ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

မြန်မာပြည်အတွက် (၁ဝ)နှစ်ခရီး လျှောက်လှမ်းနေသူ - စောနိုင်နိုင်(ခ)ဦးနိုင်းနိုင်း

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။

လူ့အဖွဲ့အစည်းတိုင်းတို့သည် အချိန်ကာလနှင့်လိုက်၍ ဖြစ်ပေါ်ပြောင်းလဲမှုများကို ကြုံတွေ့ရစမြဲ ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တဦးချင်းတို့သည် အချိန်သက်တမ်းအရ ကွယ်လွန်ပျောက်ကွယ်သည်မှာ ဓမ္မတာဖြစ်ပါသည်။ လူမှုအဖွဲ့အစည်း ဟူသည်ကား ကွယ်ပျောက်သည်ဟူ၍မရှိ။ မျိုးရိုးစဉ်ဆက် တည်ရှိ လျက်ပင်ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းဆိုင်ရာ ကြုံတွေ့ဖြစ်ပျက်မှုတို့ကို သိမှတ်ရခြင်းကို လူ့အဖွဲ့အစည်းဝင် လူသားတို့က ဘဝပေးတာဝန်အဖြစ် သယ်ဆောင်ခြင်းကား လူ့ယဉ်ကျေးမှုတရပ်ဖြစ်ပါသည်။ နှစ်ပေါင်း ထောင်ချီ၍ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သိရှိနေခြင်းမှာ လူ့ယဉ်ကျေးမှု၏ ကျေးဇူးကြောင့်ပင်ဖြစ်ပါသည်။ အတိတ်ကာလများတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မှတ်တမ်းတင်ခြင်းမှာ သမိုင်းပြုစုခြင်းပင်ဖြစ်ပါသည်။ မှတ်တမ်းတင်သည့်လုပ်ငန်းကို ဆောင်ရွက်ရာတွင် အချိန်နှင့်အမျှ တိုးတက်ခဲ့သလို ပိုမိုပြည့်စုံတိကျမှုလည်း ရှိလာပါသည်။

မျက်မှောက်ကာလ မြန်မာလူမျိုးတို့ မကြာခဏကြားနေကြရသော သမိုင်းကဏ္ဍအပိုင်းအခြားများကို ဖော်ပြရလျှင်- မြန်မာနိုင်ငံတနိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ခဲ့ခြင်း၊ ကိုလိုနီနယ်ချဲ့စနစ်ဖြင့် အုပ်ချုပ်သော အင်္ဂလိပ်အစိုးရလက်အောက်မှ လွတ်မြောက်အောင်ကြိုးပမ်းခြင်း၊ ဖက်ဆစ်ဂျပန်လက် အောက်ကျရောက်ခြင်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတိုက်ပွဲကာလ၊ အင်္ဂလိပ်လက်အောက် ပြန်လည် ကျရောက်ခြင်း၊ အချုပ်အချာအာဏာပိုင် လွတ်လပ်သောနိုင်ငံ ဖြစ်ပေါ်လာခြင်း၊ လွတ်လပ်သော ဒီမိုကရေစီစနစ် မြန်မာနိုင်ငံသစ် တဆယ့်လေးနှစ်ကာလ၊ စစ်တပ်အာဏာသိမ်းခြင်းနှင့် မဆလ တပါတီစနစ် (၂၆)နှစ်ကာလ၊ (၁၉၈၈)ခုနှစ် ပြည်လုံးကျွတ်လူထုအုံကြွမှုကြောင့် တပါတီစနစ်ချုပ်ငြိမ်းခြင်းမှ နဝတ/ နအဖ ကာလတို့ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း(၂ဝဝ)ကျော်ကျော်ကာလအတွင်း ဖြစ်ဖျက်ပြောင်းလဲမှုများမှာ ထင်ထင်ရှားရှား မှတ်မိနိုင်သောသမိုင်းဖြစ်ပါသည်။ (၂ဝ)ရာစု၏ နောက်ဆုံးနှစ်များကို ပြန်ပြောင်းကြည့်လိုက်လျှင် ထင်ထင်ရှားရှား ပေါ်လွင်နေသည်ကား (၁၉၉ဝ)ခုနှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲကြီးပင်ဖြစ်ပါသည်။

လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးသည် မြန်မာ့ လူ့အဖွဲ့အစည်းအတွက် အထင်ကရ သမိုင်းမှတ်တမ်းတခုဖြစ်ခြင်းကို ကမ္ဘာက အသိအမှတ်ပြုခဲ့ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းဝင်တဦး အနေဖြင့်လည်း ကျနော့်အတွက် ထင်ရှားစွာတည်ရှိနေသည့် သမိုင်းမှတ် တမ်းတခုဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲကြီးတွင် (၈ဝ%)ဖြင့် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုယှဉ်ပြိုင်၍ အနိုင်ရခဲ့သော သူများအနက် ကျနော်ပါဝင်သော ကြောင့်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တဦးအနေဖြင့် အနိုင်ရရှိခြင်းထက် အရေးပါသည်မှာ မြန်မာနိုင်ငံသူ/နိုင်ငံသားတို့သည် လူ့အခွင့်အရေးကို အာမခံ၍ ဒီမိုကရေစီစနစ်ကိုတည်ဆောက်မည့် နိုင်ငံရေးအဖွဲ့ကြီး အား ထောက်ခံအသိအမှတ်ပြုပြီး ၄င်းတို့ပိုင်သည့် အချုပ်အခြာကို ယုံကြည်စွာအပ်နှင်းလိုက်ခြင်းပင် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးတနေရာတကဏ္ဍတွင် ပါဝင်ခဲ့သောပုဂ္ဂိုလ်တဦး၏ (၁၉၉ဝ)ပြည့်နှစ်မှစ၍ ဆယ်နှစ်တာကာလအတွင်း ဖြစ်စဉ်ကို တိုင်းပြည်၏အရှင်သခင်များဖြစ်ကြသော ပြည်သူပြည်သားများသို့ တင်ပြလိုပါသည်။

(၁၉၉ဝ)ပြည့်နှစ် မေလ(၂၇)ရက်နေ့ နံနက်စောစော မဲရုံများမဖွင့်သေးမီအချိန်တွင် ကျနော်သည် သက်ဆိုင်ရာ မဲရုံများသို့ မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် သွားပါသည်။ ရှေးဦးစွာ အမှတ်(၇) ရပ်ကွက် မဲရုံသို့ရောက်ခဲ့ပါသည်။ မဲရုံမှူး၊ မဲရုံကိုယ်စားလှယ်-အစရှိသော တာဝန်ရှိသူများ မဲရုံဖွင့်ရန် ပြင်ဆင်နေကြပါသည်။ မဲရုံရှေ့တွင် မဲဆန္ဒရှင်များ မဲပေးရန် တန်းစီနေရာယူ၍ အေးဆေးစွာ စောင့်နေကြသည်ကို တွေ့ရပါသည်။‘မဲမပေးဘဲ နေနိုင်ကြောင်း’ကို အစိုးရက ရုပ်သံလွှင့်ဌာနနှင့် သတင်းစာတို့မှ ပြည်သူပြည်သားများအား အသိပေးကြေညာထားသော်လည်း ပြည်သူလူထုက မိမိတို့၏ မဲပေးရန် နိုင်ငံသားတာဝန်ကို ဝီရိယရှိစွာဆောင်ရွက်ကြသည်ကိုတွေ့ရသဖြင့် မဲဆန္ဒရှင် ပြည်သူပြည်သားများကို လေးစားသောစိတ် ရင်ဝယ် ပေါက်ဖွားရပါသည်။ မဲရုံပေါင်း(၁ဝ)ရုံနှင့် မဲရုံရှိရာ ရပ်ကွက်အသီးသီးရှိ မဲအောင်နိုင်ရေးအဖွဲ့များ အခြေစိုက်ရာ နေအိမ်များနှင့် ဖိတ်ခေါ် ကျွေးမွေးဧည့်ခံကြသည့် မဲဆန္ဒရှင်များ၏ နေအိမ်များသို့ဝင်ရောက်သွားလာပြီး မြို့နယ်အဖွဲ့ချုပ်ရုံးသို့ပြန်ရောက်သောအခါ နေ့ဝက်ကျိုးနေပြီ ဖြစ်ပါသည်။ ရုံးပြန်ရောက်၍ ဓါတ်ပုံရိုက်လိုသူများနှင့်ဓါတ်ပုံအရိုက်ခံချိန်တွင် မဲဆန္ဒရှင်များ စွပ်ပေးလိုက် သည့်ပန်းကုံးများ လည်ပင်းတွင် မေးခိုက်နေသည်မှာ ဝံ့ကြွားဂုဏ်ယူဖွယ်ရာဖြစ်သည်ကိုခံစားရပါသည်။ ဝံ့ကြွားသည့်စိတ်ကို ပယ်၍ ထောက်ခံအားပေးသူတို့၏စေတနာကောင်းကို ရရှိသည့်အတွက် ဂုဏ်ယူမိပါသည်။

အဖွဲ့ချုပ်ခေါင်းဆောင်ကြီးများကလည်း မြို့နယ်အသီးသီးသို့လှည့်လည်၍ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံသို့လာရောက်အားပေးကြပါသည်။ အင်အားတိုးပွားစေသည့် ချီးမြင့်မှုကို ဂါရဝတရားဖြင့် တုန့်ပြန်ခဲ့ပြီး မဲဆန္ဒရှင် ပြည်သူပြည်သားတို့၏ စေတနာ၊ မေတ္တာအရှိန်အဝါကို လေ့လာခြင်းဖြင့် ခန့်မှန်းနိုင်သော အောင်မြင်အနိုင်ရမည့် အလားအလာကို အသိပေး၍ လူကြီးများကို အမောပြေစေခဲ့ပါသည်။ မဲဆန္ဒရှင်များသည် မဲရုံဖွင့်ချိန် တလျှောက်လုံး အေးဆေးစွာ မဲပေးနိုင်သည့်အခွင့်အရေးရှိသော်လည်း လုံ့လ၊ ဝီရိယကြီးစွာဖြင့် နံနက်ပိုင်းတွင် ပြီးစီးအောင် မဲပေးကြသည်ကို တွေ့ရှိရပါသည်။ ရွေးကောက်ပွဲကြီး အောင်မြင်ပြီးစီးလိုသည့်ဆန္ဒမှာ ထင်ရှားပေါ်လွင်ပါသည်။ ရွေးကောက်ပွဲရလဒ်ကို ယုံကြည်မျှော်လင့်ချက် အပြည့်အဝ ထားရှိကြပေသည်။

နွေနှောင်းကာလ နေမဝင်မီ မဲရုံပိတ်ချိန်သို့ရောက်သောအခါ မဲရေတွက်မှုရလဒ်များကို စုစည်းရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ရောက်ပါသည်။ ပြည်ပရောက်နေသောမဲဆန္ဒရှင်များ၏ မဲများကိုရေတွက်ရာတွင် အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းမှာ မဲအရေအတွက်၏(၈ဝ%)ရသည်ကို သိရှိ ရပါသည်။ မဲရုံအသီးသီးမှ မဲစာရင်းများကို စုစည်းပြီးချိန် ည(၈)နာရီကျော်ခန့်တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းမှာ ခိုင်လုံမဲ(၇၄%)ဖြင့် အနိုင်ရသည်ကို သိရပါသည်။ ပြည်သူတို့၏ ဆုံးဖြတ်ချက်ကို စာရင်းဇယားနှင့် ထင်ရှားစွာ မှတ်တမ်းတင်ပြီး ဖြစ်သွားပါတော့သည်။ ယှဉ်ပြိုင်အရွေးခံသူ (၇)ဦးအနက် ကျန်(၆)ဦးတို့ရရှိသည့် မဲအရေအတွက်မှာ (၁၂%)မပြည့်သဖြင့် ၄င်းတို့အသီးသီး တင်သွင်းထားသော အာမခံငွေ တသောင်းကျပ်စီ ဆုံးရှုံးရပါသည်။ ကိုယ်စားလှယ်လောင်း အနည်းဆုံး (၃)ဦး ယှဉ်ပြိုင်အရွေးမခံလျှင် ပါတီဖျက်သိမ်းခံရမည်ကိုစိုးရိမ်၍ ရွေးကောက်ပွဲဝင်ရရှာသောပါတီများ ငွေ တသောင်းစီ ဆုံးရှုံးရသည့်အတွက် စာနာကရုဏာသက်မိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ညမထွက်ရ အမိန့်သည် (၉)နာရီတွင် စတင်မည်ဖြစ်၍ အတူစောင့်ဆိုင်းနေကြသောအဖွဲ့ဝင်များ အချိန်မီ အိမ်ပြန် ရောက်နိုင်ရန်အတွက် မဲစာရင်းရလဒ်စာရွက်ကို အမြန်လက်မှတ်ရေးထိုးပြီး အိမ်ပြန်ခဲ့ရပါသည်။ မြို့ နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့အား ကျေးဇူးတင်စကားကိုပင် မပြောမိခဲ့၍ စိတ်ဖြင့် တောင်းပန်မိပါသည်။ အိမ်ပြန်ရောက်လျှင်ရောက်ချင်း မိသားစုမှဆီးကြို၍ ဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်း မဲ(၇၆%)ကျော်ဖြင့်အနိုင်ရကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားကြောင်း ပြောကြားပါသည်။ ပင်ပန်းမှုအတွက် ရွှင်လန်းစေသည့်သတင်း ဖြစ်ပါသည်။ ည(၁ဝ)နာရီ ကျော်ခန့်တွင် ရုပ်မြင်သံကြားမှ လသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးကြည်မြင့်၊ ပုဇွန်တောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးနိုင်းနိုင်းတို့ အနိုင်ရရှိကြောင်း ကြေညာပါသည်။ ရုပ်မြင်သံကြားသတင်းတွင် နဝတဥက္ကဋ္ဌကိုယ်တိုင် ဆန္ဒမဲပေးပြီး မဲရုံမှအထွက် နိုင်ငံခြား သတင်းထောက်တဦးက အာဏာလွှဲပြောင်းရေးကိစ္စကို မေးရာ နဝတဥက္ကဋ္ဌက ဥပဒေနှင့်အညီ လုပ်မည်ဟု ပြန်ဖြေသည်ကို ကြားမြင်ရပါသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး နောက်တနေ့ စော စော နံနက်ပိုင်းမှာပင် မြို့နယ်အဖွဲ့ချုပ်ရုံးသို့ရောက်ရှိလာကြသော မြို့မိ/မြို့ဖများ၊ အဖွဲ့ဝင်များ၏ ဝမ်းမြောက်ကြောင်း စကားများကို ကျေးဇူးတင် တုန့်ပြန်ပြောဆိုရသည့်အချိန်တွင် ပြည်သူပြည်သား အများစုကြီး၏ အောင်မြင်မှုခံစားချက်မှာ သိသာနေပါသည်။ (၁ဝ)နာရီကျော်ခန့်တွင် အဖွဲ့ချုပ်ရုံးရှိရာ အနောက် ရွှေဂုံတိုင်လမ်းဆုံ မီးပွိုင့်အနီးမှစ၍ အနောက်ရွှေဂုံတိုင် လမ်းကျယ်ကြီးတလျှောက် လူများ၊ ကားများနှင့် စည်ကားနေသည်ကို တွေ့ရပါသည်။ အဖွဲ့ချုပ်ရုံးရှေ့လမ်းမကြီးတွင် လူများ ပြည့်ကြပ်နေပြီး အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေညာပေးသည့် ရွေးကောက်ပွဲအနိုင်/အရှုံးစာရင်းကို စောင့်မျှော် နားထောင်ရင်း အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများ၏ အောင်မြင်မှုကို လက်ခုပ်တီး သြဘာပေးနေကြပါသည်။ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိနေကြသော အရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များစွာကိုလည်း တွေ့ရပါသည်။ ရုံးရှေ့တွင် စားပွဲတခုအပေါ်တွင်တင်ထားသော ကုလားထိုင်ပေါ်သို့တက်၍ ရုံးရှေ့ ရောက်ရှိနေသောလူထုကြီးနှင့် မိတ်ဆက်ရသောသူများအနက် ကျနော်လည်း တဦးအပါအဝင်ဖြစ်ပါသည်။ လူထုမေတ္တာကို အမှန်တကယ် ခံစားရသောအသိကြောင့် ကြက်သီးမွှေးညှင်းထ,ရသော ကျေနပ်မှုရရှိပါသည်။

