ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

ပြည်သူ့ဒီမိုကရေစီ(၁ဝ)နှစ်ခရီးအားမာန်၊ ဒေဝတာငြိမ်းချမ်း

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။

ရှေးနှစ်ပေါင်းများစွာသော သမိုင်းဦးကာလက လူ့အနွယ်ဝင်များသည် သဘာဝအရိုင်း၏ ပြုသမျှကို နုခဲ့ကြရသည်။ ထို့နောက် တဆင့်ဆင့်တရွေ့ရွေ့ တိုးတက်ကြီးထွားလာသည်။ လူသားအား မာန်နှင့် သဘာဝသိပ္ပံပညာရပ်များ၏ အထောက်အကူဖြင့် ယင်းဘဝအခြေကို လူသားသည် မှောက်လှန် လှည့်ပြောင်းနိုင်ခဲ့ကြသည်။ သို့လျှင် ပြောင်းလဲဖြစ်စဉ် (Revolution) နိယာမအရ လူသားသည် လူ့ လောကကို တသီးတခြားထူထောင်ကာ သမိုင်းဘီးကို တပတ်ပြီးတပတ် လှိမ့်လာခဲ့သည်။ ခေတ်၊ စနစ် အမျိုးမျိုးအား လူသားအားမာန်ကိုပင် အရင်းတည်၍ ဖြတ်သန်းကျော်လွှားခဲ့ကြသည်။

ယင်းအချိန်ကာလမှစ၍ လူ့အဖွဲ့အစည်းတွင် လူတန်းစားတိုက်ပွဲများပေါ်ပေါက်လာကာ အုပ်စိုးသူလူတန်းစားက အအုပ်စိုးခံလူများစုကြီးကို ခြယ်လှယ်လွှမ်းမိုးခဲ့ခြင်း၊ အအုပ်စိုးခံလူများစုတို့မှ တွန်းလှန်ခြင်းတို့ဖြစ်ရခြင်းဖြင့် ခေတ်ပြောင်းတော်လှန်ရေး (Social Revotion) ကြီးများ ဖြစ်ပေါ်လာခဲ့ပြီး လူသားဘဝလူမှုအဆောက်အဦသည် အသွင်အမျိုးမျိုးစနစ်အမျိုးမျိုးတို့ ပြောင်းလဲဖြစ်တည်ခဲ့တော့ သည်။ သမိုင်းဦးဘုံမြေ၊ ကျေးပိုင်ကျွန်ပိုင်၊ မြေရှင်ပဒေသရာဇ်-စသည့် ခေတ်ကြီးများနောက်တွင် အရင်းရှင်၊ ဖက်ဆစ်အာဏာရှင်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်နှင့်ဒီမိုကရေစီ ဟူသော ဝေါဟာရများအရ နိုင်ငံရေးစနစ်များ ပေါ်ပေါက်အားပြိုင်ခဲ့ကြသည်။ သို့ဖြင့် အရင်းရှင်နိုင်ငံ ဖက်ဆစ်အာဏာရှင်နိုင်ငံ ကွန်မြူနစ်နိဂုံးသို့ဦးတည်ရမည်ဖြစ်သော ဆိုရှယ်လစ်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံများဟူ၍ လူသားကမ္ဘာ လူမှုအဆောက်အဦတွင် အမျိုးမျိုးဖြစ်တည်ပြောင်းလဲခြင်း ကျဆုံးခြင်း၊ အောင်မြင်စေခြင်းတို့အရ ရပ်တည်မှုများ ပေါ်ပေါက်သည်။

သို့ပြောင်းလဲဖြစ်တည်အောင်မြင်စေခြင်းတို့၏အကြောင်းရင်းခံမှာ ယင်းနိုင်ငံရေးစနစ်တို့၏ လူသားသဘာဝ၊ လူမှုအဆောက်အအုံကြီးတခုလုံးအတွက် အကျိုးဖြစ်ထွန်းစေမှု/အကျိုးမဖြစ်ထွန်းစေမှု၊ လူသားအခွင့်အရေး လွတ်လပ်စေမှု/မလွတ်လပ်စေမှု- စသည့် အားသာချက်/အားနည်းချက်တို့ အပေါ်မူတည်ပြီး နိုင်ငံရေးစနစ်အချို့တို့ မှေးမှိန်ကျဆုံး၍ နိုင်ငံရေးစနစ်အချို့သည် လူသားထုနှင့် နိုင်ငံ အများစု၏ လက်ခံကျင့်သုံးမှုအရ ကမ္ဘာ့ရှေ့တန်းကို ရောက်ရှိလာသည်။

ထိုသို့ဖြစ်တည်မှု/ကျဆုံးမှုတို့၏ အဓိကအကျဆုံးအခြေခံအကြောင်းရင်းသည် လူ့အရေး ကိစ္စအပေါ် အဓိက မူတည်ကြောင်း တွေ့ရမည်ဖြစ်သည်။ လူသားသည် မိမိတို့၏ဘဝ လွတ်လပ်ဖွံ့ဖြိုးမှု မရှိသော ဖိနှိပ်စိုးမိုးမှုဘဝကို လက်မခံ၊ ယင်းကိုဖြစ်တည်စေသော စနစ်နှင့်နေရာဟောင်းကို အမြဲ တွန်းလှန်လျက် ထိုလမ်းဟောင်းကို ဦးမတည် စွန့်ခွာကာ နေရာသစ်ကိုပို့ဆောင်ပေးမည့် လမ်းသစ် ကိုသာ ရွေးချယ်ကြသည်။ သို့ဖြင့် လူမှုဘဝများသည် အဆင့်ဆင့်တိုး တက်လာခဲ့ရခြင်းဖြစ်သည်။

ယခုအခါ ကမ္ဘာ့လူ့အဆောက်အအုံကြီး၏ လူမှုနေရာသစ်ဟုပင် ခေါ်ရမည်ဖြစ်သော လူမှုဘောင်၊ လူမှုနိုင်ငံတော်သည်ကား ပြည်သူတို့အတွက်ပြည်သူတို့ကိုယ်တိုင်ပါဝင်သော ပြည်သူ့အစိုးရစနစ် (Government of the people, by the peoople, for the people) ပင်ဖြစ်သည်။ တနည်းအားဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ်ထွန်းကားကျင့်သုံးသော လူမှုဘောင်၊ လူမှုနိုင်ငံ၊ လူမှုကမ္ဘာပင်ဖြစ်သည်။

