည်း ထိခိုက်စေ၏။ ပြည်သူလူထုတရပ်လုံးမှာ အဖက်ဖက်မှ ချုပ်ချယ်ဖိနှိပ်မှုများကို ခံနေရသည်သာမက စားဝတ်နေရေးလည်း အလွန်အမင်းကြပ်တည်းနေ၏။ ကုန်ဈေးနှုန်းများ မကြုံဖူးအောင်ကြီးမြင့်နေ၏၊ ငွေအဆမတန်ဖေါင်းပွနေ၏။ ယင်းသို့ အကြပ်အတည်းပေါင်းစုံကြားတွင် စစ်အာဏာပိုင်တို့သည် တောင်သူလယ်သမားများအား အဓမ္မစေခိုင်းခြင်း၊ ကောက်ပဲသီးနှံများအား အဓမ္မတောင်းယူခြင်း၊ ပေါက်ဈေးထက် နှိမ်ဝယ်ယူခြင်း၊ လယ်သမားတို့အား လယ်ယာလုပ်ငန်းခွင်မှ နှင်ထုတ်၍ လယ်များကိုသိမ်းယူခြင်း-စသော အဓမ္မများကို ကမ်းကုန်အောင်လုပ်နေ၏။
အလုပ်သမားများ၊ မြို့နေဆင်းရဲသားများတွင်လည်း အလုပ်လက်မဲ့များ ထူပြောလာ၏ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် မြို့နေဆင်းရဲသားတို့သည် အခံရဆုံးဖြစ်၏။

ပညာရေးနိမ့်ကျလာခြင်း
တက္ကသိုလ်ကောလိပ်များပိတ်ထားသည်မှာ (၄)နှစ်ကျော်လာပြီးဖြစ်၏။ အခြေခံနှင့် အလယ်တန်၊း အထက်တန်းပညာရေးအခြေအနေမှာ ဆိုးဆိုးရွားရွား နိမ့်ကျနေ၏။ စစ်အာဏာပိုင်များသည် ဟန်ပြအလုပ်များသာ လုပ်နေ၏။

ထွက်ရပ်လမ်း
နိုင်ငံ၏ ဘက်ပေါင်းစုံအကြပ်အတည်းနှင့် ပြည်သူတို့မရှူနိုင်မရှိုက်နိုင် ဘေးကြပ်နံကြပ် တွေ့နေရသော ဒုက္ခပေါင်းစုံမှတခုတည်းသောထွက်ရန်လမ်းမှာပြည်သူတို့ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော် ခေါ်ယူရေးသာဖြစ်၏ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာရေးအတွက် ကိုယ်စားပြုကော်မတီပေါ်ပေါက်လာရခြင်းသည် သဘာဝကျ၏။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီသည် နိုင်ငံနှင့်ပြည်သူတို့အား ကိုယ်စားပြုပိုင်ခွင့်ရှိသော ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာရေးအတွက် လွှဲအပ်သော အင်အားဖြစ်သည်။
နိုင်ငံ၏ အကြပ်အတည်းမှ လွတ်မြောက်ရန်ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရန် စေ့စပ်ဖြေရှင်းရ မည်ဖြစ်၏။ ပြည်သူတို့ရွေးကောက်တင်မြှောက်ဆန္ဒပေးထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လက်နက်ကိုင်ထားသော တပ်မတော်တို့ စေ့စပ်ဖြေရှင်းခြင်းသာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးဖွံ့ ဖြိုးရေးအတွက်အဖြေကောင်းဖြစ်၏။ အကြမ်းဖက်နှိပ်ကွပ်မှုများ၊ ပဋိပက္ခရန်လိုမှုများဖြင့်ဖြေရှင်း၍ရမည်မဟုတ်သည်ကို သဘောပေါက်ရန်လိုသည်။