အဖွဲ့ချုပ်ရုံး မြေညီထပ်တွင် နိုင်ငံခြားသတင်းထောက်များကို တွေ့ရပါသည်။ နိုင်ငံတဝှန်း မဲဆန္ဒနယ်အသီးသီးတွင် အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များ၏ စာရင်းများစွာကိုလည်း ပြန်ကြားရေးအဖွဲ့မှ ဆက်တိုက် ကြေညာ ပေးလျက်ရှိပါသည်။ ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ အနိုင်ရနေကြောင်းကို သိရှိနေပြီဖြစ်ပါသည်။ ထိုနေ့က အများသိလိုနေကြသည်မှာ တနိုင်ငံလုံးတွင် အဖွဲ့ချုပ် အနိုင်ရရှိသည့် ကိုယ်စားလှယ်ရာခိုင်နှုန်းနှင့် အာဏာလွှဲပြောင်းရေးကိစ္စတို့ပင် ဖြစ်ပါသည်။ နိုင်ငံခြားသတင်းထောက်များနှင့် ဌာနေနိုင်ငံခြားသတင်း ကိုယ်စားလှယ်တို့ကလည်း အဖွဲ့ချုပ်တာဝန်ရှိ အကြီးအကဲများနှင့် တွေ့ဆုံမေးမြန်းရာ ဦးကြည်မောင်၊ ဦးအောင်ရွှေနှင့် ဦးခင်မောင်ဆွေတို့က တာဝန်ခံဖြေကြားပါသည်။ အာဏာလွှဲပြောင်းရေးကိစ္စနှင့်ပတ်သက်၍ အာဏာလက်ခံယူရန်အတွက် အဆင်သင့်ရှိနေကြောင်း ဖြေကြားပါသည်။ ရွေးကောက်ပွဲ၏ အနိုင်/အရှုံးစာရင်းများ စုံလင်စွာရရှိသောအခါတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်သော မဲဆန္ဒနယ်မြေ (၄၈၅)နေရာအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၃၉၂)ဦး အနိုင်ရရှိကြောင်း သိရပါသည်။ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပခဲ့သော လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲများအနက် ထူးကဲသောပမာဏဖြင့် အပြတ်အသတ် အောင်နိုင်မှုတရပ်အဖြစ် မှတ်တမ်းတင်ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခြင်းကို နိုင်ငံကြီးများစွာတို့မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုသကဲ့သို့ရန်ကုန်မြို့ရှိ သံရုံးကြီးများမှ သံအမတ်ကြီးများကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့လာရောက်၍ ဂုဏ်ပြုနှုတ်ဆက်ကြပါသည်။

အလုံးစုံသော နိုင်ငံရေးလုပ်ပိုင်ခွင့်များကို ပြည်သူလူထုက ယုံကြည်စွာအပ်နှင်းခြင်းခံရသော အဖွဲ့ချုပ်က ပြည်သူလူထု၏ဆန္ဒကို အနစ်နာခံ၍ ပြည်သူပြည်သားတို့ပေးအပ်သည့်တာဝန်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ နဝတသို့လည်း အဖွဲ့ချုပ်မှ ဆက်သွယ် အကြောင်းကြားစာတစောင်ကို ပေးပို့ခဲ့ပါသည်။ အဆိုပါ ဇွန်လ(၂၁)နေ့စွဲပါ စာတွင် အမျိုးသား အကျိုးစီးပွားအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် နိုင်ငံရေးလုပ်ငန်းများနှင့် သက်ဆိုင်သောကိစ္စများကို ဆွေးနွေးရန် အဆိုပြုထားပါသည်။ ဂျူလိုင်လ(၉)ရက် နေ့စွဲဖြင့် စာတစောင်ကိုလည်း နဝတ သို့ပေးပို့ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ(၃)နှင့်အညီ လွှတ်တော်ဖွဲ့စည်းမှုဆိုင်ရာ အစီအစဉ်နှင့် ပတ်သက်သော ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုခြင်းဖြစ်ပါသည်။

ရွေးကောက်ပွဲပြီးခဲ့သည်မှာ တလကျော် နှစ်လနီးပါးအချိန်သို့ရောက်သည့်တိုင်အောင် လွှတ်တော်ဆိုသည့် အကြောင်းလည်း မကြားရ၊ မျှော်လင့်ထားသကဲ့သို့တိုးတက်မှုဟုဆိုနိုင်သည့်အရာ တစုံတရာလည်း မတွေ့ရှိရသည့်အတွက် ပြည်သူလူထုသည် ၄င်းတို့ လုပ်ပိုင်ခွင့်အပ်နှင်းထားသော လွှတ်တော် ကိုယ်စားလှယ်များထံသို့မေးမြန်းစုံစမ်းခြင်းတို့ ပြုလုပ်ဆောင်ရွက်လာကြပါသည်။ လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်ကိုသာ ရှင်းပြသော်လည်း အခြေအနေမှာ ပြောင်းလဲမှုမရှိလေရာ လူထု၏ အားမလိုအားမရခံစားချက်များ မပြေပျောက် သွားခဲ့ပါ။ ပြည်သူလူထု၏ မေးမြန်း စုံစမ်းပြောဆိုချက်များသည် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရှေ့တိုးဆောင်ရွက်ရန် တာဝန်များရှိနေပြီဟူသော အသိတရားကို ရစေပါသည်။ ယင်းအသိတရား၏ စေစားချက်အရ လွှတ်တော်ကိုယ်စားလှယ်တို့သည် ပြည်သူပြည်သားအများစုကြီးက ပေးအပ်ထား သော ကိုယ်စားပြုမှုပိုင်ခွင့်ကိုအခြေခံ၍ ကောင်းမွန်သင့်လျော်သောအစီအစဉ်တရပ်ကို ချမှတ်နိုင်မည့် တွေ့ဆုံဆွေးနွေးပွဲကြီး ကျင်းပနိုင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂျူလိုင်လ(၂၈)နှင့် (၂၉)ရက်နေ့များတွင် မဟတ္တမဂန္ဓီခန်းမ၌ ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီပါတီနှင့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၏ စုံညီအစည်းဝေးကြီးမှာ တိုးတက်မှုမရှိသော နိုင်ငံရေးဆုတ်ဆိုင်းမှုကြီးကို ပြောင်းလဲ စေနိုင်လိမ့်မည်ဟု ပြည်သူပြည်သားတို့က မျှော်လင့်ကြပေသည်။

ဂန္ဓီခန်းမ အစည်းအဝေးကြီးသို့တက်ရောက်ကြရသော လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်ပြည်သူပြည်သားတို့ ပေးအပ်ထားသည့် နိုင်ငံရေးလုပ်ပိုင်ခွင့်တို့ကို မိမိတို့ကိုယ်စား ဆောင်ရွက်စေနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့လွှဲပြောင်း ပေးအပ်ပါသည်။ ဂန္ဓီခန်းမ အစည်းအဝေးကြီးမှ နဝတသို့တောင်းဆိုချက်မှာ ပြည်သူ့လွှတ်တော်ကို စက်တင်္ဘာလနောက်ဆုံးထား၍ ခေါ်ယူပေးရန်ဖြစ်ပါသည်။ နဝတသည် ဂန္ဓီခန်းမ အစည်းအဝေး ကျင်း ပမည့် (၂၈)ရက်နေ့မတိုင်မီ (၂၇)ရက်နေ့ ညတွင် ကြေညာချက်(၁/၉ဝ)ကို ထုတ်ပြန်လိုက်ပါသည်။ ရွေးကောက်ပွဲ မကျင်းပမီ ရက်အနည်းငယ်အလိုတွင် နဝတဥက္ကဋ္ဌမှ နိုင်ငံသို့ပြောကြားသည့် မိန့်ခွန်းတွင် “ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့နိုင်ခဲ့လျှင် ဖွဲ့ကြပါ။ (၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို သုံးမလား၊ (၁၉၇၄)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သုံးမလား၊ ကြိုက်တာ သုံးနိုင်ပါတယ်။ အစိုး ရ ဖွဲ့နိုင်ရင် အာဏာလွှဲပေးမယ်”ဟု ပါခဲ့ရှိပါသည်။ (၁/၉ဝ ကြေညာချက်တွင် “ခိုင်မာသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပေါ်ထွန်းလာမည့် အစိုးရကိုသာ အာဏာလွှဲပြောင်းပေးမည်”ဟု ပါရှိပါသည်။ ဂန္ဓီခန်းမ အစည်းအဝေးကြီးသည် နောက်ဆုံးဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအခြေအနေကို ထည့်သွင်းစဉ်းစား နိုင်ခြင်းမရှိခဲ့သည်ကို အားမလိုအားမရဖြစ်ခဲ့သဖြင့် အစည်းအဝေးကြီး အောင်မြင်စွာပြီးဆုံးသော်လည်း ရင်လေး၍ ကျန်ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား အဖွဲ့ချုပ်ဝင် လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံရေး လုပ်ပိုင်ခွင့် အပ်နှင်းခြင်းကိစ္စနှင့် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ စွမ်းဆောင်နိုင်မည့်အခြေအနေများကို လေးလေးနက်နက် စဉ်းစား သုံးသပ်မိပါသည်။ လွှတ်တော်ကိုယ်စားလှယ်များမှ တိုက်ရိုက်ရွေးချယ်သော လွှတ်တော်ကိုယ်စားလှယ်များ၏ အဖွဲ့တရပ်ဖွဲ့စည်း၍ လွှတ်တော်ပေါ်ပေါက်ရေး ဆောင်ရွက်ရန် လိုအပ်သည်ဟု ယုံကြည်မိပါသည်။ ထို ကဲ့သို့ယုံကြည်လိုလားကြကုန်သော အခြားလွှတ်တော်ကိုယ်စားလှယ်များရှိကြောင်းကိုလည်း သိရှိရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်သော နိုင်ငံရေးပါတီတခု၏ လုပ်ဆောင်ပိုင်ခွင့်နှင့် ပိုမိုခိုင်မာ ထင်ရှားသည့် လွှတ်တော် ကိုယ်စားလှယ်တို့၏ ကိုယ်စားပြုအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းရန် ကြိုးပမ်းကြပါတော့သည်။

နိုင်ငံရေးအရ ပြောင်းလဲတိုးတက်မှုမရှိခြင်းသည် ပြည်သူပြည်သားများနှင့်တကွ ရဟန်းသံ ဃာတော်များအတွင်းတွင် စိတ်မအေးဖွယ်ရာ ဖြစ်နေပါသည်။ သြဂုတ်လကုန်ပိုင်းတွင် မန္တလေးမြို့ လေးပြင်လေးရပ် ကျောင်းထိုင်ဆရာတော်များ သမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်သို့ ကြွလာပါသည်။ ဆရာတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နဝတတို့ နိုင်ငံရေးကိစ္စကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရန် နဝတ နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ပေးအပ်မည့်အကြံပြုမေတ္တာရပ်ခံစာကို အဖွဲ့ချုပ်သို့ပေးအပ်ပြီး အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် ဆရာတော်အား တွေ့ဆုံရန် စီစဉ်ခဲ့ပါသည်။ နဝတသို့ပေးရန်စာကို ပုဇွန် တောင်မြို့နယ်အဖွဲ့ချုပ်မှ စာတိုက်မှတဆင့် တာဝန်ယူပေးပို့လိုက်ပါသည်။

သြဂုတ်လနှောင်းပိုင်းတွင် နိုင်ငံရေးအခြေအနေမှာ လိပ်ခဲတည်းလည်း မာကျောနေသည်ဟု ခံစားရပါသည်။ အဖွဲ့ချုပ်ခေါင်းဆောင်များအတွင်းတွင်လည်း လေးနက်စွာတွေးတောဆောင်ရွက်မှုကို ပြုလုပ်နေသည်ဟု သိရပါသည်။ ဂန္ဓီခန်းမကြေညာချက် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လို ကြပါသည်။

စက်တင်္ဘာလဆန်းပိုင်း တညတွင် ဦးကြည်မောင်နှင့်ဦးချစ်ခိုင်တို့ အဖမ်းခံရကြောင်း ကြားသိရပါသည်။ ယင်းနေ့တွင်ပင် အဖွဲ့ချုပ်မှ ကြေညာချက်(၅/၉ဝ)ကို ထုတ်ပြန်ကြောင်း သိရပါသည်။ ယင်း ကြေညာချက်သည် ဂန္ဓီခန်းမကြေညာချက်နှင့် လမ်းစဉ် သဘောကွဲလွဲမှုရှိဖြင့် ရန်ကုန်တိုင်း မြို့နယ်များ တွင်လည်းကောင်း၊ ရန်ကုန်တိုင်းရုံးတွင် အစည်းအဝေးပြုလုပ်၍လည်းကောင်း ဤကိစ္စကို ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ရန် ကုန်တိုင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့် (၅/၉ဝ)ကိစ္စ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ပြေလည်မှုရရန် ကြိုးစားပါသော်လည်း တူညီသော သဘောတရပ် မပေါ်ထွက်လာခဲ့ပါ။ ရန်ကုန်အရှေ့ပိုင်းမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးအခြေအနေအပေါ် သုံးသပ် ဆောင်ရွက်ရန် တိုင်ပင်ဆွေးနွေးမှုကို တာမွေမြို့နယ် အဖွဲ့ချုပ်ရုံးတွင်ပြုလုပ်ပြီး နိုင်ငံရေးရှေ့တိုး ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ချုပ်ခေါင်းဆောင်များကို ဆက်သွယ်လုပ်ဆောင်ရန် ယေဘူယျဆုံးဖြတ်ချက်တရပ်ကို ချကြပါသည်။

ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းမှလွှတ်တော်ကိုယ်စားလှယ်အချို့သည် အထက်မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တို့နှင့် မန္တလေးတွင်တွေ့ဆုံ၍ လွှတ်တော်ကိုယ်စားလှယ်တို့၏ လုပ်ငန်းအဖွဲ့အမြန်ဖွဲ့စည်းရေး ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် ကျင်းပမည့်အစည်းအဝေးတွင် တင်ပြမည့်သဘောထားနှင့် တက်ရောက်ကြမည့်ကိုယ်စားလှယ်များ ရွေးချယ်ရန် ပုဇွန်တောင် မြို့နယ် အဖွဲ့ချုပ်ရုံးခန်းတွင် စည်းဝေးကြပါသည်။

စက်တင်္ဘာလလယ်တွင် ဦးကျော်မင်း၊ ဦးခင်မောင်ဆွေ၊ ဦးစိုးမြင့်၊ ဦးစိန်လှဦး- အစရှိသော အဖွဲ့ချုပ်ခေါင်းဆောင်တို့သည် ရက်တိုဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရပါသည်။ အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းတွင် အင်အားယုတ်လျော့နေပြီး လုပ်ငန်းများ ထွေပြားနေပါသည်။

အောက်တိုဘာလ ဒုတိယအပတ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေညာချက်အမှတ် (၆/၉ဝ)ကို ထုတ်ပြန်ပါသည်။ လွှတ်တော်လုပ်ငန်းဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို ဖွဲ့စည်းရေး ဖြစ်ပါသည်။ အဖွဲ့ချုပ်ရုံးအတွင်း ရွေးချယ်ရေးဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဖွဲ့အစည်းခေါင်းဆောင်များနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူတို့ အချေအတင်ပြောဆိုပွဲတွင် အဓိက ပါဝင် ဆွေးနွေးခဲ့ပါသည်။ တချိန်တည်းမှာပင် အသုံးပြုခဲ့သော စားရိတ်များအတွက် မည်သည့်ဝင်ငွေမှရသည်ကို စာရင်းဇယားပြုလုပ်၍ တင်ပြရန် အကြောင်းကြားလာပါသည်။ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများတွင် ပါရှိခြင်းမရှိဘဲ အပြစ်ရှာနိုင်သော အထောက်အထားအဖြစ် ဖန်တီးနိုင်သည့်တောင်းဆိုမှုဖြစ်၍ လိုက်လျောဆောင်ရွက်ခြင်းပြုသင့်/မပြု သင့်ကို ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတွင် ဆွေးနွေးပါသည်။ သို့သော်လည်း အများဆုံးဖြတ်ချက်အရ အဆိုပါပုံစံဇယားကို ပြုစုပေးရန်ဆုံးဖြတ်ခဲ့ပါသည်။

အောက်တိုဘာလလယ်ပိုင်း သီတင်းကျွတ်လပြည့်ကျော်ကာလအတွင်း မန္တလေးနှင့်ရန်ကုန် မြို့ကြီးတို့တွင် ရဟန်းသံဃာတော်အများ နဝတအစိုးရအား သပိတ်မှောက်ကံဆောင်ခြင်းကို ပြုလုပ်ကြ ပါသည်။ အောက်တိုဘာလ(၂ဝ)ရက်နေ့တွင် နဝတမှ ကြေညာချက်အမှတ်(၆/၉ဝ)ကို ထုတ်ပြန်၍ သ ပိတ်မှောက်ကံဆောင်ခြင်းကို မပြုလုပ်ရန်အတွက် ရဟန်းသံဃာတော်တို့အား သတိပေးလိုက်ပါသည်။ သတိပေးချက်ကို မလိုက်နာပါက သမုတိသံဃာအဖြစ်မှ ရပ်စဲမည်ဟု ဖော်ပြပါရှိပါသည်။ အဆိုပါ ကြေ ညာချက်အား အသံလွှင့် ထုတ်ပြန်သည့်အချိန်တွင် ရန်ကုန်တိုင်းမှ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် များ၏ လွှတ်တော်လုပ်ငန်းဆိုင်ရာအဖွဲ့တွင် ပါဝင်ဆောင်ရွက်မည့်သူများအား ဒီမိုကရေစီနည်းအရ ရွေး ချယ်ပြုလုပ်နေပါသည်။ လုပ်ငန်းအဖွဲ့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုကား ထိုအချိန်က သိ သာထင်ရှားစွာ မသတ်မှတ်နိုင်သေးပါ။

