ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Tuesday, March 3, 2009

ရွေးကောက်ပွဲအောင်နိုင်ရေးကာလ မှတ်တမ်းများ

နောက်ဆက်တွဲ (ထ)

တဦးတည်းပြော အချိန်အခါလည်း နီးလာပြီ။ ဒီသားအဖတွေ နိုးသေးရဲ့လားမသိဘူး။ ဟေ့-မိစုတို့ သားအဖတွေ- မဲထည့်ဖို့သွားကြမယ်လေဟာ။ ဘယ်အချိန်ရှိပြီလဲ။ မထကြသေး ဘူးလား။ တယ်ခက်တဲ့ဟာတွေဘဲ-။
စု စောပါသေးတယ် ဦးလေးသာဝရယ်-၊ အခုမှမနက်(၅)နာရီပဲရှိသေးတာဘဲ။
သာ ဟ-မိစုရဲ့-မနက်(၅)နာရီဆိုတာ ဘယ်စောတော့မလဲ။ အခုချိန်ကသွားပြီး နေရာယူထားမှ။ မဲရုံဖွင့်တာနဲ့ ဒို့အရင်ဆုံး မဲထည့်ရမှာပေါ့ဟ။ တော်တော် ဝီရိယ နည်းတဲ့ဟာတွေပဲ။ တသက်လုံးအတွက် တမနက်လေး ဒုက္ခမခံနိုင်တော့ဘူးလား။ နင်တို့ တော်တော်ခက်တဲ့ဟာတွေပဲ-။