သို့ဖြစ်ရာကားယနေ့ ပစ္စုပ္ပန်ကာလ၏ မြန်မာပြည်သူလူထုအထူးလိုလားနှစ်သက် အကောင်ထည်ပေါ်စေလိုသော လူမှုဘဝအဆောက်အအုံ၊ တနည်းအားဖြင့် အနာဂတ်အိမ်မက် ဟူသည်ကား အဘယ်အရာနည်း။ ထိုအနာဂတ်အိမ်မက်မျိုး ဖြစ်တည်စေရန် တွန်းပို့ပေးခဲ့သော အတိတ် နောက်ခံစနစ်ကား အဘယ်တို့နည်း။ အကောင်အထည်ပေါ်စေလိုသော အနာဂတ်အိမ်မက်သည် ပေါ်ထွန်း ဖြစ်တည်လာမည်လား မေးခွန်းများထုတ်၍ အဖြေရှာအကောင်အထည် ဖေါ်ရမည်ဖြစ်သည်။

အမိမြန်မာနိုင်ငံသည် တိုင်းရင်းသားညီအကိုများ ပြည်သူလူထုများတို့၏ အသက်၊ သွေး၊ ချွေးတို့ရင်းနှီး၍ ဇွဲ၊ ဝီရိယ၊ သတ္တိ အပြည့်အဝနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအရ ကိုလိုနီ လက်အောက်ခံဘဝမှ လွတ်ခဲ့ရသည်။ “ဒီမိုကရေစီဝါဒ သာလျှင် လွတ်လပ်ရေးနှင့် ဆီလျော်တယ်”ဟု ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်နှင့်အညီ ပါလီမန်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံနှင့်၊ (၁၉၄၈)ခုနှစ် ဇန္နဝါရီလ(၄)ရက်နေ့မှာ အချုပ်အခြာအာဏာပိုင်လွတ်လပ်သော နိုင်ငံတော်အဖြစ် စတင်ရပ်တည်ခဲ့သည်။

ဆယ်စုနှစ်တခုမျှ ဖေါ်ပြပါ ပါလီမန်ဒီမိုကရေစီနိုင်ငံတော်အဖြစ်ဖြင့် ဥပေဒပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူသည့် အချုပ်အခြာအာဏာ (Sovereign Power) အပိုင်းတွင် ဗျူရိုကရေစီ၊ ကြိုးနီအုပ်ချုပ်ရေး၊ ကျွန်ပညာရေး၊ အရင်းရှင်စီးပွားရေး ဟူသည် တိုက်ခိုက်ဝေဖန်မှုများရှိသည်မှန်သော်လည်း ထိုက်သင့်သော လွတ်လပ်ရေး၊ တည်ငြိမ်မှု၊ တရားမျှတမှုတို့ရှိခဲ့သည်။ ထွန်းကားခဲ့သည်။ နိုင်ငံတော် ဥပဓိရုပ်အဆင့်မှာလည်း မနိမ့်ပါးခဲ့။ ဒေသအတွင်း ထိပ်တန်းအဆင့်မှာရှိခဲ့သည်။

သို့သော် (၁၉၆၂)ခုနှစ်တွင် တပ်မတော်သည် ဖယ်ဒရယ်မှုကို အကြောင်းပြပြီး နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။ ထို့နောက် တော်လှန်ရေးကောင်စီအုပ်ချုပ်သောကာလ (၁၉၇၄)ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်သောကာလ-စသည့်ဖြင့် တပါတီအုပ်စိုးသောခေတ်၊ တနည်း အားဖြင့် စစ်အာဏာရှင် လွှမ်းမိုး ကြီးစိုးသော စနစ်ကြီးနှင့် ပြည်သူလူထု ထိပ်တိုက်ရင်ဆိုင်ရသောအချိန် ဖြစ်ခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့တွင် လွတ်လပ်မှုများပျောက်ကွယ်ခဲ့သည်။ ဒီမို ကရေစီအခွင့်အရေးများ ဆုံးရှုံးခဲ့သည်။ ဆိုရှယ်လစ်ပညာရေးစနစ်၊ ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းစနစ် တို့၏ မအောင်မြင်မှုများ၊ ဗဟိုချုပ်ကိုင်မှုလွန်ကဲခြင်း၊ တပါတီအာဏာရှင်စနစ် ကြီးထွားလာသော ဖိနှိပ်မှုများကြောင့် လူတဦးချင်း၏ သဘောထားခံယူချက်နှင့် စိတ်ပိုင်းဆိုင်ရာတန်ဖိုး ဥပဓိရုပ်များ တဖြည်းဖြည်းနိမ့်ကျယိုယွင်းလာခဲ့ရသည်။ ထို့အတူ နိုင်ငံတော်၏ ဥပဓိရုပ်မှာလည်း သုညအောက်သို့ ထိုးဆင်းခဲ့ပါတော့သည်။

၎င်းအပြင် အဂတိ(၄)ပါးကိုအခြေခံသောကြောင့် ဥပဒေဥပဓိရုပ် (Legal Personality) အားနည်းမှုများ၊ တရားစီရင်ရေး မဏ္ဍိုင် ပျက်စီးယိုယွင်းမှုများ၊ အုပ်ချုပ်ရေးတွင်လည်း အကျင့်ပျက်လာဘ်စားမှုများ- စသည့် ချို့ယွင်းအားနည်းမှုများ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေး၊ လူမှုရေး အားလုံးသော အထွေထွေ အကြပ်အတည်းများမှာ ကြီးမားသည်ထက် ကြီးမားလာခဲ့ ရသည်။ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ကွယ်ပျောက် ဆိတ်သုဉ်းခဲ့ရသည်။ ယင်းဖြစ်ရပ်များသည် ပကတိသရုပ်နှင့်ကင်းပြတ်သွားသည့် တိုးတက်မှုပိတ်ဆို့မာကြောသော လူမှုစနစ်သို့လုံးလုံး ဆိုက် ရောက်သွားခြင်းဖြစ်သည်။

နောက်ဆုံးတွင် အထွေထွေမကျေနပ်မှုများ အထွဋ်အထိပ်သို့ရောက်သွားပြီးတနိုင်ငံလုံးရှိ လူ ထုလူတန်းစားအသီးသီးတို့၏ လူမှုတော်လှန်ရေး(သို့မဟုတ်) လူမှုပေါက်ကွဲမှုကြီးသည် (၁၉၈၈)ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံအဖြစ် ပေါ်ပေါက်ခဲ့ရသည်။ တပါတီအာဏာရှင်စနစ်အား တွန်းဖြိုမှုနှင့်အတူ နှစ်ပေါင်း(၃ဝ)ခန့် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးတို့ ဆုံးရှုံးမှုများအတွက် တောင်းဆိုမှုဖြစ်သော လူ့အခွင့်အရေးကိုလည်း ရှေ့တန်းတင် ဖော်ထုတ်လာခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ပြည်သူ့ အာဏာ (People's Power) တည်ဆောက်ပေါ်ထွန်းရေး အခြေခံအစစ်အမှန်ကိုလည်း “ဒို့အရေး” အဖြစ် တောင်းဆိုခဲ့သည်။ တပါတီအာဏာရှင်စနစ်ဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ပြိုကျခဲ့ရသည်။