အောက်တိုဘာလ(၂၃)ရက်နေ့တွင် အဖွဲ့ချုပ်ရုံးအား ဝင်ရောက်ရှာဖွေ၍ လူငယ်အချို့အား ဖမ်းဆီးခေါ်ဆောင်ကာ စာတွဲများကိုလည်း သိပ်းဆည်းသွားကြောင်း ကြားသိရသဖြင့် အဖွဲ့ဝင်အချို့နှင့် အဖွဲ့ချုပ်ရုံးသို့သွားရာ ရုံး၌ စိတ်မချမ်းမြေ့စွာ ဆွေးနွေးပြောဆိုနေကြသော မိတ်ဆွေများကို တွေ့ရှိရပါ သည်။ ထိုနေ့ညတွင် အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များစွာတို့ကို နေအိမ်များ မှ ဖမ်းဆီးသွားကြောင်း သိရပါသည်။ ဖမ်းဆီးခံရသူများ၏မိသားစုများမှာ စိုးရိမ်ကြောင့်ကျမှု များစွာ ဖြစ်ပေါ်ကြရပါသည်။ ဖမ်းဆီး ခေါ်ဆောင်သွားသည့်နေရာကိုလည်း မသိရှိရသည့်အတွက် မည်သို့ဆောင်ရွက်ရမည်ကိုလည်းမသိ ဖြစ်ကြပါသည်။ အားကိုးဖွယ် တရားဥပဒေ မရှိသကဲ့သို့ခံစားမိခြင်းသည် အလွန်ပင်ဆိုးရွားသောခံစားချက်တမျိုးဖြစ်ပါသည်။ အောက်တိုဘာလ(၂၄)ရက်နေ့ နံနက်စော စော မြို့နယ်အဖွဲ့ချုပ်ရုံးခန်းသို့ကထိန်ကိစ္စဆောင်ရွက်ရေးအတွက် ရောက်ပါသည်။ နံနက်(၈)နာရီခန့် တွင် ရုံးခန်းရှေ့လမ်းသို့ စစ်ကားတစီးရောက်လာပြီး စစ်သားများက လမ်းလုံခြုံရေး ယူကြပါသည်။ မ ရှေးမနှောင်းမှာပင် ရဝတဝင်တဦးသည် အခြားမသိသူအရပ်ဝတ်နှင့်(၃)ဦးတို့ ရုံးခန်းအတွင်း ဝင်လာကြ ပါသည်။ မည်သူမည်ဝါဖြစ်သည်ကို ၄င်းတို့မှ မပြောပါ။ နောင်လည်း မသိရပါ။ မည်သည့်စာရွက်စာ တမ်းကိုမျှလည်း မပြပါ။ ရုံးခန်းကို ရှာဖွေလိုကြောင်း ပြောပါသည်။ မည်သူမည်ဝါမသိရသူများ ရုံးခန်းအ တွင်း ရှာဖွေနေစဉ် စိတ်ပူကြသောအဖွဲ့ဝင်များ ရုံးခန်းအနီးသို့လာရောက်ကြည့်ရှုကြပါသည်။ ရုံးခန်းရှိရာ လမ်းတွင် နေထိုင်ကြသူများမှာလည်း စစ်ကားကြီးနှင့်စောင့်၍ရှာဖွေသည်ကိုကြည့်ကာ ရုံးအတွက် တာဝန်ရှိသူ အဖွဲ့ချုပ်မြို့နယ်ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူအပေါ် ကြီးမား သောအန္တရာယ်တစုံတရာကျရောက်မည်ကို စိုးရိမ်စွာဖြင့် မဝံ့မရဲ ရုံးရှေ့ဖြတ်သန်းသွားလာရင်း ကြည့်ရှု ကြပါသည်။ (၂)နာရီခန့်ရှာဖွေပြီး စာရွက်စာတမ်း၊ စာတွဲ(၅)တွဲခန့်နှင့် ရုပ်သံသွင်းတိပ်ခွေများကို သိမ်း ဆည်းသွားပါသည်။ ရုံးခန်းကိုရှာဖွေပြီးနောက် ကျနော့်အိမ်ကိုလည်း ရှာဖွေပါသည်။ မည်သည့်အရာကိုမျှ သိမ်းဆည်းခြင်းမရှိပါ။ ရှာဖွေသူတို့ပြန်သွားချိန်တွင် စစ်ကားလည်း အနီးအနားမှ ထွက်ခွါသွားပါသည်။ အာဏာပိုင်များ မည်သည့်အရာများတွေ့ရှိ သိမ်းဆည်းသွားကြောင်း အဖွဲ့ဝင်များက မေးမြန်းကြ၍ ရုံးစာတွဲများနှင့် ရုံးတွင်းရှိ တရားဝင်ပစ္စည်းများသာဖြစ်ကြောင်း၊ တရားမဝင်ပစ္စည်းများမဟုတ်ကြောင်း ဖြေကြားရှင်းလင်းရပါသည်။ ထိုနေ့မွန်းလွဲပိုင်း အဖွဲ့ချုပ်သို့သွား၍ ရှာဖွေခြင်းကိစ္စကို သတင်း ပို့ပါသည်။ အဖွဲ့ချုပ်ရုံးသို့ရောက်ရှိနေကြသော မြို့နယ်အသီးသီးမှ အဖွဲ့ဝင်တို့မှလည်း အလွန်စိတ်မချမ်းမြေ့ဖွယ်အဖြစ်အတွက် စိုးရိမ်ကြောင့်ကျမှု ခံစားနေရသဖြင့် စကားပင် မပြောနိုင်ကြပါ။

ညနေပိုင်းတွင် ပုဇွန်တောင်မြို့နယ် အဖွဲ့ချုပ် မြို့နယ်ဦးစီးအဖွဲ့ဝင်များက ကထိန်သင်္ကန်းကပ်လှူရေး ဆွေးနွေးစီစဉ်ရန် အစည်းအဝေးကျင်းပပါသည်။ အစည်းအဝေးတက်ရန် (၂)ရက်ကြိုတင်၍ ဖိတ်ကြားထားခြင်းဖြစ်ပါသည်။ နံနက်ပိုင်းတွင် ရုံးအား ဝင်ရောက်ရှာဖွေမှုကြောင့် တုန်လှုပ်ခြောက်ခြားမှုများဖြစ်ပြီး ဖိတ်ကြားထားသူများ လာမှလာပါ့မလားဟု တွေးမိပါသည်။ သို့သော် ဖိတ်ကြားထားသူ များ အပြည့်အဝတက်ရောက်ကြသဖြင့် အလွန်ပင် စိတ်ကျေနပ်မိပါသည်။ အစည်းအဝေးသဘာပတိ နိဂုံးစကားအနေဖြင့် မြို့နယ်ဦးစီးအဖွဲ့ဝင်များအား နိုင်ငံရေးအခြေအနေမှာ တဆစ်ချိုးသို့ပြောင်းသွားနိုင်ကြောင်းနှင့် လုပ်ရန်ကိစ္စဟူသမျှကို တဗိုလ်ကျ-တဗိုလ်တက်စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ကြရန် လိုကြောင်းကို ပြောကြားပါသည်။ အစည်းအဝေးမှာ ညနေ(၆)နာရီကျော်ခန့်တွင် ပြီးသွားပါသည်။ ည(၈) နာရီခွဲခန့်တွင် နေအိမ်အောက်ထပ်ရှိ အဖွဲ့ချုပ်ရုံးခန်းရှိရာအိမ်ခန်းသို့ ရဝတအဖွဲ့ဝင်တဦးနှင့် မသိသူ အရပ်ဝတ်နှစ်ဦးတို့ ဝင်လာပါသည်။ ကျနော့်အား တွေ့လိုသည်ဟု ပြောသဖြင့် သွားရောက်တွေ့ဆုံပါသည်။ ရှေးဦးစွာ နံနက်ပိုင်းက သိမ်းဆည်းသွားသော ရုပ်သံသွင်းတိပ်ခွေများကို ပြန်လည်ပေးအပ်ပါ သည်။ ထို့နောက် မေးမြန်းရန်ရှိသဖြင့် ၄င်းတို့နှင့်အတူ လိုက်ပါရန် ခေါ်ပါသည်။ ကျနော့်အား ဖမ်းတော့မည်ဟု သိလိုက်ပါသည်။ နေထိုင်ရာအိမ်ပေါ်သို့ပြန်တက်၍ မိသားစုအား အကျိုးအကြောင်းပြောပြီး ပင်နီတိုက်ပုံကိုဝတ်ဆင်ကာ လိုက်သွားပါသည်။

ရှေးဦးစွာ ပုဇွန်တောင်ရဲစခန်းရှေ့တွင် ရပ်ထားသော ကားလေး၏ အနောက်ဖက်ခုံတန်းတခု တွင် ဝင်ထိုင်စေပါသည်။ ရှေ့ခန်းတွင် ယာဉ်မောင်းနှင့် ဘေးထိုင်ခုံတွင် အခြားတဦးထိုင်နေသည်ကို တွေ့လိုက်ရပါသည်။ နောက်ခန်း မိမိထိုင်ခုံနေရာအပြင်တွင် တဦး၊ မျက်နှာချင်းဆိုင်ခုံတန်းတွင် တဦး ထိုင်နေသည်ကို တွေ့ရပါသည်။ ကားသည် အနီးအနားရှိ လူပြတ်သောလမ်းတလမ်းသို့မောင်းသွားပြီး ခေတ္တရပ်ကာ ကျနော့်မျက်စိကို အဝတ်ပိတ်စည်းပြီး လက်ထိပ်ခတ်ပါသည်။ ထို့နောက် ဆက်လက် ထွက်ခွာလာပါသည်။ မြို့တွင်းလမ်းများကို နာရီဝက်ခန့်မောင်းနှင်ဖြတ်သန်းသည်ဟု မှတ်မိပါသည်။ နောက်ထပ် တနာရီခန့် မောင်းနှင်သွားပါသည်။ တနေရာအရောက်တွင် လမ်းနံဘေးသို့ကားမောင်း ဆင်းသွားသည်ဟု ထင်ပါသည်။ အတန်ငယ်ကြာသောအခါ ကားရပ်ပြီး ကားပေါ်မှဆင်းစေ၍ လမ်းလျှောက်ရန် တွဲခေါ်ပါသည်။ အဝင်ဝများကို ငုံ့လျှိုးဖြတ်ကျော်စေပြီးနောက် လမ်းဖြေးဖြေးလျှောက်သွား ရသည်မှာ ဆယ်မိနစ်ခန့်ကြာမည်ဟု ထင်ပါသည်။ အခန်းတံခါးဖွင့်သံကြားရပြီး အခန်းတခုအတွင်းသို့လှမ်းတက် ဝင်ရပါသည်။ မျက်စေ့စည်းထားသောအဝတ်ကိုချွတ်၍ လက်ထိပ်ကိုလည်း ဖြေပါသည်။ ထို့ နောက် ပါလာသော တိုက်ပုံအင်္ကျီနှင့် စာကြည့်မျက်နှန်၊ လက်စွပ်၊ အင်္ကျီနှင့်ကိုယ်ကြပ်အတွင်းရှိ ငွေ၊ ဖောင်တိန်တို့ကို သိမ်းဆည်းပါသည်။ ဆက်လက်ပြီး အမည်နှင့်မှတ်ပုံတင်အမှတ် ရေးထားသော သစ်သားပြားကို ကိုင်စေ၍ ရှေ့တည့်တည့်နှင့် နံဘေးဖက်တို့မှ ဓါတ်ပုံရိုက်ယူပါသည်။ ဤကိစ္စပြီးသောအခါ အခြားသူများ ပြန်ထွက်သွားကြပြီး တံခါးကို ပိတ်လိုက်ပါသည်။ သစ်သားတံခါးခိုင်ခိုင်မာမာကြီးဖြစ်ပြီး အလယ်တွင် လူချောင်းအပေါက် သေးသေးတခုရှိပါသည်။ အဝင်တံခါးမ၏ ဆန့်ကျင်ဖက်နံရံတွင် ပိတ် ထားသော သစ်သားပြူတင်းပေါက်တခုရှိပါသည်။ တံခါးများ အားလုံးကို အပြင်မှသာဖွင့်နိုင်ပါသည်။ အ ခန်းမှာ(၉)ပေ ပတ်လည်ခန့်ကျယ်၍ အုတ်နံရံနှင့်ဖြစ်ပြီး မီးခံပြားမျက်နှာကျက် အလယ်လောက်တွင် မီးလုံးတလုံး ထွန်းထားပါသည်။ သစ်သားကြမ်းပြင်မှာလည်း ဖုံအလိမ်းလိမ်းနှင့်ဖြစ်နေပါသည်။ အခန်း ဒေါင့်တဒေါင့်တွင် ပလက်စတစ်အဖုံးဖြင့် သောက်ရေအိုးတလုံးနှင့် ခွက်တို့ကို တွေ့ရပါသည်။ နောက် တဒေါင့်တွင် ဆေးရုံသုံး ယောက်ျားဆီးအိုးတလုံး တွေ့ရပါသည်။

ငြိမ်သက်တိတ်ဆိတ်ခြောက်ခြားဖွယ် ဖြစ်ပါသည်။ အချိန်မှာ (၁၁)နာရီကျော်လောက်ရှိပြီဟု မှန်းဆရပါသည်။ ညောင်းညာလာပြီး မျက်စိ ပိတ်ထားခံရသောကြောင့် ဦးခေါင်းမှာလည်း နောက်နေပါသည်။ မတ်တပ်ရပ်နေရာမှ နံရံမှီကာ ဖိနပ် ဖင်ခုထိုင်၍ ငြိမ်နေသောအခါ ခြင်များ ကိုက်ပါတော့သည်။ အိုက်စပ်ခြင်းနှင့်အတူ ချွေးများ စို့ထွက်နေပါ သည်။ အဝင်တံခါးဖက်တွင် လမ်းလျှောက်သံကို တခါတရံကြားရပါသည်။ နံဘေးအခန်းများ စီလျက်ရှိ မည်ဟု ခန့်မှန်းရပါသည်။ အခန်းတံခါးများဖွင့်/ပိတ်သံကိုလည်း တခါတရံ ကြားရပါသည်။ နံရံမှီထိုင် လျက် အပြင်ရှပ်အင်္ကျီကို ချွတ်ကာ ခေါင်းခြုံ၍အိပ်မိပါသည်။ အိပ်ပျော်သော်လည်း မကြာမီ ပြန်နိုးပါသည်။

အိပ်ရမရသောအခါ ခေါင်းထဲကို အတွေးများဝင်လာပါသည်။ မေးမြန်းစရာရှိ၍ ခေတ္တဟု ပြောခေါ်ယူခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်တဦးအား ဤသို့ကြုံတွေ့နေရသည့်အခြေအနေအတိုင်းထားခြင်းသည် မည်သို့မျှ တရားဥပဒေနှင့်သော်လည်းကောင်း၊ လူ့ကျင့်ဝတ်နှင့်သော်လည်းကောင်း မကိုက်ညီဟု နားလည်ပါသည်။ မိမိကိုယ်တိုင် မည်သည့်ဥပဒေကိုမှ ဖောက်ဖျက်ခြင်းမရှိသည်ကို သိရှိပါသည်။ ဇနီးဖြစ်သူ၏ အကိုအကြီးဆုံးမှာ (၁၉၆ဝ)နှစ်လွန် တော်လှန်ရေးကောင်စီခေတ်တွင် နေအိမ်မှခေါ်သွားခြင်းခံရပြီး( )နှစ်တိုင် မည်သည့်နေရာတွင် ထားရှိမှန်းမသိဘဲ မိသားစုတစုလုံး ကိုယ်စိတ်ဒုက္ခရောက်ခဲ့ရကြောင်း ဇနီးသည်ပြောကြားဖူးသည့်အဖြစ်ကို သတိရမိပါသည်။ ယ္ခုလည်း ဇနီးသည်မှာ ခင်ပွန်းအဖမ်းခံရသည့်အတွက် မိသားစုနှင့်အတူ ဒုက္ခဖြစ်မည်ကို တွေးမိပြီး စိတ်သောက ရောက်ရပါသည်။ စိတ်ဒုက္ခအပြင် အိပ်ယာမရှိ၊ ခြင်စာအကျွေးခံနေရသောဝေဒနာမှာ ကြီးနေပါသည်။ တမိုးသောက်လျှင် ခြင်ကိုက်ဒုက္ခ သက်သာမည်ဟုတွေး၍ နေ့ကို မျှော်မိပါသည်။

