ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Tuesday, March 3, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်


တပ်မတော်၏ဖခင် လွတ်လပ်ရေးဗိသုကာကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့်ပတ်သက်၍ အဖွဲ့ချုပ်၏ သဘောထားများ ကိုလည်းကောင်း မိမိ၏သဘောထားများကိုလည်းကောင်း ပြောကြားခဲ့ပါပေသည်။

“မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ မြန်မာခေါင်းဆောင်ကြီးများဟာ ကျမတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ခဲ့တာဖြစ်တယ်။ လွတ်လပ်ရေရဖို့အတွက်လည်း ပြည်သူလူထုနဲ့တပ်မတော်သားများ အားလုံးလက်တွဲပြီးတော့ ကြိုးပမ်းခဲ့လို့ ရခဲ့တာဖြစ်ပါတယ်။ ခုချိန်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော် လက်တွဲပြီး လုပ်ဖို့ဟာ လိုပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ တပ်မတော်ရဲ့ဂုဏ်သိက္ခာ ကြီးထွားပုံကို ကမ္ဘာကသိကြပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုကနေပြီး တင်မြှောက်တဲ့ အစိုးရကနေပြီး အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလည်း ပြည်သူလူထုကြားက ပေါက်ဖွားကြတာ မို့လို့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားတွေကို ထိုက်ထိုက်တန်တန် ဂုဏ်သိက္ခာရှိရှိထားမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ လုံးဝမရှိပါဘူး။ အခုအချိန်မှာဆိုလို့ရှိရင် တချို့သူတွေဟာ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို မလိုလားသယောင်ယောင်၊ တပ်မတော်ရဲ့ အကျိုးစီးပွားကိုပဲ မလိုလားသယောင်ယောင် ပြောဆိုကြပါတယ်။ ဒါပေမယ့် ကျမတို့ဟာ အစဉ်တစိုက် မြန်မာနိုင်ငံနဲ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်စေချင်တဲ့အဖွဲ့ဖြစ်ပါတယ်။ ကျမတို့ တပ်မတော်ဟာ အစကတည်းက ပြည်သူလူထုရင်ခွင်က ပေါက်ဖွားလာတဲ့ တပ်မတော်ပါ။ အမြဲလည်းပဲ ပြည်သူလူထုရဲ့ နွေးထွေးမှုကို ခံယူနိုင်မှသာလျှင် ဒီတပ်မတော် ထူထောင်ခဲ့ရတာဟာ အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုရဲ့ အကျိုးကိုမျှော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ကျမထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်းမှာ ပြည်သူလူထုနဲ့တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တသားတည်း ရှိမှသာလျှင် ငြိမ်းချမ်းမှုလည်းရှိနိုင်မယ်။ တိုးတက်မှုလည်းရှိနိုင်မှာဖြစ်ပါတယ်။ တကယ်တော့လည်း တပ်မတော်ဆိုတာ တခြားနိုင်ငံက အဖွဲ့အစည်းမှ မဟုတ်တာပဲ။ ဒီနိုင်ငံထဲက အဖွဲ့အစည်းပဲ။ တခါတလေ တပ်မတော်နဲ့ ပြည်သူကို ခွဲခြားပြီး ပြောတာတွေဟာ ကျမတို့ နားမလည်နိုင်ပါဘူး။ တပ်မတော်သားများဆိုတာ ပြည်သူလူထုထဲက ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့စိတ်ဓါတ်ဟာ အင်မတန်မှ ဆိုးရွားတဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင်လုပ်တယ်ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးသမားများရှိမှသာလျှင် နိုင်ငံရေးဘက်က ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါ့ကြောင့်မို့လို့ နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင်လုပ်မယ့် နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားမှာ နားလည်မှု အများကြီးရှိဖို့လိုပါတယ်။ ဒီလိုနားလည်မှုရှိဖို့ ကျမတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာဆိုလို့ရှိရင် မြန်မာ့တပ်မတော်ထဲမှာ အဆင့်မြင့် အမှုထမ်းဆောင်ခဲ့တဲ့ အရာရှိများ များစွာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တပ်မတော်ရဲ့လိုအပ်ချက်များကို ကောင်းမွန်စွာ နားလည်ပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံအတွက် ကြိုးပမ်းချက်များကို တပ်မတော်သားများ နားလည်စေချင်ပါတယ်။ ဒီလိုနားလည်ဖို့ဟာဆိုလို့ရှိရင် ကျမတို့ အချင်းချင်း ကြားမှာ လွတ်လွတ်လပ်လပ် ထုတ်ဖော် ပြောဆို ဆက်သွယ် နှီးနှောဖလှယ် ဆွေးနွေးပြောဆိုနိုင်ခွင့်ရှိဖို့ လိုပါတယ်။ မလိုလားတဲ့သူများဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရဲ့ ရန်သူယောင်ယောင် တပ်မတော်ရဲ့ ရန်သူယောင်ယောင် ပြောနေတဲ့ကိစ္စတွေကို ကျမတို့အနေနဲ့ အချိန်မရွေးဖြေရှင်းရဲပါတယ်။ ဖြေရှင်းဖို့လည်း အဆင်သင့် ဖြစ်နေတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လုပ်ရပ်တွေအပေါ် တပ်မတော်သားများဟာ သိချင်တာရှိရင် ကျမတို့ကို အချိန်မရွေး မေးနိုင်ပါတယ်။ ကျမတို့ဟာ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်ပဲ ဖြေရှင်းမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာဟာ အနှစ် (၅ဝ)ကျော်သွားပါပြီ။ အနှစ်(၅ဝ) ကျော်ခဲ့သော်လည်း တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး။ အဲဒီအကြောင်းရင်းကတော့ ကျမတို့ နိုင်ငံအတွင်းမှာ စည်းလုံးညီညွတ်မှု မရှိလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ စည်းလုံးညီညွတ်မှုရအောင်လို့ အားလုံးဝိုင်းပြီးတော့ ကြိုးစားရမှာပါ။ စည်းလုံးညီညွတ်မှုရဖို့ဆိုတာ တဖက်သတ် ကြိုးစားလို့ မဖြစ်နိုင်ပါဘူး။ အဖက်ဖက်က အားလုံးလိုလားမှသာ စည်းလုံး ညီညွတ်မှုရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့နိုင်ငံက ပြည်သူလူထုနဲ့ တပ်မတော်သားများအားလုံးဟာ စည်းလုံးညီညွတ်စွာနဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ထူထောင်ကြိုးပမ်းကြဖို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်။”

No comments:

Post a Comment