သို့ရာတွင် (၁၈၊ ၉၊ ၈၈)ရက်နေ့တွင် စစ်တပ်ကပင် နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြန်သည်။ ပြည်သူလူထု အုံကြွမှုကြီးကိုလည်း တရားလက်လွတ်ဖိနှိပ်ချိုးနှိမ်ခဲ့သည်။ ရဟန်းရှင်လူ၊ ကျောင်း သားပြည်သူတို့၏ အသက်သွေးတို့ စွန်းခဲ့ရသည်။ ထောင်နှင့်ချီသော ဆုံးရှုံးမှုဖြစ်သည်။ ယင်းနောက် စစ်အုပ်စုသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟု အမည်သညာပြုကာ တိုင်းပြည် အာဏာကို ဆက်လက်ချုပ်ကိုင်ခဲ့သည်။

စစ်အုပ်စုသည် အာဏာရယူပြီး မရှေးမနှောင်းပင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာသည်နှင့်အတူ နိုင်ငံရေးပါတီများတရားဝင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။ (၂၇၊ ၅၊ ၉ဝ) ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုပင် အမှန်ပင် အောင်မြင်စွာလည်း ကျင်းပပေး နိုင်ခဲ့သည်။

ယင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၉၃)ပါတီ ဝင်ရောက် ယှဉ်ပြိုင်အရွေးခံခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတရပ်လုံး၏ လိုအင်ဆန္ဒများကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ဖြည့်ဆည်းပေးရန် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာ့နိုင်ငံရေး အလှည့် အပြောင်းအမျိုးသားနိုင်ငံရေးသမိုင်း၏ လိုအပ်မှုတောင်းဆိုချက်အရလည်းကောင်း ဒီမိုကရေစီအတွက် လည်းကောင်း၊ (၁၉၈၈)ခုနှစ် စက်တင်္ဘာလ (၂၇)ရက်နေ့တွင် နိုင်ငံရေးပါတီတရပ်အဖြစ် ဖွဲ့စည်း ပေါ် ပေါက်လာခဲ့သည်။ ထို့နောက် မဲဆန္ဒနယ် (၄၄၇)နေရာတွင် ဝင်ရောက်အရွေးခံခဲ့သည်။ မဲဆန္ဒနယ် (၃၉၂) နေရာတွင် ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် (၈ဝ)ကျော်ခဲ့ပေသည်။

သို့လျှင် တပ်မတော်သားများအပါအဝင် ပြည်သူလူထုကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တခဲနက် ထောက်ခံအားပေးလိုက်ခြင်းဖြင့် အောင်ပွဲခံစေခဲ့သည်။ ထို့ကြောင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တပ်မတော်အပါအဝင် ပြည်သူလူထုကယုံကြည်အားထားဆုံး ပြည်သူ့အဖွဲ့အစည်းကြီး ဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။ ၄င်းပြင် မြန်မာပြည်သူလူထုသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများကို မည်မျှအတိုင်းအတာအထိ လိုလားတောင်းတ နေသည်ဆိုသည်မှာလည်း ထင်ရှားသည်၊

သို့သော် တိုင်းပြည်အာဏာကိုသိမ်းယူထားသော စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်ကို မနှစ်မျို့သည့်အခါ ၄င်းတို့ မျှော်လင့်သကဲ့သို့ဖြစ်မလာသောအခါ မျက်ကွယ်ပြုလျစ်လျူရှုခဲ့သည်၊ ပြည် သူလူထု၏ မျှော်လင့်ချက်ဆန္ဒတို့ကို ဆန့်ကျင်လိုက်ခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပြည်သူလူထု ထောက်ခံမှုအများဆုံးရရှိထားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီအသီးသီးတို့မှ ရွေး ချယ်ခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်မှတဆင့် တိုင်းပြည်၏ ကောင်းကျိုးကို သယ်ပိုးထမ်းဆောင်ရပေမည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးမှာ အဓိက ကျသည့် အမျိုးသားနိုင်ငံရေးတာဝန်တရပ်ဖြစ်ပေသည်။ ပြည်သူ့လွှတ်တော် ပေါ်ပေါက်မှသာလျှင် တိုင်းပြည်၌ စစ်မှန်သောဒီမိုကရေစီနိုင်ငံရေးစနစ် ဖြစ်ထွန်းလာမည်မှာလည်း နိုင်ငံရေး၏သဘာဝ အမှန်တရားပင်ဖြစ်သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၂)ပုဒ်မ(၃)တွင် လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောင်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရမည်ဟု တိကျစွာပြဋ္ဌာန်းထားပါသော်လည်း သက်ဆိုင်ရာအာဏာပိုင်တို့က ပြည်သူ့လွှတ်တော်တရပ်ကိုခေါ်ယူဖွဲ့စည်းခြင်းမပြုခြင်းဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းတရပ်ဖြစ်သည့် အားလျော်စွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ ပူးပေါင်း၍ ဂန္ဓီခန်းမတွင် (၂၈/၂၉၊ ၇၊ ၉ဝ)ရက်နေ့ များတွင် အစည်းဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ခေါ်ယူရေးနှင့် ရွေးကောက်ပွဲရလဒ်များအကောင် အထည်ဖော်ရေးတို့အတွက် အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ဆုံးဖြတ်ချက်များ ချမှတ် ခဲ့သည်။

သို့သော်လည်းအာဏာပိုင်များသည်(၂၇၊ ၇၊ ၉ဝ)ရက်နေ့တွင် ကြေညာချက်အမှတ်(၁/၉ဝ) ကို ထုတ်ပြန်လိုက်ခြင်းဖြင့် ရွေးကောက်ပွဲမတိုင်မီက တိုင်းပြည်သို့လူသိရှင်ကြားပြောဆိုခဲ့သော ကတိများကိုလည်းကောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဥပဒေကိုလည်းကောင်း၊ သွေဖည် လှည့်ဖျားရာရောက်ခဲ့သည်။ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကား ရွေးကောက်ပွဲရလဒ် ပျက်ပြယ်စေရန် အစီအစဉ်ဖြင့် စနစ်တကျ ကြိုးပမ်းဆောင်ရွက်ခြင်း ပင်ဖြစ်သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ကြေညာ၍ ကတိကဝတ်ပြုခြင်းများနှင့် လက်တွေ့ အကောင်အထည်ဖော်ခြင်းတို့မှာ လုံးဝဥဿုံမကိုက်ညီသော လုပ်ရပ်ဖြစ်သည့် အမျိုးသား ညီလာခံကို (၉၊ ၁၊ ၉၃) ရက်နေ့တွင် စတင်ကျင်းပခဲ့ပြန်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမျိုးသားရေးတာဝန်ကို ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသားညီလာခံသို့တက် ရောက်ဆွေးနွေးခဲ့သည်။ အဖွဲ့ချုပ်၏ မူ(၇)ချက်ဖြစ်သော-
• ပွင့်လင်းရိုးသားမှုနှင့် အပြန်အလှန်လေးစားလိုက်နာရေး၊
• တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေး၊
• ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးပြုရေး၊
• အာဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်မှုကို ရှေ့ရှုရေး၊
• အပြန်အလှန်လေးစားရေး၊
• အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊
• အပြန်အလှန်နားလည်မှုရရှိရေးတို့နှင့် အညီလည်း ဆောင်ရွက်ခြင်းဖြစ်သည်။
• အမျိုးသားညီလာခံသည် အခြေခံဥပဒေကို အသေးစိတ်ရေးဆွဲရန်မဟုတ်ပေ။ နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အမိန့်အမှတ်(၁၃၊၉၂) အပိုဒ်(၄)(က) တွင်“ခိုင်မာသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ အခြေခံရမည့်မူများ ချမှတ်နိုင်ရေးကို ဦးတည်လျက် အမျိုးသားညီလာခံကို ကျင်းပရမည်”ဟု ဆိုထား သည့်အတိုင်း အခြေခံမူများရေးဆွဲရန်သာဖြစ်သည်။