ထိုင်လျက် မည်မျှကြာကြာငိုက်မျဉ်းသွားသည်မသိပါ။ အခန်းရှေ့မှ လမ်းလျှောက်သံ၊ စကားသံသဲ့သဲ့ကို ကြားရပါသည်။ စူးစိုက်နားထောင်သော်လည်း သဲကွဲစွာမကြားပါ။ များမကြာမီ အခန်းတံ ခါးဖွင့်၍ အရပ်ဝတ်နှင့်လူရွယ်တဦးက အပေါ့အပါးသွားရန် ထွက်ရမည်ဖြစ်ကြောင်းပြော၍ ခေါင်းစွပ် အိတ်စွပ်၍ ခေါ်သွားပါသည်။ အခန်းမှထွက်၍ အခန်းတနံစာ လျှောက်ပြီးသောအခါ အုတ်ရေကန်နှင့် တဆက်တည်း အိမ်သာခန်းကို ရောက်ပါသည်။ အတွင်းဖက်ကို လှည့်စေ၍ ခေါင်းစွပ်ကို ချွတ်ပေးပြီး အိမ်သာတက်၊ မျက်နှာသစ်ခြင်းကိုလည်း ပြုလုပ်ရပါသည်။ ပြီးလျှင် အခန်းသို့ခေါင်းစွပ်၍ ပြန်ဝင်ရပါ သည်။ သတိထားမိသည်မှာ အခန်း၏ မျက်နှာချင်းဆိုင်ဖက်တွင်လည်း အခန်းများရှိနေခြင်းဖြစ်ပါသည်။ ခဏကြာလျှင် အခန်းတံခါးပွင့်လာပြီး လူရွယ်တယောက်က သတ္တုပန်းကန်ပြား၊ သတ္တုခွက်တို့တွင် ထည့်ထားသော ထမင်းကြော်နှင့် လBက်ရည်ကို လာပို့ပါသည်။ နံနက် အဆာပြေစားချိန်ဖြစ်သဖြင့် သောက်လေ့သောက်ထမရှိသော လ္ဘက်ရည်ကို သောက်ပြီး ထမင်းကြော်အနည်းငယ် စားလိုက်ပါသည်။ ထိုင်၍ ဘုရားရှိခိုးပြီးနောက် ရွတ်ဆိုနေကျ ဂါထာတော်များကို ရွတ်ဆိုရင်း လမ်းလျှောက်နေပါသည်။ ခဏကြာသော် လူချောင်းပေါက်ကလေးမှ လူတယောက်က အသံထွက်အောင် မရွတ်ဆိုရန် ပြောပါသည်။ အသံကျယ်လောင်စွာရွတ်ဆိုခဲ့ခြင်း မဟုတ်သော်လည်း အသံထွက်ရုံသာ ရွတ်ဆိုရပါ တော့သည်။ လူရွယ်တယောက် ပုံစံခွက်နှင့် ပန်းကန်များ လာရောက်သိမ်းပြီးနောက် လက်ဝဲဖက် အခန်းတွင် လူရှိ/မရှိသိရန် နံရံကို ခေါက်ကြည့်ပါသည်။ ပြန်ခေါက်သံ ကြားရပါသည်။ ပဲတီပင်ပေါက် ဟင်းချို၊ ငါးခြောက်ကောင်သေးကြော်တို့နှင့်ကျွေးပါသည်။ မျက်မှန်မရှိသဖြင့် ထမင်းတွင်ပါဝင်သော စပါးလုံးများကို မရှာနိုင်ပါ။ ဟင်းများလည်း အတော်ညံ့သဖြင့် ဗိုက်တွင်အစာရှိရန် ကြိုးစား၍ စား ရပါသည်။ ဤအခန်းလေးတွင် ဘုရားရှိခိုးခြင်း၊ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းကို ပြုလုပ်လျက် အကြီး၊ အငယ်၊ အလတ် အမျိုးမျိုးသောခြင်များနှင့် အကျွမ်းဝင်ခဲ့ပါသည်။ အချို့ခြင်များ ကိုက်သောအခါ ယားဖုကြီးများ ဖြစ်လာပါသည်။

တတိယမြောက်ညတွင် ကျနော့်ကို လာရောက်ခေါ်ယူပါသည်။ ခေါင်းစွပ်ဖြင့် (၁ဝ)မိနစ်ခန့် လမ်းလျှောက်သွားပြီး တနေရာသို့ ရောက်သည့်အခါ ခေါင်းစွပ်ချွတ်၍ ကုလားထိုင်တခုတွင် ထိုင်စေပါသည်။ တိုက်အသေးလေးတခု၏ အခန်းအတွင်း ရောက်နေသည်။ ရှေ့တွင်ရှိသောစားပွဲ၏ မျက်နှာချင်းဆိုင်ဖက်တွင် အရပ်ဝတ်ဖြင့်ထိုင်နေသောလူလတ်တဦးက မေးမြန်းပါတော့သည်။ မေးမြန်းစဉ် ဆေးလိပ် သောက်ခွင့်ပေးပါသည်။ အဖြေများကို ရေးမှတ်ပြီး ရေးသားချက်များကိုဖတ်၍ လက်မှတ်ထိုးရန် ပြောပါသည်။ စာကြည့်မျက်မှန် သိမ်းထားခံရသဖြင့် ရေးမှတ်သူကိုပင် ဖတ်ပြစေ၍ နားထောင်ပြီး လက်မှတ် ရေးထိုးပေးလိုက်ပါသည်။ အချိန်(၂)နာရီကျော်ခန့်ကြာမည်ဟုထင်ပါသည်။ ထို့နောက် အခန်းသို့ပြန်ပို့ ပါသည်။ နှစ်ရက်ခန့်ကြာသောအခါ ညတွင် ယ္ခင်နေရာသို့ ခေါ်သွားပြန်သည်။ ယ္ခင်နည်းနှင့်ပင် အကြောင်းအရာသစ်များကို မေးမြန်းပါသည်။ ပြီးနောက် အခြားတခန်းတွင်ထိုင်နေသော အရပ်ဝတ်နှင့် လူရွယ်တဦးနှင့်ထိုင်၍ စကားပြောစေပါသည်။ နာရီဝက်ခန့်စကားပြောပြီးနောက် အခန်းသို့ပြန်ပို့ပါသည်။ မေးမြန်း ပြောဆိုခြင်းများ စုစုပေါင်း (၃)နာရီကြာခဲ့သည်ဟုထင်ပါသည်။ နောက်နေ့ညနေပိုင်းတွင် အခန်းတံခါးဖွင့်ပြီး အရပ်ဝတ်ဖြင့် လူ(၂)ဦး အခန်းအပြင်မှ ကျန်းမာရေးကိစ္စပြောရန်ရှိ/မရှိ၊ ရောဂါဝေဒ နာရှိ/မရှိကို မေးပါသည်။ မရှိကြောင်းပြောကြားသောအခါ ၄င်းတို့ ပြန်သွားကြပါသည်။ ထိုည၌ ကွပ်ပျစ်တလုံး၊ ပလက်စတစ်အခင်းပြားတချပ်၊ စောင်ပါးတထည်၊ ခေါင်းအုံးတလုံး အခန်းထဲသို့လာပို့ ပါသည်။ ဖမ်းဆီးခံရပြီး (၇)ရက်မြောက်နေ့၊ အောက်တိုဘာလ(၃၁)ရက်နေ့ဟု မှတ်မိပါသည်။ မွန်းလွဲ ပိုင်းအချိန်တွင် လူရွယ်တယောက် လာရောက်ပြီး ခေါင်းစွပ်၍ခေါ်သွားရာ (၁ဝ)မိနစ်ခန့်လျှောက်ရသည့် တနေရာသို့ရောက်သွားပါသည်။ ခေါင်းစွပ်ချွတ်ပြီးလိုက်သောအခါ တိုက်အသေးလေးတခု၏ အခန်း ရှည်မျောမျောအခန်းတွင် ကုတင်သုံးလုံး နေရာခြား၍စီထားပါသည်။ ဦးခင်မောင်ဆွေအား အလယ်ကု တင်တွင် နေရာချထားပြီး မိမိအား ဘေးကုတင်တလုံးတွင် နေရာချပေးပါသည်။ ကျန်ကုတင်တွင် မည်သူလာမည်လဲဟု ဦးခင်မောင်ဆွေက မေးရာ ဦးမောင်ကို လာမည်ဟု ဖြေပါသည်။ လာပို့သူနှစ်ဦးက မပြောသင့်သည့်စကားများကိုမပြောရန်၊ အသံကျယ်လောင်စွာ ပြောဆိုခြင်းမပြုရန်နှင့် ခြံအတွင်းသို့မဆင်းကြရန်မှာပြီး ထွက်သွားကြပါသည်။ အဆောက်အဦတွင် အိမ်ရှေ့ခန်းသဖွယ် အခန်းတခန်းနှင့် ရေကန်တကန်ရှိသော နောက်ဖေးခန်းတခန်းရှိပါသည်။ အိမ်သာမှာ ကပ်လျက် ပြင်ပတွင်ရှိပါသည်။ အ ဆောက်အဦးတွင် မှန်ပြူတင်းပေါက်များနှင့်ဖြစ်ပြီး တံခါးကိုလည်း ပိတ်ခြင်းမပြုပါ။ ဆယ်ပေပတ်လည်ခန့် မြေအလွတ်တွင် သရက်ပင်၊ မာလကာပင်အနည်းငယ်ရှိပြီး ခြံဝန်းကို အုတ်ခြေခံပြီး အပေါ်မှ သွပ် ပြား ဒေါင်လိုက်ထောင်ထားသောနံရံဖြင့် ကာရံထား၍ ခြံတံခါးကို အပြင်မှပိတ်ထားပါသည်။ အနောက်ဖက် ခြံဝန်းကိုကား သံဆူးကြိုးစိတ်စိတ်နှင့်ကာထားပါသည်။ ဦးမောင်ကိုမှာ ရောက်မလာပါချေ။ ညအချိန်တွင် ဦးမောင်ကိုအတွက် လျာထားသော ကုတင်မှအိပ်ယာပစ္စည်းများ လာရောက်၍ သိမ်းသွားပါသည်။

ထိုနေရာသစ်တွင် ဆေးလိပ်၊ မီးခြစ် မှာယူ၍ ဝယ်ခွင့်ပြုပါသည်။ ရောက်သည့်ညနေစာမှာ လည်း ယ္ခင်နေရာမှာထက် ပိုမိုကောင်းမွန်သည်ကိုတွေ့ရပါသည်။ အိပ်ယာခင်း၊ ဂွမ်းကပ်အခင်း၊ စောင် ပါး၊ စောင်ထူ၊ ခေါင်းအုံး၊ ခြင်ထောင်တို့ကို ပေးပါသည်။ ရေချိုးခြင်း၊ အပေါ့အပါးသွားခြင်းတို့ကို လွတ် လပ်စွာလုပ်နိုင်ပြီး နေရာကျယ်ဝန်းမှုရှိပါသည်။ အဖော်ရှိ၍လည်း စကားစမြည်ပြောခြင်းဖြင့် အချိန်တွေ ကုန်စေခဲ့ပါသည်။ ရောက်ရှိပြီး (၄)ရက်ခန့် နေ့လည်ပိုင်းတွင် အဆောက်အဦကြီးတခု၏ အောက်ထပ် အခန်းငယ်တခုသို့ခေါ်သွား၍ မေးမြန်းစစ်ဆေးပြန်ပါသည်။ အချိန် (၁)နာရီကျော် ကြာခဲ့ပါသည်။ နောက်(၃)ရက်ခန့်အကြာတွင်လည်း ထိုကဲ့သို့ပင် ခေါ်၍ အကြောင်းအရာသစ်များ မေးမြန်းရာ (၁)နာ ရီခန့် ကြာပါသည်။ နောက်တနေ့တွင် နေရာသစ်တခုသို့ နေ့ပိုင်းအချိန်တွင်ခေါ်သွားပြီး လုပ်သားပြည်သူ့သတင်းစာတစောင်ကိုပေး၍ သတင်းစာပါ နဝတဥက္ကဋ္ဌ၏မိန့်ခွန်းကိုဖတ်ပြီး ၄င်း မိန့်ခွန်းအရေးပါပုံကို ရေးသားခိုင်းပါသည်။ ဖတ်ရှုရေးသားနိုင်ရန် မျက်မှန်တလက်ပေးပါသည်။ မိမိဖာသာ တယောက်တည်း ဖတ်ရှုရေးသားရန် ထားခဲ့ပါသည်။ ရေးသားခိုင်းသူ ပြန်ရောက်လာသောအခါ ရေးသားထားသည်ကို ဖတ်ပြီး ပိုမိုပြည့်ပြည့် စုံစုံရေးရန်ပြော၍ ထွက်သွားပါသည်။ ထပ်မံဖတ်ပြီး အကြောင်းအရာသစ်အချို့ ဖြည့်စွက်ရေးလိုက်ပါသည်။ ရေးခိုင်းသူ ထပ်မံ ပြန်ရောက်လာသောအခါ ရေးသားချက်ကိုဖတ်ပြီး လက်မှတ်ရေးထိုးပါသည်။ (၃)နာရီကျော်ခန့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာနှင့် အချိန်ကုန်ခဲ့ရပါသည်။

နိုဝင်္ဘာလ(၉)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ခေါင်းစွပ်နှင့်လူတယောက်ကို အခန်းတွင်း ခေါ်လာပြီး လွတ်နေသော ကုတင်နားရောက်သောအခါ ခေါင်းစွပ်ကို ချွတ်ပေးပါသည်။ အဖွဲ့ချုပ် ဗဟို လူငယ်တာဝန်ခံ ကိုမြင့်စိုးဖြစ်နေသည်ကို တွေ့ရပါသည်။ ကိုမြင့်စိုးရောက်လာသည့်အတွက် ဦးခင် မောင်ဆွေနှင့်မိမိတို့မှာ အဖော်တယောက်တိုးလာသဖြင့် အားရမိပါသည်။ ကိုမြင့်စိုးမှာ အတော်ပင်ပန်း နေပုံရပြီး အတူနေသောကာလတလျှောက်လုံး နွမ်းနယ်လျက်ရှိပါသည်။ ကိုမြင့်စိုးနှင့်ဦးခင်မောင်ဆွေတို့ ကိုလည်း အခါအားလျော်စွာ ခေါ်ယူမေးမြန်းသည်ကို တွေ့ရပါသည်။

နိုဝင်္ဘာ(၁၄)ရက်နေ့ဟု မှတ်မိပါသည်။ နေ့လည်ပိုင်းအချိန်တွင် လူရွယ်တယောက်လာပြီး မိမိပိုင် ပစ္စည်းများကိုသိမ်း၍ လိုက်ရန်ခေါ်ပါသည်။ မိမိပိုင်ပစ္စည်းဆိုသည်မှာလည်း ကိုယ်တွင် ဝတ်ထား သောအဝတ်နှင့် ဆေးပေါ့လိပ်အနည်းငယ်သာ ရှိပါသည်။ ခေါင်းစွပ်၍ခေါ်သွားပါသည်။ တနေရာတွင် တံခါးကို ဖွင့်၍ဝင်ပြီးနောက် လှေကားသုံးထစ်ကိုတက်ပြီး အခန်းတခုထဲသို့ ဝင်ရောက်ရပါသည်။ ခေါင်းစွပ် ဖွင့်လိုက်သောအခါ သစ်သားတဖက်ခြမ်း အခန်းတခုအတွင်းသို့ရောက်နေပြီး ကုတင်သုံးလုံး စီချ ထားသည်ကိုတွေ့ရပါသည်။ အခန်းမှ မကျယ်လှသဖြင့် ကုတင်တလုံးနှင့်တလုံး နှစ်ပေကျော်ခန့်သာ ခြားပါသည်။ ခြေရင်းတွင် စားပွဲတလုံးရှိပါသည်။ အခန်းနှင့်ဆက်လျက် အိမ်သာနှင့်ရေချိုးကန်တခု ရှိပါ သည်။ တဖက်ခြမ်းတွင် အမှုထမ်းများနေသည်ဟု ထင်ရပါသည်။ အိမ်မှာ ခြံဝန်းအတွင်းရှိ သစ်သား အိမ်ဖြစ်ပြီး တံခါးကိုလည်း အပြင်မှပိတ်ထားပါသည်။ ခြံဝန်းတံခါးကိုလည်း ပိတ်ထားပါသည်။ သံတိုင်ပြူတင်းပေါက်နှစ်ပေါက်ရှိပါသည်။ အိပ်ယာပစ္စည်း စုံလင်စွာပေးပါသည်။ အခန်းသို့ဦးခင်မောင်ဆွေနှင့် တပ်ကုန်းလွှတ်တော်ကိုယ်စားလှယ် ကိုဝင်းလိင်ြတို့လည်း မရှေးမနှောင်းရောက်လာကြပါသည်။ ရောက်ပြီး တရက်ခန့်အကြာတွင် အဆောက်အဦကြီး၏အောက်ထပ် အခန်းငယ်တခုသို့ခေါ်သွားပြီး မိမိသိရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် မျိုးချစ်ရဲဘော်ဟောင်းများ၏ အ ကြောင်းကို ရေးခိုင်းပါသည်။ အချိန်(၁)နာရီကျော်တွင် ပြီးပါသည်။ နောက်တနေ့နံနက်ပိုင်းတွင် လာ ရောက်ခေါ်ယူ၍ မေးမြန်းပါသည်။ မွန်းလွဲပိုင်းတွင် နောက်တကြိမ်ပြန်ခေါ်ပြီး နံနက်ပိုင်းမေးမြန်းသည့် အကြောင်းအရာကိုပင် မေးမြန်းပြန်သည်။ အနည်းငယ်ကျဉ်းမြောင်းသောနေရာတွင် နေကြရသဖြင့် အတူနေကြရသူ(၃)ဦးလုံး အနေအထိုင် ကျဉ်းကြပ်မှုဒဏ်ခံရပါသည်။ ဖမ်းဆီးခေါ်ဆောင်လာသည်မှာ ရက်(၂ဝ)ကျော်လာပြီဖြစ်၍ မိသားစုအသီးသီးတို့၏ စိတ်သောကရောက်ရမည့်အဖြစ်ကို ပူပန်ကြပါ သည်။ စိုးရိမ်ကြောင့်ကျခြင်းနှင့် အန္တရာယ်အခက်အခဲ ကြုံတွေ့ရခြင်းများသည် အတူနေသူ(၃)ဦးလုံးကို ဖိဆီးနှိပ်စက်နေပါသည်။ အိပ်မပျော်ခြင်းဝေဒနာသည် မဖိတ်ခေါ်ဘဲ ရောက်လာပါသည်။