အင်အားဖြင့် ဖြေရှင်းမရ
စစ်အာဏာပိုင်များသည် အင်အားဖြင့် ပြည်သူတို့၏ဆန္ဒကို ချိုးနှိမ်နှိပ်ကွပ်ကာ လက်နက်အားကိုး ထင်ရာစိုင်းလျှင် ရသည်ဟုထင်နေလျှင် ဤကမ္ဘာတွင်ကျဆုံးသွားသော ဖက်ဆစ်အာဏာရှင်များနှင့် အာဏာရှင်နိုင်ငံတို့တွင် တဖြုတ်ဖြုတ် ကြွေနေသောအာဏာရှင်များ၏ သင်ခန်းစာကို ယူရန် တိုက်တွန်းလို၏။ စစ်အာဏာပိုင်တို့သည် တွေ့ဆုံဆွေးနွေးရေးကို အကြောင်းအမျိုးမျိုးပြ ငြင်းပယ်နေသည်။ “ဒေါ်အောင်ဆန်းစုကြည် မပါရ”ဟူသောကန့်သတ်ချက်ကိုလည်း ကြားလိုက်ရ၏။ အထက်တွင် ဖော်ပြသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေးတော်ပုံ၏ ခေါင်းဆောင်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်မပါရဆိုခြင်းသည် အရေးတော်ပုံအလံကို ပစ်လှဲခြင်းလည်းဖြစ်၏။ ဒီမိုကရေစီအင်အားစုများအတွင်း ကွဲပြဲ၊ မညီညွတ်စေရန် နည်းပရိယာယ်လမ်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေးတော်ပုံခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်အဖြစ် ပြည်သူတို့ကရွေးချယ်ထား၏။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း အသိအမှတ်ပြုထား၏။ ယနေ့ နိုင်ငံ၏ပြဿနာများကို ရိုးသားစွာအဖြေရှာလိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားလို့ မရ။ စစ်အာဏာပိုင်တို့သည် ပြည်သူအခွင့်အာဏာ လွှဲအပ်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ချေမှုန်းနှိပ်ကွပ်လို့ ရပြီလို့ လွဲမှားစွာ အထင်ရောက်နေဟန်ရှိ၏။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဓမ္မဖိနှိပ်မှုများကြောင့် နိုင်ငံရေးလှုပ်ရှားမှုများမပြုလုပ် နိုင်ခြင်းဖြစ်လျှင် ဖြစ်မည်။ ပြည်သူတို့ထောက်ခံဆန္ဒမဲပေးထားသော အနေအထားမှ ရွေ့လျားသွားခြင်း မရှိ။ ခိုင်ခိုင်မာမာ ရပ်တည်နေသည်။

အစဉ်အလာကြီးသူများ
နိုင်ငံရေးအစဉ်အလာ၊ စစ်ရေးအစဉ်အလာကြီးမားသော ဦးအောင်ရွှေ၊ စစ်ရေးအစဉ်အလာကြီး၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့သော ဦးတင်ဦး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေးတိုက်ပွဲများတွင် စဉ်ဆက်မပြတ်ပြည်သူတို့နှင့်ပါဝင်ပတ်သက်သော ဦးလွင်၊ ဦးလွန်းတင်နှင့် တော်လှန်ရေးအဆင့်ဆင့်တွင့် ပါဝင်ပတ်သက်ခဲ့သော တော်လှန်ရေးခေါင်းဆောင်များသည် တမျိုးသား လုံးက အသိအမှတ်ပြုရွေးချယ်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ဝိုင်းရံထားလျက်ရှိ၏။
စစ်အာဏာပိုင်များသည် ပြည်သူတို့အပေါ် စေတနာရှိရိုးမှန်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စေ့စပ်ဖြေရှင်းခြင်းမှတပါး အခြားနည်းလမ်းမရှိကြောင်း တင်ပြလိုက်ရသည်။

- နိုင်ငံရေးခေါင်းဆောင်တဦး -

No comments:

Post a Comment