၎င်းပြင် အခြေခံဥပဒေရေးဆွဲရန် လုံးဝတာဝန်ရှိကြသည့် ပြည်သူလူထုက ရွေးကောက်တင် မြှောက်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးသည် ညီလာခံကိုယ်စားလှယ်များ မဟုတ်ကြ။ အမျိုးသားညီလာခံ ကိုယ်စားလှယ်အားလုံး၏ (၁၅၏၂၄%)ခန့်သာရှိသည်။ သို့ဖြစ်သည့်အတွက် နိုင်ငံရေးအကြပ်အတည်းပြဿနာများ ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်က အမျိုးသားညီလာခံတွင် လက်တွေ့ဆွေးနွေးကြရာ၌ ညီလာခံ၏ ချို့ယွင်းချက်၊ အားနည်းချက်၊ ပြည်သူ့ဆန္ဒနှင့်မညီသော ဦးတည်ချက်များ ရှိခဲ့သည်။ ၄င်းတို့မှာ-
(က) ညီလာခံဦးတည်ချက်နှင့်လုပ်ထုံးလုပ်နည်းများ ကိုယ်စားလှယ်များနှင့်ညှိနှိုင်း သတ်မှတ်ချက်အရ မဟုတ်ခြင်း၊
(ခ) ပြည်သူလူထုကရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ထာဝစဉ် အနည်းစုဖြစ်နေခြင်း၊
(ဂ) ခေါင်းစဉ်ပါအခန်းများကို မဆွေးနွေးမီ အာဏာပိုင်များက ကြိုတင်လမ်းကြောင်းပေးခြင်း၊
(ဃ) စာတမ်းများကိုပြုစုတင်ပြရာ၌ လွတ်လပ်မှုမရှိခြင်း။ အာဏာပိုင်များပြင်ဆင်စေလိုသည်များကို အကြိမ်ကြိမ် ပြင်ဆင်ပေးရခြင်း၊
(င) ကိုယ်စားလှယ်များ၏ တင်ပြချက်အများအပြားကို လျစ်လျူရှုခြင်း၊
(စ) အစုအဖွဲ့အချင်းချင်း အပြန်အလှန်ဆွေးနွေးဖလှယ်ခွင့်မရှိခြင်း၊
(ဆ) ညီလာခံလုပ်ထုံးလုပ်နည်းတွင် မချမှတ်ထားပဲ အလှည့်ကျသဘာပတိအဖွဲ့ကို စာတမ်းများအား သုံးသပ်ထောက်ပြရန်တင်ပြရခြင်း။
(ဇ) ဆွေးနွေးချမှတ်ချရာ၌အခြေခံမူများသာမက အသေးစိတ်အချက်အလက်များပါဝင်ခြင်း၊
(ဈ) ညီလာခံကျင်းပရေး အချိန်ဇယားသတ်မှတ်မထားခြင်း၊
(ည) အကြိုဆွေးနွေးပွဲကျင်းပစဉ်က အစုအဖွဲ့ဖွဲ့စည်းရာတွင် ညှိနှိုင်းမှုမရှိဘဲ ဖွဲ့စည်းခြင်းတို့ဖြစ်သည်။
တဖန် အမျိုးသားညီလာခံတွင် အမျိုးသာားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကိုယ်စားလှယ်များအနေနှင့် အခန်းကဏ္ဍများနှင့်ပတ်သက်၍ ပြည့်စုံစွာတင်ပြဆွေးနွေးခြင်းမပြုသေးမီ အမျိုးသားညီလာခံ အသေးစိတ် အခြေခံရမည့် အခြေခံမူ(၁ဝ၄)ချက်ချမှတ်လိုက်သည်။ ၄င်းအပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအစဉ်လိုက် ခေါင်းစဉ်တချို့နှင့်ပတ်သက်၍လည်း ညီလာခံကိုယ်စားလှယ်တို့က ဆွေးနွေး ခြင်းမပြုရသေးမီ ကြံ့ဖွတ်အသင်းဝင်များက ညီလာခံပြင်ပတွင် အခြေခံမူများအဖြစ်ကြိုတင်၍ အဆိုတင် သွင်းခြင်း၊ ထောက်ခံခြင်း ပြုခဲ့ကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ည်ီလာခံ ကိုယ်စားလှယ်များက အကြံပြုခဲ့ပါသော်လည်း လျစ်လျူရှုခြင်း ခံခဲ့ရသည်။

အထက်ပါအကြောင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံကိုယ်စားလှယ် များသည် (၂၈၊ ၁၁၊ ၉၅) ရက်နေ့တွင် ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌထံ “-မျက်နှာချင်း ဆိုင် တွေ့ဆုံဆွေးနွေးပွဲတရပ် အောင်မြင်ဖြစ်မြောက်သည့်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီ လာခံကိုယ်စားလှယ်များအနေဖြင့် အမျိုးသားညီလာခံသို့တက်ရောက်ခြင်းမပြုသေးပဲ စောင့်ဆိုင်းနေ မည်ဖြစ်ကြောင်း-”စာရေးအကြောင်းကြား၍ ညီလာခံမတက်သေးပဲ စောင့်ဆိုင်းနေခဲ့သည်။ ထိုသို့စောင့်ဆိုင်းသည်ကို ညီလာခံကျင်းပရေးဆိုင်ရာအာဏာပိုင်များက တဖက်သတ် ဆုံးဖြတ်ပြီး ည်ီလာခံ လုပ်ထုံးလုပ်နည်းဖြင့်ဆန့်ကျင်လျက် အဖွဲ့ချုပ်ညီလာခံကိုယ်စားလှယ်များအား အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ထို့နောက်တွင်လည်း စစ်အစိုးရအာဏာပိုင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို နည်းအမျိုးမျိုးဖြင့် ပြုလုပ်လာခဲ့သည်။ (၂၆၊ ၄၊ ၉၁)အကြောင်းကြားစာဖြင့် အဖွဲ့ချုပ်၏စည်းရုံးလှုပ်ရှားမှုများကို ပျက်ပြားစေရန်ဆောင်ရွက်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များအား ဥပဒေနှင့်မညီပဲ ပုဒ်မ(၅)(ည)ဖြင့်လည်းကောင်း၊ ပုဒ်မ(၁ဝ)(က)ဖြင့်လည်းကောင်း မတရားဖမ်းဆီး ထိမ်း သိမ်းခဲ့သည်။ ချော့၍တမျိုး ခြောက်၍တဖုံ တလွဲပြောဆိုခြင်း သွေးဆောင်ခြင်းများ စသည့် နည်းမျိုးစုံသုံး ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်အောင် ဆောင်ရွက်သည်။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များအပေါ်တွင်လည်း ဤသို့ပင်လုပ်ဆောင်သည်။