နိုဝင်ဘာလ (၁၈)ရက်နေ့ဟု မှတ်သားမိသောနေ့ နံနက်ထမင်းစားပြီးချိန်တွင် လူရွယ်တယောက် ရောက်ရှိလာပြီး ပိုင်ဆိုင်သည့် ပစ္စည်းများအားလုံးကိုယူ၍ လိုက်ခဲ့ရန်ပြောပါသည်။ ပိုင်ပစ္စည်း ဟူ၍ ဝတ်ထားသောအဝတ်နှင့် ဆေးလိပ်(၂၅)လိပ်တစည်းသာရှိ၍ ကောက်ကာငင်ကာပင် လိုက် သွားပါသည်။ အဆောက်အဦကြီး၏ အောက်ထပ်အခန်းတခုသို့ရောက်သော် ခေါင်းစွပ်ချွတ်၍ စားပွဲ တလုံးအနီး ခေတ္တရပ်နားနေရပါသည်။ လူလတ်တဦးရောက်လာပြီး စာရွက်တရွက်တွင် မှတ်သားထားသော စာရင်းအရ မိမိထံမှ သိမ်းဆည်းထားခဲ့သည့် တိုက်ပုံအင်္ကျီနှင့်အခြားအရာများအားလုံးကို ပြန်ပေးပါသည်။ ထိုအချိန်တွင် မိမိအားစစ်ဆေးရာတွင် ဥပဒေနှင့်ငြိစွန်းနိုင်သည့်ကိစ္စများမပါခဲ့သဖြင့် မိမိအား အိမ်ပြန်ပို့တော့မည်ဟု ထင်မိပါသည်။ ခဏအကြာတွင် လက်ထိပ်ခတ်၊ မျက်စေ့အဝတ်စည်း၍ အဆောက်အဦအပြင်သို့ခေါ်ထုတ်ပါသည်။ အဆောက်အဦကြီးမှာ ချုပ်နှောင်ထားရာခြံဝန်းအား ကာရံထားသောနံရံကို ငုံ၍ဆောက်ထားပြီး ပင်မအဝင်အထွက်တခါးရှိရာနေရာလည်းဖြစ်ပါသည်။ လျှို့ဝှက်ထားသော ထောင်ကြီးတခု ဖြစ်မည်ဟုထင်ပါသည်။ ကားငယ်လေးတစီး၏ နောက်ခန်းသို့တက်ရပါသည်။ ဖမ်းခေါ်လာစဉ်ကအတိုင်းဖြစ်၍ အိမ်ပြန်ရာလည်း ဖြစ်နိုင်ပါသည်။

ကားသည် တနာရီနီးပါး မောင်းပြီး နေရာတနေရာတွင် ရပ်ပါသည်။ ကားပေါ်မှဆင်းစေပြီး အဆောက်အဦတခုအတွင်းသို့ခေါ်ကာ အခန်းတခုအတွင်းသို့အရောက်တွင် မျက်စိစည်းအဝတ်ကို ဖြေ၍ လက်ထိပ်ကိုချွတ်ပါသည်။ ခဏအကြာတွင် ထောင်အရာရှိဝတ်စုံဖြင့် လူတဦး ရောက်လာပါ သည်။ ခေါ်လာသူမှာ ထောင်အရာရှိအား စာရွက်တရွက်ပေး၍ လွှဲပြောင်းပေးသည်ဟုထင်ပါသည်။ ခေါ်လာသူ ပြန်သွားပြီး ထောင်အရာရှိလည်း ထွက်သွားပါသည်။ ထောင်ဝန်ထမ်းတဦးရောက်လာပြီး စောင့်နေပါသည်။ အချိန်(၁)နာရီခန့် ကြာပြီးနောက် ထောင်ဝန်ထမ်းမှခေါ်၍ အပြင်ဖက်တွင် ရပ်ထား သော ကားတစီးနောက်ခန်းသို့တက်စေပြီး မောင်းခေါ်သွားပါသည်။ ကားရပ်သောအခါ ဆင်းစေ၍ တံခါးကြီးတခုအတွင်းရှိ တံခါးငယ်မှ ခေါင်းငုံ့၍ အတွင်းသို့ဝင်စေပါသည်။ အတွင်းရောက်သောအခါ တဖက်တွင်လည်း အလားတူတံခါးကြီးတခုကို မြင်နေပါသည်။ တံခါးကြီးနှစ်ခုကြား နံဘေးအခန်းတခု သို့ခေါ်၍ ပါလာသော ပစ္စည်းများဖြစ်သည့် ပင်နီတိုက်ပုံအင်္ကျီ၊ လက်စွပ်၊ နာရီ၊ ဖောင်တိန်နှင့် ပိုက်ဆံ၊ စာကြည့်မျက်မှန်တို့ကို သိမ်းယူပါသည်။ ထို့နောက် တံခါးနှစ်ခုအကြား မြေကွက်လပ်တွင် ဖိနပ်ချွတ်၍ ထိုင်စေပါသည်။ (၁ဝ)မိနစ်ခန့်အကြာတွင် အတွင်းဖက်တံခါးကြီးမှ ဝန်ထမ်းတဦး ရောက်လာပြီး ခေါ်ပါသည်။ တံခါးအတွင်း ဝင်သည်နှင့် စောင်ဖြင့် ခေါင်းအုပ်၍ ခေါ်သွားပါသည်။ ခဏအကြာ လမ်းလျှောက် သွားပြီးနောက် ခေါင်းခြုံထားသောစောင်ကို ဖယ်လိုက်သောအခါ သံတံခါးကြီးတခုရှေ့သို့ရောက်နေပါ သည်။ ဝန်ထမ်းက သံတံခါးကြီးဖွင့်၍ လူရွယ်တဦးနှင့် လူငယ်သုံးဦးကို တွေ့ရပါသည်။ အခန်းမှာ (၉) ပေခန့်ကျယ်၍ (၁ဝ)ပေခန့်ရှည်ပြီး ဝါးကြမ်းဖျာ လေးချပ်နှင့် အခန်းတခန်းလုံးပြည့်နီးပါး ခင်းထားပါ သည်။ ဒေါင့်တွင် ဆီး၊ ဝမ်း စွန့်ရန် မြေအင်တုံကြီး(၃)လုံးရှိနေပါသည်။ တခန်းလုံး လူအနံ့နှင့် အညစ်အ ကြေးအနံ့များနှင့် နံစော်နေပါသည်။ အခန်းတွင်းရှိသူတို့နှင့် အပြန်အလှန်မိတ်ဆက်ပြီး ၄င်းတို့က ကောင်းကောင်း မွန်မွန် နေရာပေးပါသည်။ ကျနော် အင်းစိန်တွဲဖက်ထောင် အဆောင်(၂)၊ အခန်း(၅)သို့ရောက်နေကြောင်း သိရပါသည်။ နောက်ထပ် ကျောချင်းကပ် အခန်း(၂၄)ခန်းအနက် မျက်နှာစာဖက် အခန်း(၁၂)ခန်းထဲမှ တခန်းဖြစ်ပါသည်။ အပေါ်ထပ်တွင် အခန်းကြီးများရှိပါသည်။

အောက်ထပ်အခန်းအားလုံးတွင် နိုင်ငံရေးသမားများအား ထည့်သွင်းပိတ်လှောင်ထားပါ သည်။ ညနေထမင်းကျွေးချိန်တွင် ထမင်းဝေသူက သတ္တုပန်းကန်များကို ပထမဝေပြီး တံခါးအပြင်မှ ခွက်ဖြင့်ခပ်၍ သံတိုင်ကြားမှထည့်ပေးသောထမင်းကို ထိုပန်းကန်များဖြင့် ခံယူရပါသည်။ ‘တာလပေါ’ဟု ခေါ်ကြသော အရွက်ပြုတ်ရည်ကျဲကိုလည်း ပေးပါသည်။ အခန်းတွင်းရှိသူများက ထိုအရွက်ပြုတ်ရည်ကို ပလက်စတစ်ရေချိုးခွက်တခုဖြင့် ခံယူပြီး အချိုမှုန့်ခပ်၊ ဆားခပ်ပါသည်။ စိမ်းစားငပိလည်း ပေးသော် လည်း အခန်းတွင်းရှိသူများက ငပိကို မယူပါ။ ၄င်းတို့နှင့်အတူ စားရန်ပြောပြီး ၄င်းတို့ရှိ ငပိကြော်၊ ငါး ခြောက်ကြော်-စသော ဟင်းခြောက်များ၊ သရက်သီးသနပ်- စသည်တို့ကို ပေးပါသည်။ ထမင်းမှာ အ တော်မာကျောကြမ်းတမ်းပြီး စပါးလုံးများ ပြည့်နှက်နေပါသည်။ မျက်မှန်သိမ်းဆည်းခံထားရသဖြင့် စပါးလုံးမရှာနိုင်ဘဲ စားရခြင်းအတွက် များစွာအခက်အခဲတွေ့ပါသည်။ ထမင်းဆာလှသော်လည်း နေရာကြပ်တည်းမှု၊ အနံ့အသက်မကောင်းမှုတို့ကြောင့် ထမင်းအနည်းငယ်သာစားနိုင်ပါသည်။ အခန်း တွင်းရှိသူနှစ်ဦးမှာ ရုံးထွက်ရသူများဖြစ်သဖြင့် အစားအသောက်ဆေးဝါးများရှိနေပါသည်။ ကျန်အများစုမှာ ထောင်မှကျွေးသောထမင်းကိုသာ စားနေရပါသည်။ နံနက်ပိုင်းကျွေးသော ပဲဟင်း၊ ညနေပိုင်းကျွေးသော ဟင်းရွက်ပြုတ်ရည်တို့ဖြင့်စားရသဖြင့် အင်အားပျော့နေကြသည်ကို တွေ့ရပါသည်။ အတော်များများမှာလည်း ဝမ်းလျှော၊ ဝမ်းကိုက်ဖြစ်နေကြပါသည်။ ခြုံစောင်များမရှိကြသဖြင့် သမံတလင်းကြမ်းပေါ်ရှိ ဝါးဖျာပေါ်တွင်အိပ်ရသဖြင့် အအေးပတ်ပြီး နှာစေးချောင်းဆိုးဖြစ်ကြပါသည်။ နိုင်ငံရေးအကျဉ်းသားများမှာ ဖမ်းဆီးခံရချိန်မှ တလနီးပါးကျော်ကာလ အိမ်နှင့်အဆက်အသွယ်ပြတ်နေကြသူများ ဖြစ်ကြပါသည်။ အပေါ်ထပ်တွင် ထိုင်းငါးဖမ်းသင်္ဘောများနှင့်အတူ ဖမ်းဆီးခံရသော ထိုင်း၊ မွန်၊ ထားဝယ်၊ မြိတ်ဒေသသားတို့ရှိကြပါသည်။

အခန်းတွင်းရှိသူများက ၄င်းတို့ရှိ စောင်ပါးတထည်ကို ပေးခြုံပါသည်။ ကြမ်းပိုးအလွန်များ၍ ကြမ်းပိုးကိုက်သဖြင့် မကြာခဏနိုးရပါသည်။ အကျဉ်းကျနေသူတော်တော်များများ ခြင်၊ ကြမ်းပိုးကိုက် ခြင်း၊ နေရာမသန့်ရှင်းခြင်းကြောင့် ယားနာများဖြစ်ရာမှ ဝဲရောဂါ စွဲကပ်နေသည်ကိုတွေ့ရပါသည်။ နေ့ စဉ် နံနက်ပိုင်း အညစ်အကြေးများကို သွားရောက်စွန့်ပစ်ရန်အချိန် (၁ဝ)မိနစ်ခန့်သာရပါသည်။ ဆီး၊ ဝမ်း ချိုးကပ်နေသော၊ ဆီး၊ ဝမ်းများဖြင့် ပြည့်နေသော မြေအင်တုံကြီးကို ကိုင်၍ စွန့်ရန်နေရာသို့သွား ရောက်သွန်လောင်းကြရပါသည်။ အင်တုံများကို ဆေးရန်ရေ အလုံအလောက်မရှိပါ။ အချိန်လည်း မ ရှိပါ။ မျက်နှာသစ်ရန်အချိန်ကိုပင် လုနေရပါသည်။ အနံ့ဆိုးများ ထပ်ကာကျန်နေသောအင်တုံများနှင့် အခန်းတွင်းပြန်ဝင်ရပါသည်။ ထို့နောက် ရေချိုးရန် တခန်းချင်းဖွင့်၍ ရေချိုးရန်(၁၅)မိနစ် အချိန်ပေးပါ သည်။ ရေချိုးရာတွင် ထမင်းစားပန်းကန်ပြားဖြင့် (၁၅)ပန်းကန်သာ ချိုးရပါသည်။ စင်ကြယ်မှုမရှိပါ။ အ ဝတ်လျှော်ခြင်းကို တပတ်တခါသာ အချိန်အကန့်အသတ်ပေးပါသည်။ အညစ်အကြေးစွန့်ရန်၊ ရေချိုးရန်သာ အခန်းအပြင်ထွက်ရချိန်မှအပ တနေကုန် ဆယ်ပေပတ်လည်အခန်းထဲတွင် ကြပ်တည်းစွာ ပိတ် လှောင်ခံနေရပါသည်။ နေထိုင်ရာအခန်းရှေ့တူရူ ကိုက်(၅ဝ)ခန့်အကွာတွင် နေထိုင်ရာအဆောက်အဦ ကြီးနှင့် ပုံစံတူအဆောင်ကြီး နောက်တခုရှိသည်ကို တွေ့မြင်ရပါသည်။ အနီးအနားအခန်းများတွင် သိ ကျွမ်းသော အဖွဲ့ချုပ်လူငယ်ကျောင်းသားတဦးနှင့် ကျောင်းသားလူငယ်နှစ်ဦးတို့ကို တွေ့ရပါသည်။ ကျောဖက်ခြမ်းရှိအခန်းတခုတွင် ကိုကိုးကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးလှသန်းရှိနေကြောင်း သိရှိရပါသည်။ (၃)ရက်ခန့်အကြာတွင် ရှေ့ဖက်အဆောင်တွင် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဦးတင်မောင်ဝင်း နှင့် အဖွဲ့ချုပ်မှ အသက်ကြီးသူ ဗဟိုဦးစီးအဖွဲ့ဝင်များစွာကိုလည်း မသဲမကွဲ မြင်တွေ့ရပါသည်။

(၅)ရက်ခန့်အကြာ တနံနက်တွင် တာဝန်ကျဝန်ထမ်းက အခန်းမှခေါ်ထုတ်၍ စောင်အုပ်ကာ ထောင်တံခါးဝသို့ပို့ပါသည်။ ထောင်တံခါးဝတွင် ခေတ္တစောင့်ရပြီး အပြင်ဖက်ရှိ အချုပ်ကားကြီးပေါ် တက်ကာ လိုက်သွားရပါသည်။ ကားမှာ အင်းစိန်ထောင်မကြီးမှသူများနှင့် ပြည့်နှက်နေပါသည်။ အချုပ် ကားမှာ လုံခြုံစွာကာရန်ထား၍ လေဝင်ပါသော်လည်း အတွင်းရှိလူ များလွန်းသဖြင့် မွန်းကြပ်စွာနှင့် ကားလှုပ်ရမ်းသည့်အတိုင်း ဒယိမ်းထိုး၍ မတ်တပ်ရပ်လိုက်သွားရပါသည်။ ကားပေါ်ပါသူများ အဝတ်အ စားများ ဟောင်းနွမ်းညစ်ပတ်နေပြီး နံစော်နေကြပါသည်။ မိမိကိုယ်တိုင် တလကျော် အဝတ်တထည် ကိုယ်တခုဖြင့် မသန့်မရှင်း နံစော်နေသည်ထက် ပို၍နံစော်နေသူများဖြစ်ကြပါသည်။ လက်နှင့်ကိုင်စရာ မရှိသော ကားနံရံကို ထောက်မှီထားရပြီး ခြေညောင်း လက်ညောင်းဖြင့် နာရီဝက်ကျော်ကြာမှ အမြန် မောင်းခဲ့သောကားမှာ ရုံးဝန်းနေရာတခုအတွင်းသို့ဝင်၍ရပ်ပါသည်။ ကားတွင်လိုက်ပါသူ ရဲအစောင့် က နာမည်ခေါ်၍ ကားပေါ်မှ ဆင်းခိုင်းပါသည်။ ၄င်းရုံးရှိ ရဲတပ်ကြပ်တဦးက မိမိအပါအဝင် ကားပေါ်မှ ဆင်းလာသူများကို လက်ခံယူပြီး အနီးရှိ မြေခင်း(၁၅)ပေခန့်ရှည်၍ (၁ဝ)ပေခန့်ကျယ်သော အချုပ်ခန်း အတွင်းသို့ဝင်ခိုင်းပါသည်။ အခန်းဒေါင့်တနေရာတွင် အမှိုက်ပုံရှိပြီး ကျင်ငယ်စော် နံနေပါသည်။ အခန်း တွင်းရှိ လူ(၂ဝ)ကျော်မှာ ရာဇဝတ်မှုတို့ဖြင့် ချုပ်နှောင်ခံနေရသူများဖြစ်ပါသည်။ ဤမှာ မင်္ဂလာဒုံမြို့နယ် တရားရုံး အချုပ်ခန်းပင်ဖြစ်ပါသည်။