စု အလကားစတာပါ ဦးလေးသာဝရယ်-။ မိစုတို့ နိုးနေကြတာကြာပါပြီ။ ဒီနေ့ မဲ ထည့်ရမယ်ဆိုလို့- ညက အိပ်လို့တောင် မပျော်ဘူး။ အခုလည်း မိစုတို့သားအဖ မနက် ထမင်းစောစောချက်ပြီး ဘုရားဆွမ်းတော်တင်နေတာ ဦးလေးသာဝရဲ့-။ ဘုရားတောင် ဆုတောင်းရသေးတယ်လေ-။
သာ အောင်မယ်-နင်က စောစောစီးစီးဆွမ်းကပ်ပြီး ဆုတောင်းတယ်ဆိုတော့ ဘာတွေ များ ဆုတောင်းနေတာလဲ-။ မိစုတော့- မရိုးဘူးထင်တယ်-။
စု အို-ဦးလေးသာဝကလည်း ဘာဆုတောင်းရမှာလဲ-မိစုတို့ မဲပေးမယ့် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့မဲနိုင်ပါစေ-လို့ပေါ့။ ဒါမှ မိစုတို့ စိတ်ချမ်းသာသာနဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ကြမယ်မဟုတ်လား။
သာ အောင်မယ်လေး- မှန်လိုက်လေ မိစုရယ်။ နင်က ငါ့ထက်တောင် ပိုပြီးတတ်နေ ပါသေးလား-။ နင့်လိုသာ ဒို့ရွာကအမျိုးသမီးတွေ သဘောပေါက်ကြမယ်ဆိုရင်- ဒို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ဘယ်ဝေးတော့မလဲ မိစုရယ်-။
စု ဦးလေးသာဝကကျမတို့မိန်းကလေးတွေကို အထင်သေးနေလို့ပါ-။ ကျမတို့ရွာက မိန်းခလေးတွေ အားလုံး သဘောပေါက်နေကြပါပြီ ဦးလေးသာဝရဲ့-။
သာ ဟာ ဟုတ်လားမိစုရဲ့။ ဆိုစမ်းပါဦး-။
စု ဟုတ်တယ်ဦးလေးသာဝရဲ့- ဒေါ်အောင်ဆန်းစုကြည် ကျမတို့ဆီလာပြီး တရား ဟောတုန်းက- ကျမတို့ သွားပြီးနားထောင်တယ်လေ-။ အဲဒီအမက- ပြောတာ ဆိုတာ သိပ်ပြတ်သားတာပဲ-။ သတ္တိလည်း သိပ်ရှိတယ်။ ကျမလေ- အဲဒီအမ ပြောတာတွေ သိပ်သဘောကျတာပဲ။ အိမ်ကျတော့- အဘကို ပြန်ပြောတော့- အဘက တိုင်းပြည်အပေါ်မှာ စေတနာထားတာ၊ ပြတ်သားတာ၊ သတ္တိရှိတာက တော့- သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းအတိုင်းပဲတဲ့-။
သာ အေး-ဟုတ်တယ်ဟ။ နင့်အဖေပြောတာ သိပ်မှန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တို့တိုင်းပြည်ကို ကျွန်ဘဝကနေ လွတ်လပ်ရေးရအောင်- သတ္တိရှိရှိနဲ့ ဆောင်ရွက် ခဲ့တယ်လေ။ ဒါကြောင့်- အသက်ငယ်ပေမယ့်လည်း လွတ်လပ်ရေး ဖခင်ကြီး ဆိုပြီး အခုချိန်ထိ လူတိုင်း တလေးတစား အလေးပြုခြင်းခံနေရတာပေါ့ဟ။ ကဲ- ဒါတွေ နင့်ကိုငါ နောက်မှ ပြောပြမယ်-။ မဲထည့်ဖို့နောက်ကျနေဦးမယ်။ သွားကြစို့-။ နင့်အဖေကို သွားတွဲခေါ်လိုက်ဦး-။
စု ဟုတ်ကဲ့-ဦးလေးသာဝ။ အဖေက အစောကြီးထဲကသွားမလို့ဟာ။ စောပါသေး တယ်ပြောထားလို့။
သာ အေး-နင်တို့သားအဖကတော့ တို့ရွာမှာ စံပြသားအဖပဲ။ ကဲကဲ-နင့်အဖေကို သွားခေါ်ချေ။ ငါလည်း- ကျန်တဲ့လူတွေ ခေါ်လိုက်ဦးမယ်-။
စု ဟုတ်ကဲ့-ဦးလေးသာဝ။
သာ (ကန့်လန့်ကာအတွင်းသို့ခပ်စောင်းစောင်းကြည့်၍) ဟေ့-ကျော်သူတို့၊ ဖိုးမြတို့၊ ငွေခင်တို့၊ ငွေရင်တို့ရေ-လာကြလေဟာ။ မဲရုံကိုသွားကြမယ်။ မြန်မြန်လာကြ ဟေ့။
မြ လာပြီ ဦးလေးသာဝရေ-။ ဦးလေးသာဝအသံကြားတာနဲ့ ကျနော်တို့တွေ ဒီမှာ စုပြီးစောင့်နေတာ ကြာပြီ-။
ကျော် (အလွန် အ,ထစ်သောအပြောမျိုးဖြင့်) ဟုတ်တယ် ဦးလေးသာဝ-။ ကျနော်တို့ စောင့်နေတာကြာပြီ။
သာ အေးလေကွာ-ငါလည်း တရွာလုံးလိုက်ပြီး သတိပေးနေရတာနဲ့ကြာသွားတာကွ။
ကျော် ဒီမှာ ဦးလေးသာဝ- မဲရုံမသွားခင် ကျနော်တို့လူတွေကို မဲပေးတဲ့နေရာမှာ မမှား အောင် သတိတခု ပေးချင်တယ်-။