ဤကဲ့သို့အခက်အခဲများအတွင်းမှပင် ရွေးကောက်ပွဲတွင်အောင်မြင်ခဲ့သော မဲဆန္ဒနယ်မြေ အရေအတွက်အရ ပထမ၊ ဒုတိယနှင့် တတိယ နေရာများကိုရရှိခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့်အတူ မွန်မျိုးသားဒီမိုက ရေစီအဖွဲ့၊ ဇိုမီးမျိုးသားကွန်ဂရက်တို့ကပူးပေါင်း၍ ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးကိုမျှော်ကိုးပြီး ပြည်သူ့လွှတ်တော်ခေါ်ယူရေးကိုရှေးရှုကာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို (၁၉၉၈) ခုနှစ် စက်တင်္ဘာလ (၁၆)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

တဖက်တွင် (၁၉၈၈)ခုနှစ်မှစ၍ အာဏာကိုကိုင်တွယ်ထားသည့် အာဏာပိုင်များက ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေး ကိစ္စနှင့်ပတ်သက်၍ ဥပဒေကိုလုံးဝအလေးမမူ၊ ဂရုမပြုပဲ၊ ပေးထားသောကတိ ကဝတ်များ၊ ပြည်သူလူထု၏ဆန္ဒကို အလေးမမူ ပြည်သူလူထုအပေါင်း၏ သိက္ခာကို ချိုးနှိမ်လျက် မျက် ကွယ်ပြု လျစ်လျူရှုသည်။ ၄င်းအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုသည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ စည်းရုံးရေးအဖွဲ့ဝင်များ၊ ရိုးရိုးအဖွဲ့ဝင်များအား အာဏာပိုင်များသည် (၆၊ ၉၊ ၉၈) ရက်နေ့မှစ၍ အာဏာကို အလွန် အကျွံအသုံးပြုလျက် တရားဥပဒေမဲ့ထပ်မံကာ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခဲ့သည်။

နေထိုင်စားသောက်ရန်အတွက်တို့ကိုပင်လိုက်လံနှောက်ယှက် မတရားလုပ်ဆောင်ကြသည်။ ယခုထက်တိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ထိန်းသိမ်းထားဆဲရှိသည်။ အမျိုးသားနိုင်ငံ ရေးဖြစ်သည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများမိမိတို့ တိုင်းပြည်တွင်ပေါ်ထွန်းလာရန် မိမိတို့၏ နှလုံး သည်းပွတ်မှ ဖြစ်တည်သော စိတ်ဆန္ဒနှင့်အညီ ဆောင်ရွက်ကြသည့်အဖွဲ့ဝင်များနှင့်ပြည်သူများတို့၏ နိုင်ငံရေးဆောင်ရွက်ချက်များသည် မည်သည့်အပြစ်ကိုမှ ကျူးလွန်ခြင်း၊ ကျူးလွန်သည်မဟုတ်ပေ။ မြင့် မြတ်သောအများအကျိုး၊ တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်ခြင်းသာဖြစ်သည်။ ၄င်းအာဏာပိုင်များ၏-
• စစ်မှန်သောဒီမိုကရေစီပေါ်ထွန်းရေးကို မလိုလားခြင်း။
• ပြည်သူလူထုက လုံးဝအလိုမရှိသည့် အာဏာရှင်စနစ် သက်တမ်းရှည်စေလိုခြင်း။
• တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေခြင်း။
• ပြည်သူလူထုအားလမ်းလွဲသို့ပို့နေခြင်း၊ အာဏာပိုင်များက မိမိတို့ကိုယ်ကျိုးအတွက် ခုတုံးလုပ် အသုံးချနေခြင်း။
• အမျိုးသားရေးဂုဏ်သိက္ခာ ကျဆင်းစေခြင်း။
• ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးနေခြင်း။
• တိုင်းပြည်တွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးတို့အတွက်စွမ်း ဆောင်ရည်မပြည့်ဝခြင်း စသည့်လုပ်ဆောင်မှုများအတွက် အမိနိုင်ငံတော်မှ စိတ်မအေး ဖွယ် အန္တရာယ်ဆိုးများသို့ရှေးရှုနေသည်။ ထိုအန္တရာယ် ဆိုးများမှ အမြန်ဆုံးကင်းလွတ် လျက်၊ ဒီမိုကရေစီ နိုင်ငံတော်ကြီးအမြန်ဆုံးပေါ်ပေါက်စေရန်၊ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူများတို့သည် တရားသဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