တနာရီနီးပါးကြာသော် အချုပ်ခန်းစောင့် ရဲတပ်ကြပ်ကခေါ်၍ အပြင်သို့ထွက်ပေးရပါသည်။ အချုပ်ခန်းအပြင် လက်ရောက်သည်နှင့် လက်ထိပ်ခတ်ကာ အရပ်ဝတ်နှင့်လူနှစ်ဦးမှ ဆက်လက်၍ လမ်း တဖက်ရှိ မင်္ဂလာဒုံရဲစခန်းအတွင်းရှိ သပ်ရပ်သော အခန်းအတွင်းသို့ ခေါ်သွားပါသည်။ လက်ထိပ်ချွတ်၍ ကုလားထိုင်ပေါ်ထိုင်စေပြီး လက်နှိပ်စက်ထားရိုက်သော စာရွက်နှစ်ရွက်ကို ဖတ်ရှုလက်မှတ်ရေးထိုး ခိုင်းပါသည်။ မျက်မှန်တလက်ကိုလည်း ပေးပါသည်။ ပါဝါမကိုက်သော်လည်း အလုပ်ဖြစ်ပါသည်။ ရေးသားရိုက်နှက်ချက်မှာ လျှို့ဝှက်အချုပ်ထောင်တွင် မေးမြန်းမှုကို ဖြေကြားထွက်ဆိုခဲ့သည်များအနက် ဗကသကျောင်းသားတဦးအား ငွေကျပ်(၃ဝဝဝ)ချေးငှားခဲ့သည်ဟူသောအကြောင်းအရာဖြစ်ပါသည်။ လက်မှတ်ရေးထိုးပြီးနောက် ခေါ်ယူသူတို့က အချုပ်ခန်းသို့ပြန်ပို့ပါသည်။ (၂)နာရီခန့်အကြာတွင် အ ချုပ်ခန်းအတွင်းရှိ အခန်းအတွင်းပြန်ဝင်ရပါသည်။ လူများအား (၆)ယောက်တတွဲခေါ်ထုတ်၍ ကြိုးတ ချောင်းဖြင့် လက်ကို ပူးချည်ကာ အတွဲလိုက် အနီးနားရှိတရားရုံးသို့ခေါ်သွားပါသည်။ မိမိအပါအဝင် အလှည့်ကျအတွဲများ တရားရုံးတရားခံများနေရာ ခုံတန်းလျားရှေ့တွင် မတ်တပ်ရပ်နေစဉ် ခုံရှေ့ ကု လားထိုင်မြင့်ကြီးသို့တရားသူကြီးတဦး ရောက်လာကာ သက်ဆိုင်သူများအား စွဲဆိုချက်ပုဒ်မကို ဖတ် ပြ၍ ရမန်ယူကြောင်း ပြောပါသည်။ မိမိအား စွဲချက်တစုံတရာမပြောဘဲ ပုဒ်မ ၅(ည)အရ ရမန်ကြီး တပတ် ပေးကြောင်းပြောပါသည်။ နောက်(၁၄)ရက်ကြာလျှင် တရားရုံးသို့ပြန်ခေါ်မည်ဟု ဆိုလိုခြင်းဖြစ် ပါသည်။ အချုပ်ခန်းမြေကြီးပေါ်တွင် ဖိနပ်ဖင်ခုထိုင်လိုက်၊ မတ်တပ်ရပ်လိုက်နှင့် အချိန်ကုန်လွန်စေပြီး ညနေ(၄)နာရီကျော်ခန့်အထိ အချုပ်ကားပြန်လာရန် စောင့်ရပါသည်။ အပြန်ခရီးတွင် ကားထဲမှာ အ လာကထက်ပို၍ လူကြပ်နေသည့်အပြင် နေအရှိန်ကြောင့် ကား၏သံအမိုး၊ သံအကာများမှာ ကိုင်မရ အောင် ပူနေပြီး အတွင်းပါ လူများအားလုံး ချွေးများနှင့် ပေညစ်နံစော်နေကြပါသည်။ ကားရပ်နေခိုက် အထူးဆိုးရွားပါသည်။

ကားထွက်သည့်အချိန်မှာ လေအနည်းငယ်ဝင်၍ သက်သာရာရပါသည်။ ထောင်အခန်းသို့အလွန်ပင်ပန်းနွမ်းနယ်စွာ ပြန်ရောက်ပါသည်။ ထိုနေ့အဖို့ ရေမချိုးလိုက်ရပါ။ ပင်ပန်း လွန်း၍ ထမင်းမစားနိုင်ပါ။ သို့သော် ထိုနွမ်းနယ်မှုကြောင့် အိပ်မောကျသွားပါသည်။ နောက်တ နေ့နံနက်ပိုင်းတွင် အခန်းတွင်းမှ ကျောင်းသားတဦးအား နေရာပြောင်းသွားပြီး ညနေပိုင်းတွင် ဆိပ်ကမ်းကြီးကြပ်ရေးမှူးတဦးနှင့် တက္ကသိုလ်မှ နည်းပြတဦးတို့ ရောက်လာပါသည်။ ၄င်းတို့နှင့်အတူ အ ခြားသူများအား အခြားအခန်းများသို့သွင်းပါသည်။ မိမိတို့အခန်းတွင် လူ(၆)ယောက်ဖြစ်သွား၍ အ အိပ်အနေ အတော်ကြပ်တည်းသွားပါသည်။ မျက်နှာချင်းဆိုင်ဖက်ရှိအဆောင်တွင် မိမိကောင်းမွန်စွာ သိကျွမ်းသော အသက်(၁၃)နှစ်ခန့် ကျောင်းသားကလေးအား တွေ့လိုက်ရ၍ ၄င်းအတွက် အလွန်ပင် စိတ်မကောင်းဖြစ်မိပါသည်။ ရုံးထွက်ရက်မှ (၁၄)ရက်မြောက်သောနေ့တွင် မင်္ဂလာဒုံရုံးသို့ယ္ခင် တခေါက်ကဲ့သို့ပင် သွားရောက်ခဲ့ရပါသည်။ တရားရုံးအချုပ်ခန်းသို့ရောက်ပြီးမကြာမီ တာဝန်ခံရဲကြပ်က အချုပ်ခန်းအပြင်သို့ထွက်ခိုင်းပြီး အရပ်ဝတ်နှစ်ဦးမှ ကိုယ်တပိုင်းဖြတ်ပုံ ရိုက်ပါသည်။ တရားသူကြီးက မည်သည့်စွဲချက်ကိုမျှမပြုလုပ်ဘဲ ရမန်တပတ်ချိန်းလိုက်ပါသည်။ ရုံးမှ မိသားစုနှင့်ဆက်သွယ်ရန်နှင့် ရှေ့နေငှားရန် ခွင့်မပြုပါ။ မှုခင်းအရ စွဲဆိုခြင်းလည်းမပြုဘဲ ရက်ချိန်းပေးနေခြင်းဖြစ်သည်။ မည်သည့် အကြောင်းကြောင့်ဖြစ်သည် မသိရပါ။ နေအိမ်မှ ဖမ်းဆီးခဲ့သည်မှာ နှစ်လကျော်ပြီဖြစ်ပါသည်။ မေးမြန်း ရန်ရှိ၍ ခဏလိုက်ခဲ့ပါဟုခေါ်လာပြီး ထောင်တွင်းချုပ်နှောင်ထားခြင်းကို ဥပဒေအရ ငြင်းဆိုခုခံနိုင်ခြင်း မရှိသည်မှာ အလွန်အခံရခက်ပါသည်။

နှစ်ရက်ခန့်အကြာ နံနက်ပိုင်းတွင် ထောင်ဝန်ထမ်းကခေါ်ယူပြီး ထောင်တံခါးဝအတွင်းရှိ အ ခန်းတခန်းသို့ပို့ပါသည်။ ထိုအခန်းကျဉ်းတွင် အရပ်ဝတ်ဖြင့် လူနှစ်ဦးက မန္တလေးမြို့တွင်ပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်အချို့၏ အစည်းအဝေးနှင့်ပတ်သက်၍ မေးမြန်းပါသည်။ ကျနော်သိသမျှ ဖြေကြားပါသည်။ ထိုအစည်းအဝေးသို့တက်ရောက်သူနှစ်ဦးက ကျနော့်အား တဖက်သတ် လွှတ်တော် ခေါ်ယူမည့်အကြောင်း ပြောကြားခဲ့သည်ဟု ထွက်စေလိုပါသည်။ ကျနော့်အား ထိုအကြောင်းအရာ အစီအစဉ် မည်သူကမှ ပြောကြားခဲ့ခြင်းမရှိသဖြင့် ကြားသိကြောင်း မထွက်ဆိုနိုင်ပါ။ တနေကုန် နံနက် (၉)နာရီခန့်မှ ညနေ(၅)နာရီကျော်သည်အထိ မေးမြန်းပါသည်။ ထပ်မံ၍ နှစ်ရက်အကြာ နေ့လည်ပိုင်း တွင် ထောင်ဝန်ထမ်းက လာရောက်ပြီး ထောင်ဝန်းအလယ်နားရှိ (၁၃)ပေပတ်လည်ခန့်ကျယ်ဝန်းသော သစ်သားအိမ်အဟောင်းလေးတခုသို့ခေါ်သွားပါသည်။ အတွင်းရှိ အရပ်ဝတ်နှင့်သူတဦးထံ အပ်နှံပါ သည်။ ထိုသူက ဂန္ဓီခန်းမကြေညာစာတမ်း လက်မှတ်ထိုးသည့်အကြောင်းမှာ ဂန္ဓီအစည်းအဝေး ဆုံးဖြတ်ချက်အတွက်သာဖြစ်ကြောင်း ရေးသား၍ လက်မှတ်ရေးထိုးခိုင်းပြီး ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရ ဖွဲ့ကြောင်းကို ပြောပြပါသည်။ မကြာမီ ထောင်ဝန်ထမ်းက အခန်းသို့ပြန်ပို့ပါသည်။

(၃)ရက်အကြာ နံနက်(၁၁)နာရီကျော်အချိန်တွင် ထောင်ဝန်ထမ်းက စောင်ခေါင်းအုပ်ခေါ်ဆောင်ပြီး တံခါးမ,ရှိရုံးခန်းတခု သို့ပို့ပါသည်။ ထောင်အရာရှိတဦးက လာရောက်စောင့်ခေါ်နေသော အရပ်ဝတ်တဦးထံ အပ်နှံပါသည်။ ထိုအရပ်ဝတ်မှ လက်ထိပ်ခတ်၊ မျက်စိအဝတ်စည်း၍ ကားတစီးပေါ်ခေါ်တင်၍ မောင်းသွားပါသည်။ တနာရီခန့် ခရီးအဆုံးတွင် ကားပေါ်မှ အခန်းတခုအတွင်း ခေါ်သွားပြီး လက်ထိပ်ချွတ်၊ မျက်စိစည်းအဝတ် ဖြေပေးပါသည်။ ဤအကြိမ် ရောက်သွားသောနေရာမှာ သစ်သားပြားကြီးများ ကျဲကျဲကာထားသော (၆)ပေ (၉)ပေ အချုပ်ခန်းတခုဖြစ်ပါသည်။ အဝင်တံခါးကို ပိတ်ထားပြီး ဆန့်ကျင်ဖက်ရှိ ပြူတင်းပေါက် ကို ဖွင့်ထားပါသည်။ ပြူတင်းအပြင်မှ အရပ်ဝတ်နှင့်လူရွယ်တဦး ကုလားထိုင်တလုံးနှင့်ထိုင်၍ ကျနော့် အား စောင့်ကြည့်နေပါသည်။ နာရီဝက်အကြာတွင် အရပ်ဝတ်နှင့် လူလတ်တဦးလာရောက်ပြီး မျက်စိ အဝတ်စည်းကာ တွဲခေါ်သွားပါသည်။ အနီးအနားရှိ တနေရာသို့ရောက်သော် မျက်စိအဝတ်ဖြေ၍ အ နီးရှိကုလားထိုင်တလုံးတွင် ထိုင်စေပါသည်။ အခန်းမှာ လေးဒေါင့်ပုံအခန်းဖြစ်ပြီး သုံးဖက်နံရံတို့တွင် ပြူတင်းနှစ်ခုစီရှိပါသည်။ အဝင်တံခါးဖက်နံရံတွင် ပြူတင်းမရှိပါ။ အခန်းမှာ နောက်တခန်းနှင့် ဆက်နေ သည်ဟု ထင်ရပါသည်။ သပ်ရပ်စွာထိန်းသိမ်းထားသော အခန်းတခုဖြစ်ပုံရသည်။ ရှေ့တွင် အခင်းခင်း ထားသော စားပွဲကြီးတလုံးနှင့်ကုလားထိုင်ကြီးတလုံးကို တွေ့ရပါသည်။ ကုလားထိုင်ကြီးနောက် နံရံတွင် နိုင်ငံတော်အလံကို တပ်ထားပါသည်။ အခန်းရှေ့ဒေါင့်တွင် စားပွဲဖက်လှည့်ထားသော ကုလားထိုင် နှစ်လုံး တွေ့ရပါသည်။ အခြားပရိဘောဂ မတွေ့ပါ။ ပြူတင်းများကို လိုက်ကာဖြင့် ကာထားပါသည်။ ခဏကြာသော် တိုက်ပုံအင်္ကျီအနက်ဝတ်ထားသော လူတဦးဝင်လာပြီး ကုလားထိုင်ကြီးတွင် ထိုင်ပါသည်။ လက်တွင် စာရွက်တအုပ်ကိုင်ထားပါသည်။ ထိုင်ပြီးနောက် ပါလာသော စာရွက်ကိုဖတ်၍ ကျ နော် မည်သူမည်ဝါဖြစ်ကြောင်းကို မေးပါသည်။ အခြားစကားကိုမပြောဘဲ ပြန်ထွက်သွားပါသည်။ တအောင့်ကြာသောအခါ လူကြီးနှစ်ဦးအား လူလတ်တဦးက ခေါ်လာသည်ကို အဝင်တံခါးသို့လှည့်အ ကြည့်တွင် တွေ့ရပါသည်။ လူကြီးနှစ်ဦးအား ဒေါင့်ရှိ ကုလားထိုင်နှစ်လုံးတွင် ထိုင်စေပါသည်။ ခေါ်လာသူ ပြန်ထွက်သွားပြီးနောက် အရပ်ဝတ်နှင့် လူလတ်တဦးရောက်လာပြီး ကျနော့်ကို စာရွက်အုပ်တခုကို ဖတ်ရှုစေပါသည်။ စာရွက်အုပ်မှာ တရားရုံး ဖြောင့်ဆိုချက်ပုံစံ စာအုပ်ဖြစ်ပါသည်။ အတွင်းတွင် လက်ရေးနှင့်ရေးသားထားသည့် အကြောင်းအရာမှာ လွန်ခဲ့သည့်(၅)ရက်ခန့်က ထောင်တံခါးဝအတွင်း အခန်း တွင် မေးမြန်းစဉ်က ဖြေကြားချက်များနှင့်ဆင်တူသည်။ ဖော်ပြချက်တခုတွင် “ကျနော်သည် စင်ပြိုင်လွှတ်တော်တခု ခေါ်ယူရန်ကိစ္စကို သိရှိကြောင်း”ရေးသားထားချက် ပါဝင်နေ၍ ထိုအချက်ကို ပြင်ဆင်ရေးရန်ပြောသည်ကို ပြင်ဆင်ခွင့်မပေးပါ။ လက်မှတ်ထိုးရန်သာပြော၍ အောက်တွင် နေရာလပ်မချန်ဘဲ မျဉ်းသား၍ လက်မှတ်ရေးထိုးမည်ပြုသည်ကို ခွင့်မပြုဘဲ နေရာလပ် အနည်းငယ်ချန်၍ အောက်တွင် လက်မှတ်ရေးထိုးခိုင်းပါသည်။

ဖြောင့်ဆိုချက်ဥပဒေအရ တရားရုံးတွင် တရားသူကြီးရှေ့မှောက် မဟုတ်သော ထွက်ဆိုချက်သည် ဖြောင့်ချက်မမည်ဟု သိရှိ၍ လက်မှတ်ရေးထိုးပေးလိုက်ပါသည်။ ထို့နောက် ထိုင်နေသော လူနှစ်ဦးအားလည်း စာရွက်တနေရာတွင် လက်မှတ်ရေးထိုးခိုင်းပါသည်။ အဆိုပါသူနှစ်ဦး ကိုလည်း ကျနော်မသိပါ။ အဆိုပါသူနှစ်ဦးကလည်း ကျနော့်ကိုသိသူများ မဟုတ်ကြပါ။