သာ ဆိုစမ်းပါအုံးကျော်သူရ-မင်းက သွက်သွက်လက်လက်ကလေးဆိုတော့-။
ကျော် ဦးလေးသာဝကလည်း နောက်နေပြန်ပြီ- ကျနော်က မှားသွားရင် ကျနော်တို့ လိုလားတဲ့အဖွဲ့ နစ်နာမှာစိုးလို့ပါ-။
သာ အေး-ငါက မင်းကို နောက်တာပါကွာ-မင်းသတိပေးချင်တာလေးပြောစမ်းပါအုံး။
ကျော် မဲထည့်ရင်- ခမောက်ဘေးက အကွက်ကလေးမှာ- ကြက်ခြေတံဆိပ်ကလေး ရိုက်ရမယ် မှတ်ထား-။
ငွေခင် အောင်မာ-ကြီးကျယ်လိုက်တာ-ဒို့က နင့်ထက်ပိုပြီးသိပြီးသား။ ခမောက်တံဆိပ်
ဟာ- ဒေါ်အောင်ဆန်းစုကြည်အဖွဲ့။ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ကို မဲပေးရင် ခမောက်တံဆိပ်ဘေးကအကွက်မှာ ကြက်ခြေခတ်အမှတ်အသားတံဆိတ်တုံးလေး နှိပ်ရမယ်ဆိုတာ နင်မပြောလည်း တို့သိတယ်-။
ကျော် ငါ့စကားလည်း ဆုံးအောင်နားထောင်ပါအုံးငွေခင်ရဲ့-။ ဒါကို နင်တို့သိပေမယ့် မသိတာတွေ ကျန်သေးတယ်ဟ-။
ငွေခင် တော်တော်ကြီးကျယ်တယ်-။ ကဲ-ဒါဖြင့်ပြောစမ်းပါဦး။ ဘာတွေကျန်သေးလဲ။
ကျော် မဲထည့်တဲ့နေရာမှာ မဲပြားကို သေသေချာချာမစစ်ဆေးပဲ ကရောသောပါးလုပ်ခဲ့ရင် တို့ထည့်တဲ့မဲပြားတွေ ပယ်မဲဖြစ်ကုန်မှာစိုးလို့ ငါက စေတနာနဲ့ပြောမလို့ပါဟ-။
ငွေရင် ကဲ-ဒါဖြင့်ပြော။ အချိန်က သိပ်ရှိတာမဟုတ်ဘူး။ အ,သာ အ,တယ်- လေကြောက တော်တော်ရှည်တယ်။ ကဲ-မြန်မြန်ပြော။
ကျော် ပယ်မဲ မဖြစ်အောင်-
၁) မဲရွက်ကို အစွန်းအထင်းရှိ/မရှိ သတိထားရမယ်။
၂) မဲရုံမှူးလက်မှက်ပါ/မပါ သတိထားရမယ်။
၃) ကော်မရှင်တံဆိပ် ပါ/မပါသတိထားရမယ်။
၎) တံဆိပ်တုံးနှိပ်တဲ့အခါ ကိုယ်နှိပ်မယ့်အကွက် အပြင်ဘက်ကို မရောက်သွားဖို့ သတိထားရမယ်။
၅) ကိုယ်မဲပေးမယ့် အဖွဲ့တခုကိုပဲ တံဆိပ်နှိပ်ရမယ်။
၆) မဲပေးတဲ့ ကြက်ခြေခတ်တံဆိပ်ကလေးမနှိပ်ပဲ မဲမပေးရဘူးဒါဘဲ။
ငွေခင် ဒါတွေများ- နင်ကဒို့ကို သတိပေးနေလိုက်တာ နင်မပြောလည်းတို့သိပြီးသား-။ တို့ရွာကိုမြို့နယ်အောင်နိုင်ရေးအဖွဲ့လာပြီးဆွေးနွေးတုန်းက- မဲထည့်ပုံထည့်နည်း၊ ဘယ်လိုထည့်ရင် ပယ်မဲဖြစ်မယ်။ ဘယ်လိုထည့်ရင် ပယ်မှုမဲဖစ်ဘူးဆိုတာတွေ သေသေချာချာရှင်းပြသွားလို့ တို့အားလုံးသိပြီးသား။ နင်သာ မမှားဖို့ အရေးကြီးတယ်-။
ကျော် ငါက-နင်တို့မှားမှာစိုးလို့သတိပေးတာပါဟ။ ဒါလေးများ။
ငွေရင် တို့ကို နင်တို့ကအထင်သေးတာပဲ-။ တို့က မိန်းကလေးပေမယ့် တိုင်းပြည်ချစ်တဲ့ စိတ်အပြည့်ရှိတယ်။ ဒို့ကို တသက်လုံးအကျိုးမပေးခဲ့တဲ့အဖွဲ့ကိုတော့- တို့ ဘယ်တော့မှမဲမထည့်ဘူး။ ကန်တော့ဆွမ်းပဲ။ တို့မိန်းကလေးတွေက သတ္တိရှိပြီး ပြတ်သားပြီဆိုရင်- နင်တို့ယောက်ျားလေးတွေထက် သတ္တိရှိတယ်၊ ပြတ်သားတယ်မှတ်။
သာ အေး-တို့လူတွေကတော့ ပြောတာတွေကြားရတာအားရစရာပဲ-။ ကဲ- ပြောနေကြလို့တော့မပြီးသေးဘူး။ လက်တွေ့ပြကြရအောင်မဲရုံကိုသွားကြရမယ်ဟေ့-။
ကျော် နေကြပါအုံး-။ နေကြပါအုံး-။ ဒီအတိုင်းသွားလို့ဘယ်ဖြစ်ပါ့မလဲ။ တို့ကို အကျိုးမပေးတဲ့စနစ် နောင်ဘယ်တော့မှ ပေါ်မလာအောင် စနစ်ပြောင်းဖို့အတွက် မဲရုံကို သွားနေရာမှာ တို့တွေပျော်ပျော်ပါးပါးသွားကြရအောင် ကဲ နင်တို့ မိန်းကလေးတွေ ကကြဟာ- ကကြ။