သို့ရာတွင် အာဏာပိုင်တို့သည် ပြည်သူလူထုနှင့်တကွ တိုင်းရင်းသားလူမျိုးများက နစ်နာ ချက်များ၊ လိုလားချက်များကို တင်ပြဆွေးနွေးကြသည့်အခါ အပြန်အလှန်အပေးအယူလုပ်ပြီး ဆွေးနွေး ညှိနှိုင်းမည့်အစား တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် စစ်အင်အားကိုသုံး၍ ဖိနှိပ်ခြင်းနည်း များကိုသာ အသုံးပြုခဲ့ကြလေသည်။ “တပ်မတော်သည် နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်းတရပ်သာ ဖြစ်သည်။” “စစ်ရေးစစ်ရာများသည် နိုင်ငံတော်၏ လက်အောက်ခံသာ ဖြစ်သည်။”ဆိုသည်ကို နိုင်ငံ ရေးသိပံ္ပပညာနှင့် စစ်ပါရဂူများက အခိုင်အမာအသိအမှတ်ပြုပြီးဖြစ်သည်။ ကမ္ဘာကလည်း လက်ခံကျင့် သုံးသည်။ သို့ရာတွင် မိမိတို့တိုင်းပြည်မှစစ်ခေါင်းဆောင်အချို့တို့သည် နိုင်ငံတော်ကို အလိုအလျောက် (ပြည်သူ့ဆန္ဒကို ရယူရန်မလိုအပ်) အုပ်စိုးထိုက်သူများ၊ နိုင်ငံတော်၏ အပေါ်တွင် ရှိသူများအဖြစ် ထင်မှတ်မှားကာ တိုင်းပြည်ကို တာရှည်စွာအုပ်းစိုးခဲ့ကြသည့်အပြင် ဆက်လက်အုပ်စိုးရန်လည်းကြံရွယ်လုပ် ဆောင်လျက်ပင်ရှိကြပေသည်။
ယနေ့ခေတ်သစ်ကမ္ဘာကြီး၏ အဓိကလိုအပ်ချက်မှာပြည်သူ့ဆန္ဒကိုလေးစားရန်နှင့်ဒီမိုကရေစီ အခွင့်အရေးများကို အလေးအနက်ထားရန်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးချယ်တင် မြှောက်ခံရသော တိုင်းရင်းသား ပါတီများသည် ပြည်သူ့ဆန္ဒကိုလေးစားလိုက်နာပြီး ဒီမိုကရေစီအခွင့် အရေးများနှင့်အညီ တသွေမတိမ်း ဆောင်ရွက်နေခြင်းဖြစ်သည်။ အဓိကအားဖြင့် တိုင်းပြည်နှင့် ပြည် သူလူထုအပေါင်းတို့၏ အထူးလိုအပ်လျက်ရှိသော နိုင်ငံရေးအနှစ်သာရများကို ပြီးပြည့်စုံစွာငုံယူထား သော နိုင်ငံရေးလုပ်ဆောင်ချက် (Political Act) ကို လိုက်နာကျင့်သုံးနေခြင်းဖြစ်သည်။

ထို့ကြောင့် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းသည် နိုင်ငံတော်ကို အလိုအလျောက် အုပ်စိုးထိုက်သည်ဟုယူဆခံယူနေသော စစ်အာဏာရှင်စစ်ခေါင်းဆောင်အချို့၏ မှား ယွင်းသောအယူအဆနှင့် ဒီိမိုကရေစီရေးကိုအကောင်အထည် ဖေါ်လိုက်နာဆောင်ရွက်ရမည်ဟူသည့် ကွဲပြားခြားနားသော အခြေခံအကြောင်းတရားမှ ပေါ်ပေါက်လာသောအကြပ်အတည်းပင်ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ရင်ဆိုင်ကြုံတွေ့နေရသောနိုင်ငံရေးအကြပ်အတည်းနှင့်တိုင်းပြည်၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအစရှိသည့် အဖက်ဖက်မှ ယိုယွင်း ကျဆင်းနေမှုများကို အမြန်ဆုံးကယ်တင်ပြုပြင်ရန်အထူးပင်လိုအပ်သည်။ အမျိုးသားရေးအမြင်ဖြင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး၍ ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီအခွင့်အလမ်းများ အကောင်အထည် ဖေါ်ရေးဆောင်ရွက်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီသည်လည်းကောင်း တစိုက်မတ်မတ်ကြိုးစားဆောင်ရွက်နေသည်။

ပြည်သူလူထုအကျိုးအတွက် ပိုမို၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် (၈၊ ၁၂၊ ၉၈)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ရေးရာကော်မတီများဖြစ်သော-
• တိုင်းရင်းသားများရေးရာကော်မတီ
• ဘဏ္ဍာ၊စီးပွား၊ကုန်သွယ်ရေးရာကော်မတီ
• ပညာရေးရာကော်မတီ
• နိုင်ငံတကာဆက်ဆံရေးရာကော်မတီ
• အလုပ်သမားရေးရာကော်မတီ
• လွှတ်တော်ရေးရာကော်မတီ
• ကာကွယ်ရေးရာကော်မတီတို့ကို ဖွဲ့စည်းခဲ့သည် ။

၎င်းနောက် ဖေါ်ပြပါ ရေးရာကော်မတီကိစ္စများနှင့် ပတ်သက်၍ အစီရင်ခံစာများ ပြုစုခဲ့သည်။ တိုင်းပြည်သို့ တင်ပြခဲ့သည်။
လူမှုရေးနှင့် နိုင်ငံရေးအသွင်ပြောင်းလဲမှုနှင့်ပတ်သက်၍လည်း -လူမှုရေးနှင့်နိုင်ငံရေးအသွင် ပြောင်းလဲရာ၌ ပြည်သူလူထုပါဝင်ဆင်နွှဲရေးသည် ကျမတို့ခေတ်တွင် အဓိကထားရမည့် ကိစ္စပင်ဖြစ် သည်။ လူ့ဘဝတန်ဖိုးကို အာဏာထက်ပို၍ဦးစားပေးပြီး၊ လွတ်လပ်မှုကို ချုပ်ကိုင်မှုထက်ပို၍ အလေး ထားသော လူ့အဖွဲ့အစည်း တည်ထောင်ဖွဲ့စည်းခြင်းဖြင့်သာ ပြည်သူလူထု ပါဝင်ဆင်နွှဲရေးကိစ္စကို အောင်မြင်နိုင်မည်ဖြစ်ပေသည်။ ဤစံနမူနာအရ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဒီမိုကရေစီရရှိရန်နှင့် ပြည် သူလူထုအမှန်တကယ် အခွင့်အာဏာရရှိရန်လိုအပ်၏။ ယင်းသို့ရရှိသွားသောအခါတွင် ယဉ်ကျေးမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုတို့သည် သဘာဝအလျောက် ပေါင်းစပ်သွားပြီး လူသားအားလုံးကို တန်ဖိုးထားကာ ထွက်ပေါ်နိုင်သော လူ့စွမ်းပကားအမျိုးမျိုး အကောင်အထည်ဖော်ဆောင်နိုင်မည့် ပတ်ဝန်းကျင်အခြေ အနေကို ဖန်တီးပေးမည်ဖြစ်ပါသည်-ဟု ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ကော်မရှင် အစည်းအဝေးသို့အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးတင်သွင်းသော စာတမ်းပါ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အညီ တိုင်းပြည်၏ လူမှုရေးနှင့်နိုင်ငံရေးအသွင်ပြောင်းလဲလာစေရေးအတွက်အဖွဲ့ချုပ်သည် ဆောင်ရွက် နေသည်။

တနည်းအားဖြင့် အခြေခံအပြောင်းအလဲများနှင့် အသွင်းကူးပြောင်းမှုများအတွက် တော်လှန် ရေးတရပ်ကို ဆင်နွှဲနေခြင်းဖြစ်သည်။ တိုင်းပြည်သည် အထွေထွေအကြပ်အတည်း (General Crisis) များနှင့်အတူ ကပ်ဆိုက်လုနီးနီး အခြေအနေသို့ရောက်ရှိနေပြီဟူသော ပကတိဖြစ်တည်နေမှုကို အစွဲ အလမ်းကင်းပြီး ရိုးသားသော ချဉ်းကပ်လုပ်ဆောင်မှုများဖြင့် ဆောင်ရွက်ရင်း တိုင်းပြည်ကို အခြေအနေ ဆိုးမှ ဆွဲထုတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