ကြောက်ကြောက်ရွံ့ရွံ့ပုံသဏ္ဍာန်နှင့် လက်မှတ်ရေးထိုးကြသည်ကို တွေ့ရပါသည်။ ဤကိစ္စပြီးသောအခါ အရပ်ဝတ်လူတဦးမှ လာရောက်၍ မျက်စိအဝတ်စည်းကာ ခေါ်ဆောင်ပြီး ရောက်ရှိသောအခန်းအတွင်းသို့ပြန်ပို့ပြီး တနာရီခန့်အကြာတွင် အင်းစိန်ထောင်မှ ခေါ်ယူလာသူ ရောက်လာပြီး လက်ထိပ်များခတ်၊ မျက်စိအဝတ်စည်း၍ န-၂ဝဝဝ အမျိုးအစားဟုထင်ရသော ကားပေါ်သို့တက်စေပါသည်။ ကားရှေ့ဖက် လှည့်ခုံတန်းများတပ်ဆင်ထားသောကားဖြစ်၍ အနောက်နားမှခုံတန်းတခုတွင်ထိုင်ရပါသည်။ တနာရီခန့် ကားခရီးအတွင်း ခေါင်းမော့၍ ရှေ့သို့ကြည့်ရာ အဝတ်စည်းထားသည့်ကြားမှ မသဲမကွဲဖြင့် ရှေ့ခုံ တန်းများတွင် မျက်စိအဝတ်စည်းထားသော အမျိုးသမီးများနှင့် အဝတ်မစည်းထားသော အမျိုးသမီး တဦးကို တွေ့ရပါသည်။ ကားရပ်သောအခါ အမျိုးသမီးများ မိမိအနားဖြတ်၍ ကားပေါ်မှ ဆင်းသွားကြ ပါသည်။ အင်းစိန်ထောင်မကြီးဖြစ်ပါသည်။ ခဏအကြာတွင် ကားဆက်မောင်း၍ ကျနော့်အား တွဲဖက်ထောင်သို့ ပြန်ပို့ပါသည်။ ထိုနေ့က ကျနော့်အား မည်သည့်နေရာသို့ခေါ်သွားသည်ကို မသိပါ။

(၅)ရက်ခန့်အကြာ ညဦးပိုင်း(၇)နာရီခန့်တွင် ထောင်အရာရှိနှစ်ဦး၊ ဝန်ထမ်းတဦးတို့ ရောက် လာပြီး မိမိပိုင်ပစ္စည်းများယူ၍ ၄င်းတို့နှင့် လိုက်ရန် ခေါ်ပါသည်။ အခန်းပြင်သို့ရောက်လျှင် ခေါင်းကို စောင်ဖြင့်အုပ်၍ခေါ်သွားပါသည်။ (၁ဝ)မိနစ်ကျော်ခန့်သွားပြီး အခန်းတခု သော့ဖွင့်သံ ကြားရပါသည်။ အခန်းတွင်းသို့ဝင်စေပြီး တံခါးပိတ်သွားကြပါသည်။ ရောက်နေသောနေရာမှာ ယ္ခင်အခန်းမှမြင်နေရ သည့် အဆောင်၏နောက်ကျောဖက်မှ အခန်းတခုဖြစ်ပါသည်။ နံနက်မိုးလင်း၍ အညစ်အကြေးများ စွန့်လောင်းချိန်တွင် လက်ဝဲဖက် တခန်းခြားတွင် အဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဝင် ဦးတင်ရွှေ(မုံရွာ) ရှိနေပြီး ကျန် (၅)ခန်းတို့တွင်လည်း တိုင်းအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ် (၂၁)ဦးနှင့် ခရိုင်စည်းရုံးရေးမှူးတဦးတို့ ရှိနေကြောင်း သိရပါသည်။ မန္တလေးမြို့တွင်ကျင်းပသော လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးသို့တက်ရောက်ခဲ့သူများဖြစ်ကြပါသည်။ ဒီဇင်္ဘာလ တတိယပတ်အချိန်ဖြစ်၍ ရာသီဥတုမှာ ညပိုင်း အလွန်အေးပါသည်။ လွှတ်တော်ကိုယ်စားလှယ်များမှာ တမံသလင်းပေါ်ရှိ ဝါးဖျာကြမ်းပေါ်တွင် လူ (၃)ဦး စောင်နှစ်ထည် မလုံ့တလုံနှင့် အိပ်ကြရပါသည်။ ညပိုင်း အအေးဒဏ်ခံနေကြရပြီး ထောင်ထမင်း၊ ထောင်ဟင်းဖြင့် စခန်းသွားနေကြရ၍ ပိန်လှီအားအင်ချိနဲ့နေကြပါသည်။ ဝမ်းကိုက်သူ(၂)ဦးနှင့် အအေး ပတ်ဖျားသူ(၂)ဦးကိုလည်း တွေ့ရပါသည်။ ၄င်းတို့အား ဖမ်းဆီးစဉ်က ပါလာသော အနွေးထည်အင်္ကျီ နှင့် စောင်များကိုလည်း ထောင်တံခါးဝမှ သိမ်းဆည်းထားသည်။ အကြိမ်ကြိမ်တောင်းနေသော်လည်း မ ပေးပါ။ ၄င်းတို့အား ဖမ်းဆီးသည်မှာ တလခန့်ရှိပြီး ထောင်ကိုရောက်သည်မှာ တပတ်ခန့်ရှိပြီ ဖြစ်ပါသည်။

ဒီဇင်္ဘာလကုန် ရက်တရက်တွင် ထောင်ဝန်ထမ်းမှ နေ့လည်အချိန် လာရောက်ခေါ်ပြီး စောင် ဖြင့် ခေါင်းအုပ်ကာ ထောင်ဝန်းအတွင်းရှိ ခန်းမကြီးတခုဟုထင်ရသော အဆောက်အဦအတွင်းသို့ပို့ပါသည်။ ထိုနေရာတွင် စားပွဲတလုံးရှေ့တွင် ထိုင်ရပါသည်။ တဖက်မှ အရပ်ဝတ်လူတဦးက ကိုယ်ရေးအ ကြောင်းအရာများကို မေးပြီး ဒေါက်တာစိန်ဝင်းဖွဲ့စည်းသော စင်ပြိုင်အစိုးရကို မထောက်ခံကြောင်း ရေး သားထားချက်ကို လက်မှတ်ရေးထိုးခိုင်းစေပါသည်။ နမူနာအဖြစ် လက်မှတ်ရေးထိုးပြီးသော ဗဟိုဦးစီး အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တဦး လက်မှတ်ရေးထိုးထားသော စာရွက်တရွက်ကိုလည်း ပြပါသည်။

ဇန္နဝါရီလ ပထမပတ်အတွင်း တရက်တွင် တဖက်ခန်း(၅)ခန်းမှ လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦးနှင့် စည်းရုံးရေးမှူးတဦးတို့နှင့်အတူ မိမိအားလည်း စောင်ခေါင်းအုပ်ကာ ထောင်တံခါးဝ အခန်း ကြီးတခုသို့ခေါ်သွားပါသည်။ အခန်းကြီးတွင် အခြားနေရာများမှ အမျိုးသမီးနှင့်အမျိုးသားတို့ကိုလည်း တွေ့ရပါသည်။ စုစုပေါင်း အမျိုးသား/အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးနှင့် လွှတ်တော် ကိုယ်စားလှယ်မဟုတ်သော အဖွဲ့ဝင် အမျိုးသား/အမျိုးသမီး(၃)ဦးနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်မဟုတ်သော အမျိုးသားနှစ်ဦးတို့ဖြစ်ပါသည်။ ခဏကြာသောအခါ တိုက်ပုံအင်္ကျီအနက်ဝတ်ဆင်ထားသူတဦးနှင့် အ ရပ်ဝတ်နှင့်လူနှစ်ဦးတို့ အခန်းတွင်းသို့ဝင်လာကြပါသည်။ တိုက်ပုံအနက်နှင့်သူမှ စားပွဲရှေ့ကုလားထိုင်တွင်ထိုင်ပြီး တရားသူကြီးဖြစ်ကြောင်း ပြောပါသည်။ ၄င်းနှင့်အတူပါလာသောသူနှစ်ဦးနှင့် အနည်းငယ် တီးတိုးပြောကြားပြီး တရားသူကြီးဆိုသူက နာမည်များကို ခေါ်ယူစစ်ဆေးပါသည်။ စာရင်းပါနာမည် များနှင့် ရောက်ရှိနေသူတို့ ကိုက်ညီကြောင်းတွေ့ရှိသောအခါ ထိုတရားသူကြီးက မာနယ်ပလောတွင် ဒေါက်တာစိန်ဝင်းဖွဲ့စည်းသော စင်ပြိုင်အစိုးရဖွဲ့စည်းခြင်းကိစ္စနှင့်ပတ်သက်မှုရှိကြောင်း ဦးချစ်တင်နှင့် (၂၅)ဦးတို့အား ပုဒ်မ ၁၂၂(၁)အရနှင့် ဦးခင်မောင်ဆွေနှင့်(၆)ဦးတို့အား ပုဒ်မ(၁၂၄)အရ တရားစွဲဆိုရန် ရမန်ယူကြောင်းပြောပါသည်။ အစွဲဆိုခံရသည်ဟု ပြောဆိုခံရသူများက မိမိတို့၏မိသားစုနှင့် အဆက် အသွယ်ပြု၍ ခုခံကာကွယ်ရန် ရှေ့နေငှါးရန်အတွက် စီစဉ်ခွင့်ပြုရန် ပြောကြပါသည်။ တရားသူကြီးနှင့် ပါလာသူနှစ်ဦးတို့က အထက်သို့တင်ပြပေးမည်ပြောပြီး သက်ဆိုင်ရာနေရာများသို့အလာအတိုင်း ပြန်ပို့ပါသည်။

မိမိအနေဖြင့် တွေးတောကြံစည်ခြင်းလည်းမရှိ၊ သိရှိခြင်းအလျဉ်းမသိသော အကြောင်းအရာဖြင့် စွဲဆိုခြင်းအတွက် မည်သို့ ခုခံကာကွယ်ဖြေရှင်းရမည်ကို တွေးတောရင်း စိတ်မောနေရပါသည်။ မိသားစုနှင့်လည်း မည်သည့်ကာလတိုင် အဆက်ဖြတ်ထားမည်ကို မခန့်မှန်းနိုင်ပါ။ စွဲဆိုထားသော ပုဒ်မမှာ နိုင်ငံတော်သစ္စာဖောက်မှုမြောက်သော စွဲဆိုချက်နှင့်အကြုံးဝင်သဖြင့် ဥပဒေအရ ရှေ့နေငှါးရမ်း ခြင်းကို ခွင့်ပြုရမည်ဖြစ်သည့်အပြင် စွပ်စွဲခံရသူများ ရှေ့နေမငှါးနိုင်ပါက ၄င်းတို့တောင်းဆိုချက်အရ နိုင်ငံတော်မှ ရှေ့နေငှါးရမ်းပေးရမည့်အမှု ဖြစ်နေပါသည်။ ကျနော်က ဦးခင်မောင်ဆွေနှင့်အဖွဲ့တွင် ပါဝင်နေပါသည်။ ပုဒ်မ(၁၂၄)အရ တရားစွဲဆိုခံနေရသူဖြစ်ပါသည်။

ထောင်ပိုင်တန်းစီနေ့ဟုခေါ်သော ထောင်ပိုင်မှ တပတ်တရက် ထောင်အတွင်းရှိ အချုပ်အနှောင်ခံနေရသူများရှိရာ အဆောင်များ၊ တိုက်ခန်းများသို့လှည့်လည်၍ စစ်ဆေးသည့်ရက် တရက်တွင် ကျနော်တို့အဆောင်မှ လွှတ်တော်ကိုယ်စားလှယ်အချို့တို့က မိမိတို့၏ အမှုဆိုင်ရန် ရှေ့နေငှါးရမ်းရေး အတွက် မိသားစုနှင့်အဆက်အသွယ်ပြုလုပ်နိုင်ရန် စီစဉ်ပေးဖို့ ထောင်ပိုင်ကြီးအား တင်ပြရာ ထောင်ပိုင်မှ သက်ဆိုင်ရာသို့ဆက်သွယ်မေးမြန်းပေးမည်ဟု ပြောပါသည်။

(၁၄)ရက်မြောက်နေ့တွင် ထောင်တံခါးဝရှိအခန်းသို့တကြိမ်ရောက်ကြရပြန်ပါသည်။ ရုံး ရောက်သူများက တရားသူကြီးအား ထောင်တွင်း အစားအသောက်ဆင်းရဲမှု၊ ဆေးဝါးများချို့တဲ့မှုတို့ ကြောင့် ကျန်းမာရေးထိခိုက်သည့်အတွက် မိသားစုနှင့်ဆက်သွယ်၍ ဆေးဝါး အစားအသောက်ပို့ပေးရန် စီစဉ်ပေးရန်ပြောကြားရာ တရားသူကြီးက မိမိမှာ ရမန်ပေးရန်အတွက်သာဖြစ်ကြောင်း ဖြေကြားပါသည်။ ၄င်းနှင့်ပါလာသူနှစ်ဦးက သက်ဆိုင်ရာသို့တင်ပြပေးမည်ဟု ပြောပါသည်။ ရှေ့နေငှါးနိုင်ရန် စီစဉ်ပေးရန်ကိစ္စကိုလည်း အလားတူပင်ဖြေကြားပါသည်။ ပုဒ်မ(၁၂၄)နှင့်အစွဲခံရသူ ခရမ်းလွှတ်တော်ကိုယ်စားလှယ်မှာ ရောက်လာခြင်းမရှိသည့်အတွက် မေးမြန်းရာ တရားသူကြီးက ဦးတင်မောင်ဝင်းမှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဖြေကြားပါသည်။ ကြားရသူများ တုန်လှုပ်ကြရပါသည်။ ခေတ္တငြိမ်သက်တိတ်ဆိတ်သွားပါသည်။ ယ္ခင်အပတ် တရားသူကြီးနှင့်တွေ့စဉ်က မပါခဲ့သော ပေါက် ခေါင်းမြို့နယ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဦးစောနေဒွန်း ပါလာသည်ကို တွေ့ရပါသည်။ ၄င်းအား ဦးခင်မောင် ဆွေနှင့် တွဲလျက် ပုဒ်မ(၁၂၄)ဖြင့် စွဲဆိုသောအမှုတွဲတွင် ထည့်သွင်းစွဲဆိုလိုက်ပါသည်။ ကွယ်လွန်သည့် ဦးတင်မောင်ဝင်းနေရာသို့ပါဝင်ခြင်းဟု ဆိုနိုင်ပါသည်။

စွဲဆိုခံရသူများ၏အခြေအနေမှာ မည်သို့မှ တိုးတက်ခြင်းရှိမလာဘဲ (၁၄)ရက်တကြိမ် တ ရားသူကြီးနှင့် ထောင်မတံခါးဝတွင်တွေ့ဆုံရာ တကြိမ်ထက်တကြိမ် ပို၍ချိနဲ့လာပါသည်။ ဇန္နဝါရီလမှ ဖေဖေါ်ဝါရီလ၊ မတ်လ၊ ဧပြီလတို့ ကုန်လွန်သွားပါသည်။ ရှေ့နေငှါးရမ်းနိုင်ခြင်းမရှိ၊ မိသားစုနှင့်လည်း ဆက်သွယ်ခွင့်မရပါ။