(ကက်ဆက်ခွေမှ မဲရုံသို့သွား သီချင်းဖွင့်ပေးချိန်တွင် မိန်းကလေးများ က,ရင်းနှင့် တဖြည်းဖြည်း ကန့်လန့်ကာ နောက်သို့ ဝင်သွားကြသည်။)

နောက်ဆက်တွဲ (ဒ)

ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းများ

ခွပ်ဒေါင်းမိခင် အောင်ပွဲဆင်

(မုန်တိုင်းကြားက ဖူးပွင့်ခဲ့ပြီ ပြည်သူ့ခေါင်းဆောင်ပီပီ၊
သူ့အဖိုးရယ်- သူ့အဖေရယ်- သူအမေရယ်၊
သူ့ဂုဏ်ဒြပ်က- ဗမာပြည်သူတော်လှန်ရေးကို- ခွဲခြားမရပြီ။)၂

ဒီမိုကရေစီလူ့အခွင့်အရေးအတွက်-အကျိုးမဖက်တဆံချည်-မျိုးဆက်မှန်သည်။
သူ့ဖခင်ဗိုလ်အောင်ဆန်းလို- ပြည်သူ့သွေးသား ဒေါ်အောင်ဆန်းစုကြည်။

ဆုံးရှုံးခဲ့တဲ့လူ့အခွင့်အရေး-ဒီမိုကရေစီပေးပါတောင်းတဲ့-
ပြည်သူအပေါင်းရဲ့ဆန္ဒကိုရည်-
ခမောက်ဆောင်းတဲ့ ခွပ်ဒေါင်းတွကညီ-

ဘဝဂ်လျှံအောင် ဟစ်ကြွေးပေါ့- ပြည်အရေး တခေတ်သစ်ဖို့ရွယ်ရည်၊
အဓိဋ္ဌာန်လည်းညီ- ဇွဲမာန်လည်းညီ၊
တကယ့်အောင်ပွဲသည်- ပြည်သူတို့ပိုင်သည်-

နောက်ဆက်တွဲ (ဓ)

ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းများ

ဒီမိုကရေစီရစေကြောင်း ရွှေခမောက်ကိုဆောင်း

(ခမောက်-ခမောက်-ရွှေခမောက်-ပြည်သူ့ရွှေခမောက်)၂

(ရွှေခမောက်ကို ဘယ်သူဆောင်း-ပြည်သူတွေကဆောင်း)၂

(ပြည်သူ့နှလုံးသားနယ်မြေမှာ -- ရွှေခမောက်တွေ ဝေဝေဖြာ)၂

(ဒီမိုကရေစီရစေကြောင်း-ရွှေခမောက်ကိုဆောင်း)၃

(ဒီအချိန်ခါ-ဒီအချိန်ခါ-ရွှေခမောက်တွေ ဝင်းပါစေလို့ လင်းထိန်လှတာ)၂

(ပြည်သူ့အတွက်သာဆိုပါ ကူချင်ပါရဲ့အများ-)၂

(မဲရုံဆီ-မဲရုံဆီ- မဲရုံဆီ အရောက်သွား မဲထည့်ပါတော့လား-ဝါး)၂

(မဲထည့်ရင်း-မဲထည့်ရင်း- မဲထည့်ရင်း ရွှေခမောက်ဘေး ကြက်ခြေခတ်ပါလေး-ဟေး)၂

(ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ ရခိုင်တဲ့ပင်) အို-(မွန်ဗမာပြည်သူ့အရေး ရွေးချယ်ဖို့ပြင်)၂

(ဒီမိုကရေစီရရှိရေး တို့တတွေမနှေး မဲပေးဖို့ကြရန်ပြင်)

No comments:

Post a Comment