၎င်းပြင် “တော်လှန်ရေးစိတ်ဓါတ်ဆိုတာ တည်ဆောက်ရေးစိတ်ဓါတ်နှင့် တဆက်တည်းပါပဲ။ တည်ဆောက်ရေးအလုပ်ကိုလုပ်ချင်လို့ တော်လှန်ရေးလုပ်ရတာဖြစ်ပါတယ်။ ကျမတို့ နိုင်ငံကို တည် ဆောက်ချင်လို့ ဒီမိုကရေစီနိုင်ငံရေးကြီးကို ဆင်နွှဲနေရတာဖြစ်ပါတယ်။”ဟု(၅၂) နှစ်မြောက် တော်လှန် ရေးနေ့အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ပြောခဲ့သည့်အတိုင်း တော်လှန်ရေးနှင့်အတူ နိုင်ငံ တည်ဆောက်ရေးအတွက်ကိုပါ တပူးတွဲတည်း စိုင်းပြင်းဆောင်ရွက်နေသည်၊ ကြိုးစားအကောင်အထည် ဖော်နေသည်။ သို့ရာတွင် အရာရာသည် ညတွင်းချင်း ပြောင်းလဲမသွားနိုင်။ သီးခြားအခြေအနေများနှင့် ပတ်သက်၍ ကွဲပြားခြားနားသည့် ချဉ်းကပ်မှုများ ရှိနေဦးမည်ဖြစ်ခြင်းတို့ကိုလည်း လက်ခံထားပါသည်။

ယနေ့ကာလ ဖြစ်တည်နေသောတိုင်းပြည်အခြေအနေမှာ နိုင်ငံရေးအင်အားစုများ၊ အာဏာပိုင်များနှင့် ပြည်သူလူထုအားလုံးကို တောင်တက်ကြိုးဖြင့် တွဲချည်ထားသည့် တောင်တက်သမားတစုပမာ ဖြစ်စေလျက်ရှိပါသည်။ တောင်ပေါ်သို့အတူတူ တက်ရောက်နိုင်မည့် နည်းဖြစ်သည့်နည်းတူ ချောက်ထဲသို့လည်း အတူတကွ ကျသွားနိုင်ပါသည်။ ဘေးဆိုးကြီးမကျရောက်စေရန် တားဆီးရန် အတွက်လည်းကောင်း၊ တောင်ထိပ်ဖြစ်သော ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အရောက်သွားနိုင်ရေး၊ တက်လှမ်းနိုင်ရေးသည်လည်းကောင်း၊ အသီးသီးသော နိုင်ငံရေးခေါင်းဆောင်များ၊ အာဏာပိုင်များ ပြည်သူများတို့တွင် တာဝန်ရှိပါသည်။ ကျဉ်းမြောင်းသောခံယူချက်၊ အကျိုးစီးပွားများကိုကျော်လွှားပြီး၊ အခြေအနေ အရပ်ရပ်သည် ရုတ်တရက် အပြောင်းအလဲဖြစ်နိုင်ပုံကို သိမြင်ကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် အခြေအနေကိုလည်းကောင်း အသစ်တဖန်နားလည်းသဘောပေါက်ဖို့ ယနေ့အခါ အလွန် တရာအရေးတကြီး လိုအပ်နေသည်။ အရာရာတို့သည် ဤမျှကာလကြာမြင့်စွာ ဆက်လက်မဖြစ်သင့် ကြတော့သည်မှာ အသေအချာဖြစ်သည်။

သို့ဖြစ်ရာ ယနေ့အုပ်စိုးသူ လူတစု၏ ကိုယ်ကျိုးကြည့်ဝါဒ၊ တနည်းအားဖြင့် ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓါတ်နှင့် ပြည်တွင်းစစ်ကိုအကြောင်းပြု၍ စစ်ခေါင်းဆောင်အချို့၏မိမိကိုယ်ကိုယ် မိမိ ကယ်တင်ရှင်သဖွယ် ထင်မှတ်မှားကာ စစ်အမြင်အုပ်ချုပ်ရေး၊ တိုင်းပြည်ကို အလိုအလျောက် အုပ် ချုပ်ထိုက်သူများဟူသော အယူအဆမှားတို့ကို အခြေခံလျက် ပေါ်လစီရေးဆွဲရန် တိုင်းပြည်ကို ဆက် လက်အုပ်ချုပ်ရန် မဖြစ်သင့်၊ မဖြစ်ထိုက်၊ မဖြစ်နိုင်တော့ပါ။ နည်းလမ်းသစ်ဖြင့် ပြုမူလုပ်ကိုင်ရန် အထူး လိုလားပါသည်။ အခြေအနေသစ်နှင့်ချိန်ကိုက်လျက် လိုက်လျောညီထွေပြောင်းလဲနိုင်သော စွမ်းပကား၊ (Capacity for rapid adaptation and fast flexibility) ရှိရန် လိုအပ်ပါသည်။ ပြည်သူတို့ဆက်၍ အချိန်မဖြုန်းနိုင်ပါ။ မနက်ဖန်ဆိုလျှင် အပြောင်းအလဲတွေ တရှိန်ထိုးများပြားနေတဲ့ ကမ္ဘာကြီးအတွင်း သည်ထက် နောက်ကျသွားရမည်ဖြစ်သည်။ ထို့ပြင် သန်ဘက်ခါဟူ၍ မည်သည့်အခါမျှ ရောက်မလာပဲ နေကောင်းနေမည်လည်းဖြစ်သည်။

ယနေ့အခါသမယသည်ကား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ (၁ဝ)နှစ်သက်တမ်း ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ပြည်သူအပေါင်းတို့က ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ တခဲနက်တင်မြှောက်လိုက်သော တိုင်းပြည်၏ တာဝန်ကိုထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများနှင့် အခြားပါတီအသီးသီးတို့မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်မှတဆင့် တိုင်းပြည်နှင့် ပြည်သူလူထုအား သယ်ပိုး ထမ်းဆောင်ခွင့်များကို ဥပဒေနှင့်လိုက်လျောညီစွာ ဆောင်ရွက်ခွင့်မရသေးပဲရှိသည်။ စစ်အာဏာရှင် အစိုးရသည် ကတိမတည်၊ တာဝန်မကျေ၊ ဥပဒေမလေးစား၊ ပြည်သူကို ဥပက္ခာပြုလျက် မိမိနှင့်တကွ သော အစုအဖွဲ့အကျိုးကိုသာ ရှေ့တန်းတင်လျက် အမျိုးမျိုးသော အကြောင်းပြချက်များနှင့်အတူ ဒီမိုကရေစီရေးအား ဟန့်တားဖိနှိပ်ဖျက်ဆီးလျက်ရှိသည်။ ရိုးသားမှုနှင့် တော်တည့် ဖြောင့်မတ်မှု (Honesty and Intergrity) အလျဉ်းမရှိသော အပြုအမူများ၊ လုပ်ဆောင်နေမှုများကိုသာ ထပ်ပြန် တလဲလဲ ဆောင်ရွက်နေသည်။