(၁၉၉၁)ခုနှစ် ဧပြီလ(၃ဝ)ရက်နေ့ နံနက်(၁၂)နာရီခန့်တွင် မိမိအခန်းတဖက်ရှိ အခန်း(၅)ခန်းမှ လွှတ်တော်ကိုယ်စားလှယ်တို့နှင့် စည်းရုံးရေးမှူးတဦးတို့အား တသုတ်လျှင် လေးဦးငါးဦး စောင်အုပ် ခေါ်ထုတ်သွားသည်ကို တွေ့ရပါသည်။ မကြာမီ ကျနော့်အား လာရောက်ခေါ်ပါသည်။ ထောင်တံခါးဝ အရောက်တွင် မိမိကဲ့သို့ခေါင်းအုပ်ခေါ်လာသူအချို့ကို တွေ့ရပါသည်။ ထောင်အရာရှိတဦးက ထောင် အပြင်ဖက်တံခါးဝသို့ထွက်စေ၍ အပြင်မှ အရပ်ဝတ်နှင့်လူနှစ်ဦးသို့လွှဲပါသည်။ ကြိုသူတို့က ကျနော်နှင့် အခြားနှစ်ဦးအား လက်ထိပ်ခတ်၍ ကားတစီးပေါ် တက်စေပါသည်။ ကားထွက်ပြီး ခဏလေးအကြာတွင် ဝန်းတခုအတွင်း အဝင်ဝနားရှိ တိုက်ငယ်လေးတလုံး၏ အပြင်ဖက်အမိုးအောက်တွင် ထိုင်ခုံနှင့် ထိုင်စောင့်ရပါသည်။ ဝန်း၏အလည်တွင် ဇာတ်ပွဲရုံတခုနှင့်တူသော သွပ်မိုးသစ်သားရုံကြီးတခုကို မြင် တွေ့နေရပါသည်။ ခဏကြာသော် ၄င်းအဆောက်အဦအတွင်းမှ အသုတ်လိုက်ထွက်လာပြီး ကားပေါ် တက်သွားကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရပါသည်။ ထို့နောက် ကျနော်နှင့်အတူရှိ နေသူတို့အား အဆောက်အဦကြီးအတွင်းသို့ခေါ်သွားကာ ရှေ့ခုံတန်းတွင် ထိုင်စေပါသည်။ ထိုနေရာတွင် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဦးစောနေဒွန်း၊ ဦးဖေအောင်လင်း၊ ဦးတင်မောင်ဝင်းနှင့် ဒေါ်ရွှေဝါစိုးတို့ တွေ့ရပါသည်။ ကျနော့်အား ဦးစိန်လှဦးနှင့်တွဲ၍ လက်ထိပ်ခတ်ပါသည်။ ဦးခင်မောင်ဆွေနှင့် ဦးစောနေဒွန်းအား တွဲ၍လက်ထိပ်ခတ်ပါသည်။ ဦးဖေအောင်လင်းနှင့်ဦးတင်မောင်ဝင်းတို့အား တွဲ၍လက်ထိပ် ခတ်ပါသည်။ အရှေ့ဆုံးခုံတန်းတွင် စီ၍ထိုင်ရပါသည်။ အနောက်ဖက်ကပ်လျက်ခုံတန်းတွင် ဒေါ်ရွှေဝါစိုး ထိုင်ရပါသည်။ အရှေ့ဖက်ရှိ စင်မြင့်နေရာတွင် သဘာပတိစားပွဲကဲ့သို့စားပွဲကြီးတလုံးနှင့်ထိုင်ခုံ(၃)လုံး တွေ့ရပါသည်။ ခဏအကြာတွင် မတ်တပ်ရပ်ရန် ပြောကြားပါသည်။ စားပွဲရှိကုလားထိုင်များသို့ စစ်အရာရှိ(၃)ဦး ကြည်းတပ်ဝတ်စုံ၊ ရေတပ်ဝတ်စုံ၊ လေတပ်ဝတ်စုံတို့ဖြင့် ရောက်လာ၍ ထိုင်ပါသည်။ ၄င်း တို့ ထိုင်ခုံအသီးသီးတွင် ထိုင်ပြီးနောက် ၄င်းတို့စင်မြင့် လက်ယာအစွန်းနေရာမှ တိုက်ပုံအင်္ကျီနှင့်သူ တဦးက ကျနော်အပါအဝင် အမှုဆိုင်နေရသူတို့အား စွဲချက်ဖတ်ကြားပါသည်။ ထို့နောက် စစ်အရာရှိ တို့မှ ထ၍ စင်မြင့်အနောက်ရှိ နားနေခန်းသို့ဝင်သွားကြပြီး ကျနော်တို့ ခုံတန်းတွင်ထိုင်စောင့်ရပါသည်။ မိနစ်(၂ဝ)ခန့် အကြာတွင် မတ်တပ်ရပ်ရန်ပြောကြားသံ ကြားရသဖြင့် ရပ်ရပါသည်။ စစ်အရာရှိများ နေရာပြန်ယူကြပါသည်။ အလယ်တွင်ထိုင်သော ကြည်းတပ်ဝတ်စုံဖြင့်အရာရှိက စားပွဲပေါ်မှ စာအိတ်တခုအတွင်းမှ စာရွက်ကိုထုတ်ယူ၍ စတင်ဖတ်ပါသည်။ ထိုစာရွက်မှာ စီရင်ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်။ ၄င်းစီရင်ချက်အရ ကျနော်တို့(၇)ဦးအား ပုဒ်မ(၁၂၄)ပြစ်မှုထင်ရှား၍ အလုပ်နှင့်ထောင် ဒဏ်(၁ဝ)နှစ်ချကြောင်း ကြားသိရပါသည်။ အချိန် စုစုပေါင်း (၁)နာရီခန့် ကြာမည်ထင်ပါသည်။ ထိုအချိန်အတွင်း ရုပ်သံရိုက်ကူးကိရိယာဖြင့် မိမိတို့အား မီးထိုး၍ရိုက်ကူးသည်ကိုလည်း တွေ့ရပါသည်။ စီရင် ချက် ဖတ်ကြားပြီးနောက် စီရင်ချက်ဖတ်သူက ကျနော်တို့အား တဦးချင်း “ဘာပြောစရာရှိသေးသလဲ” ဟု မေးပါသည်။ အားလုံးက ပြောစရာမရှိကြောင်း ဖြေကြားပါသည်။ ထို့နောက် ကျနော်တို့ကို အင်းစိန်ထောင်မကြီးသို့ခေါ်သွားပြီး ‘(၄)တိုက်(အရှည်)’ဟုခေါ်သော အဆောင်သို့ပို့လိုက်ပါသည်။ နောက်နေ့နံနက်တွင် ကျနော်တို့ကို သွပ်ပြားနှင့်ဆောက်ထားသော တိုက်ခန်းရုံးသို့ခေါ်၍ ထောင်ကျမှတ်တမ်းစာရင်းသွင်း လက်မှတ်ရေးထိုးရပါသည်။ တိုက်ဝသို့ပြန်ရောက်ချိန်တွင် ဆံပင်ညှပ်ရပါသည်။ ထောင်ကျများအနေဖြင့် ထောင်ပုံစံဆံပင်တို့ ညှပ်ရမည်ဖြစ်ပါသည်။

ထောင်ကျသည့်ကိစ္စနှင့်ပတ်သက်၍ မိမိနှင့်အတူတကွနေသူအားလုံး အလေးအနက် ဆွေးနွေးသုံးသပ်ရာ မိမိတို့အားလုံးသည် စွဲဆိုချက်နှင့်ငြိစွန်းခြင်းမရှိဘဲ တဖက်သတ် ထောင်ချခံရခြင်း ဖြစ်ကြောင်း၊ တရားစီရင်ရေးဆိုင်ရာ ဥပဒေစည်းမျဉ်းအရ ပိုင်ခွင့်ဖြစ်သော ရှေ့နေဖြင့် ဖြေရှင်းခုခံပိုင်ခွင့်ကို မခံစားရကြောင်း၊ ပုဒ်မ(၁၂၄)အရ ဥပဒေပါ အမြင့်ဆုံးပစ်ဒဏ်သည် (၇)နှစ်ဖြစ်သော်လည်း စစ်ခုံရုံးမှ ပြစ်ဒဏ်(၁ဝ)နှစ်ချမှတ်ခြင်းမှာ ဥပဒေနှင့်လုံးဝကွဲလွဲကြောင်းတို့ကို နားလည်မိပါသည်။

(၁၉၉၁)ခုနှစ် ဧပြီလ(၃ဝ)ရက်နေ့ အင်းစိန်တွင် ထောင်ဒဏ်(၁ဝ)နှစ် အပြစ်ပေးခံရပြီး (၁၉၉၉)ခုနှစ် ဇန္နဝါရီလ (၁၉)ရက်နေ့ ညနေ (၆)နာရီကျော်တွင် သရက်ထောင်မှ လွှတ်ပေးပါသည်။ သရက်ရဲစခန်းသို့သွား၍စာရင်းပေးပြီးနောက် သရက် စစ်ထောက်လှမ်းရေးရုံးသို့သွား၍ စာရင်းပေးရပါသည်။ ညအချိန်(၇)နာရီကျော်ခန့်တွင် ဧရာဝတီမြစ်ကိုကူး၍ အောင်လံကိုရောက်ပြီး (၂ဝ)ရက်နေ့ နံ နက်စောစောကားစီး၍ ရန်ကုန်သို့ရောက်ပြီး မိသားစုရှိရာအိမ်သို့ရောက်ပါသည်။ ဖမ်းဆီးချုပ်နှောင် ခံရသော ထောင်ကျကာလစုစုပေါင်းမှာ (၁၉၉ဝ)ခုနှစ် အောက်တိုဘာလ(၂၄)ရက်ညမှ (၁၉၉၉)ခုနှစ် ဇန္နဝါရီလ(၁၉)ရက်နေ့ညအထိ ဖြစ်ပါသည်။ ထို ရှည်လျားသောကာလများအတွင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းမှုများစွာ ဖြစ်ခဲ့ပါသည်။ ဉာဏ်ပိုင်းဆိုင်ရာချို့ယွင်းမှုများလည်း ဖြစ်ခဲ့ပါသည်။ အသိဆိုင်ရာမှာ ပိုမိုရင့်ကျက်ပြီး ခိုင်မာလာပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အလွန်အကျွံ ချို့ယွင်းနိုင်သည့် အခြေအနေကို ရှောင်ရှားနိုင်ခြင်းမှာ ကျန်းမာရေးကို အထူးဂရုစိုက် နေထိုင်စားသောက်ခြင်း၊ အင်းစိန်တွဲဖက်ထောင်ရောက်ပြီး ရက်အနည်းငယ်ကြာကာလမှစ၍ ဆေးလိပ်သောက်ခြင်းကို လုံးဝ ဖြတ်လိုက်ခြင်း၊ အာဟာရဆေးဝါးများချို့တဲ့မှုမရှိအောင် ကျနော်၏ဇနီးမှ စောင့်ရှောက်ကူညီထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးလေ့ကျင့်မှုကို အစွမ်းကုန်ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ဉာဏ်ပိုင်းဆိုင်ရာ ချို့ ယွင်းမှုဖြစ်ရခြင်းမှာ ကာလကြာရှည်စွာ ကန့်သတ်ရာနေရာကျဉ်းတွင် နေထိုင်ရခြင်း၊ ဗဟုသုတဖြစ်ဖွယ်များကို ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ ဖတ်ရှုလေ့လာခြင်းတို့နှင့် ကာလရှည်စွာ ကင်းကွာနေရခြင်းကြောင့် ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ခိုင်မာရခြင်းမှာ အခြား တန်ဖိုးရှိသည့်အလုပ်များကို လုပ်ဆောင်ရန်မရှိသဖြင့် ဒုက္ခနှင့်အကုသိုလ် အလွန်ထူပြောသော နေထိုင်ရာတွင် အကုသိုလ်ကို ရှောင်၍ အားလပ်ချိန်တို့တွင် ဗုဒ္ဓွမြတ်စွာဘုရား၏ တရားဓမ္မဖြစ်သော ပဋ္ဌာန်းဒေသနာတော်ကြီး၊ ငါးပါးသီလကို နေ့စဉ်လုံခြုံစွာ ထိန်းသိမ်းခြင်း၊ ရက်သတ္တပတ်တိုင်းတွင် တရက် (၉)ပါးသီလ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဗုဒ္ဓွဓမ္မကို အပြန်အလှန်တွေးတောဆင်ခြင်ခြင်း၊ တရားရှုခြင်းတို့ကို ကြိုးစားကျင့်ကြံ ခြင်းတို့ကြောင့်ဖြစ်ပါသည်။

နိုင်ငံရေးသမားတဦး ထောင်တွင်း၌ နေထိုင်ရပ်တည်မှုသည် အလွန်အရေးပါသော လုပ်ငန်းတရပ်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ အလွန်ကျဉ်းမြောင်းသောနေရာပတ်ဝန်းကျင်တွင် အလွန်များပြားသော နိုင်ငံရေးသမားများနှင့် တွေ့ဆုံနေထိုင်ရပါသည်။ ကျနော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်တဦးဖြစ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်တို့ကို တည့်မတ်စွာ ကိုင်စွဲခြင်းဖြင့် နိုင်ငံရေးသမားများနှင့်နေထိုင်ရာတွင် သိက္ခာရှိရှိနေထိုင်ပါသည်။ လွှတ်တော်ကိုယ် စားလှယ်တဦးဖြစ်၍ ကျနော်အရွေးခံစဉ် မဲဆန္ဒရှင်များအား ပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့၏ ဦးဆောင်မှုကို ခံယူမည် ဆိုသော ကတိစကားကို ခိုင်မြဲစွာ ထိန်းသိမ်းနေထိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာယုံကြည်ချက် ပြောင်းလဲသည့် နိုင်ငံရေးသမား တဦးတယောက်ကိုသာ တွေ့ကြုံခဲ့ရပါသည်။ ယိမ်းယိုင်သူများ အနည်းအကျဉ်းသာ ရှိသည်ကို တွေ့လာပါသည်။ အများမှာ ယုံကြည်ချက် ခိုင်မြဲသည်ကိုသာ တွေ့ရပါသည်။ မိမိမှာလည်း နိုင်ငံရေးသမားထဲမှ ယုံကြည်ချက်ခိုင်မာသူတဦးဖြစ်ပါသည်။

ထောင်ကို တချို့က ‘ဘဝတက္ကသိုလ်’ဟု တင်စားသည်ကို ကြားဖူးခဲ့ပါသည်။ ကျနော်ကိုယ်တိုင် ထောင်တွင်မနေထိုင်ခဲ့ဖူးစဉ်အခါက ထိုစကားသည် မှန်သည်/မှားသည် မဆုံးဖြတ်ဘဲရှိပါသည်။ ကျနော်ကိုယ်တိုင် ထောင်တွင်နေခဲ့ရသောသက်တမ်းမှာ တက္ကသိုလ်တခုတွင် ပညာသင်ကြားပါက ဘွဲ့နှစ်ခုရနိုင်သော အချိန်ကာလများပင်ဖြစ်ပါသည်။ ထောင်တွင် အတန်ကြာ နေခဲ့ပြီးသောအခါတွင်မှစ၍ ‘ဘဝတက္ကသိုလ်’ ဆိုသည့်စကားရပ်ကို သုံးသပ်ဝေဖန်ပါသည်။ ထောင်မှ လွတ်ပြီးကာလတွင် သုံးသပ်ချက်ကို ပြန်လည်ပြုလုပ်၍ ဆုံးဖြတ်ချက်တခုကို ခိုင်မြဲစွာ ချမှတ်လိုက်ပါသည်။

ထိုဆုံးဖြတ်ချက်မှာ ‘ထောင်’ဆိုသည်မှာ ‘တက္ကသိုလ်’ ဆိုသည့်စကားရပ်နှင့်တွဲဖက်ဆက်စပ်ရန် မည်သို့မျှမသက်ဆိုင်သော နေရာဌာနအခြေအနေပါတကား-ဟုပင် ဖြစ်ပါသည်။ တက္ကသိုလ်ပညာရပ်နှစ်မျိုးအတွက် ဘွဲ့နှစ်ခု ပြီးမြောက်နိုင်သည့်အချိန် (၈)နှစ်ကျော် ထောင်ထဲနေခဲ့ရသူတဦးဖြစ်ပါသည်။ ကြုံတွေ့ခဲ့ဖူးသော အခြေ အနေနှစ်ရပ်အပေါ် သုံးသပ်ရမည်ဆိုလျှင် တက္ကသိုလ်ဆိုသည် လူတို့ဘဝကို မွန်ရည် တိုးတက်အောင် ဖန်တီးပေးရာနေရာဖြစ်၍ တက္ကသိုလ်တည်ထောင်သူတို့၏ ကျေးဇူးဂုဏ်ကို အစဉ်ချီးကျူး လေးစားမိပါသည်။ ကျနော့်အား တက္ကသိုလ်ပညာပေးခဲ့သော မိဘကျေးဇူးအား အစဉ်ဦးထိပ်ထားပါသည်။ ထောင် ဆိုသည်မှာ လူ့ဘဝ အနိဋ္ဌာရုံကိုဖြစ်စေရာ နေရာပင်တည်း။ လူများအား ထောင်သို့မပို့သည့်ခေတ် ရောက်ပါစေ။

ကျနော်၏ ထောင်တွင်းအတွေ့အကြုံများကို ရေးမည်ဆိုပါက စာမျက်နှာ များစွာထူသော စာအုပ်တအုပ်ဖြစ်နိုင်ပါသည်။ သို့သော်လည်း စာရေးခြင်းထက် အခြားအလုပ်ကို ပို၍ဆောင်ရွက်ရမည့် အခြေအနေတွင်ရှိ၍ ဦးစားပေးရသောအလုပ်အကိုင်များသာ လုပ်နေရပါသည်။

ထောင်မှလွတ်ပြီး အိမ်ရောက်ရာတွင် ယိုယွင်းနေသောကျန်းမာရေးကို ပြန်လည်ကုသ ပြုပြင်ရပါသည်။ ကျနော်ထောင်ကျခြင်းကြောင့် နစ်နာရမှုများကို ရေးသားဖော်ပြမည်ဆိုပါက ရေးသားဖော်ပြရန် များစွာရှိပါသည်။ သို့သော်လည်း ကျနော်နစ်နာခဲ့ခြင်းသည် ကျနော့်တိုင်းပြည်လူထုနှင့်စာလျှင် ပြောပဖွယ်မရှိပါ။ ထို့ကြောင့် ကျနော် အကောင်းဆုံးလုပ်သင့်သည်မှာ ပြည်သူလူထုအား ကတိပေးထားသည့်အတိုင်း မြန်မာနိုင်ငံသူ/နိုင်ငံသားများ လူ့အခွင့်အရေးကို ဂုဏ်သိက္ခာရှိစွာခံစားရေးနှင့် ဒီမိုကရေစီစနစ်ဖြစ်သော မိမိဘဝကိုမိမိ၏တိုင်းသူပြည်သူများနှင့်အတူ လွတ်လပ်၍ တရားမျှတစွာ ဆုံးဖြတ်ဖန်တီးပိုင်ခွင့် ရရှိရေးတို့ပင်ဖြစ်ကြောင်း သိရှိခံယူ၍ ကျနော်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရချိန်မှ (၁ဝ)နှစ်တိုင်အောင် ကိုယ်ရေးကိုယ်တာ မျှော်လင့်ချက် မထားဘဲ နိုင်ငံရေးသမားတဦး၏တာဝန်ကို ဆောင်ရွက်နေသည်။

လူတိုင်းလူတိုင်း မိမိတို့၏လူ့ဘဝကို လူ့ကျင့်ဝတ်နှင့်ညီစွာ ကုန်လွန်နိုင်ကြပါစေ။ ။

စောနိုင်နိုင်(ခ)ဦးနိုင်းနိုင်း

No comments:

Post a Comment