လူထုလူတန်းစားအသီးသီးမှာစားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရသည်။ လူငယ်များအတွက် ပညာရေးမှာ အထူးနိမ့်ကျလျက်ရှိသည်။ လူ့အခွင့်အရေးများ ချိုးနှိမ်ခံနေရသည်။ အရာ ရာတွင် ကမ္ဘာကြီးနှင့်နှိုင်းယှဉ်ပါက တိုးတက်မှု အလွန်နှေးကွေးတုန့်ဆိုင်းလျက် ဖွံ့ဖြိုးရေးကွာခြားမှု (ွမသတအွ့စေ)ကို ကြီးစွာခံစားနေကြရသည်။ သက်ဦးဆံပိုင်စနစ် (Military Depotism) ခံယူချက်ဖြင့် ကြိုတင်၍ စိတ်ထဲတွင်လက်ခံယူထားသောအယူ (Preconcieved Nation) အရလည်းကောင်း၊ တနည်းအားဖြင့် ဝါဒစွဲကြိုတင်ဆုံးဖြတ်ထားခြင်း(Preset Thinking) အရလည်းကောင်း၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နိုင်ငံရေး အစစအရာရာတွင် ငါ့မြင်းငါစိုင်း လုပ်ဆောင်နေသော ကြောင့် တိုင်းပြည်နှင့်တကွ ပြည်သူလူထုမှာ ဒုက္ခကြီးစွာကြုံတွေ့နေရသည်။

ထိုသို့လျှင် စစ်အာဏာပိုင်တို့သည် မီးဆိုသော ပူလောင်ခြင်းကို သာယာကြည်နူးစရာဟု မြင်ကာ တိုးဝင်သော ပိုးဖလံပမာ မာယာ၏လှည့်ဖျားမှုကိုခံနေရခြင်းဖြစ်သည်။ မီးဆိုသော မိမိတို့၏ လုပ်ရပ်အပူကို အဟုတ်ဟုထင်မှတ်ခြင်းဖြစ်သည်။ သစ်ပင်ကြီးတပင်ကို လူတယောက်ဖက်တွယ်နေ ထားခြင်းဖြစ်ပါလျက်နှင့် ယင်းလူသည် သစ်ပင်ကြီးက သူ့အားဆွဲထားသည်ဟု အော်ဟစ်နေသည့်ပုံပြင် ပမာလည်း ဖြစ်နေသည်။ သူက သစ်ပင်ကို ဖက်တွယ်ထားပါလျက် ယင်းအလုပ်ကို သစ်ပင်က သူ့ကို ဆွဲထားခြင်းဟု အော်နေခြင်းမှာလည်း မာယာ၏လှည့်ဖျားကို ခံနေရခြင်းလား။ သို့မဟုတ် မိမိ၏ အကျိုးစီးပွားအတွက် (အတ္တိဟိတာယ)၊ မိမိချမ်းသာရေးအတွက် (အတ္တသုခါယ)၊ မိမိကို တပါးသူတို့မှ ကိုးကွယ်ဆည်းကပ်မှုအတွက်(အတ္တဟိတာယ)တို့ ရယူလိုမှုအရ လုပ်ဆောင်နေခြင်းလား၊ တခုခု သို့မ ဟုတ် သုံးခုစလုံး ကပ်ငြိနေသည်ဖြစ်ပေသည်။ အမြင်မှား၊ အစွဲမှားများကို အမြန်ဆုံးစွန့်ခွာသင့်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လူအများအကျိုးစီးပွားအတွက် (ဗဟုဇာနယ-ဟိတာယ)၊ လူအများချမ်းသာမှုအတွက်(ဗဟုဇာနယသုခါယ)၊ လောကလူသား ညီညွတ် ကောင်းစား ရေးအတွက်(လောကနုကပ္ပယ)တို့ကို အစဉ်ဦးတည်ဆောင်ရွက်နေသည်။ အများအကျိုး၊ ပြည်သူနှင့် တကွသော တိုင်းပြည်အကျိုးသယ်ပိုးဆောင်ရွက်ခြင်းမည်သည်။ ဤအမြင်တို့သည်ကား လောက အမြင်၊ ဓမ္မအမြင်တို့ပင်ဖြစ်လေသည်။ ထို့ကြောင့် အတ္တအကျိုး ဆောင်ရွက်ခြင်းနှင့် ဗဟုအကျိုး ဆောင်ရွက်ခြင်းတို့၏ ပွိပက္ခအသွင်သည် ထင်ရှားစွာမြင်တွေ့နေရသည် ဖြစ်သော်လည်း ဓမ္မနိယာမ၊ လောကနိယာမတို့၏သဘောအရ ဗဟုအကျိုးတရားသည် အောင်ပွဲမုချမသွေရမည်ဖြစ်ပေသည်။

သို့ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတို့ အနေနှင့် တိုင်းပြည်၏ အခြေအနေဆိုးများသို့ကျရောက်သွားစေနိုင်သည့် မည်သည့်ဆောင်ရွက်ချက် ကိုမျှ ဆောင်ရွက်မည်မဟုတ်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်-

အမျိုးသားနိုင်ငံရေးတောင်းဆိုချက်ကြောင့် ပေါ်ပေါက်လာရခြင်း၊ ပြည်သူလူထု သဘောဆန္ဒ နှင့် လုံးဝလျော်ညီစွာ ပေါ်ပေါက်ရပ်တည်လာရခြင်း၊ ဒီမိုကရေစီရေးအတွက် ပေါ်ပေါက်ရပ်တည်လာရ ခြင်းတို့နှင့်လျော်ညီစွာ အခက်အခဲ အတားအဆီးများကို ကြံ့ကြံ့ခံကျော်လွှားရပ်တည်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ဆန္ဒ၊ တနည်းအားဖြင့် ပြည်သူလူထု၏ လှပသော အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ပေါ် ပေါက်ဖြစ်တည်ရေးအိပ်မက်ကို မဖြစ်မနေအကောင်အထည်ဖော်ရန် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိတို့ကို အရင်းတည်ပြီး စွန့်လွှတ်အနစ်နာခံလျက် ဆောင်ရွက်နေသည်။ ၄င်းပြင် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို လည်း ဦးတည်ပြီး အစဉ်တစိုက်ဆောင်ရွက်နေမည်သာဖြစ်သည်။ ဒီမိုကရေစီအောင်ပွဲသည်လည်း မုချ အောင်ပန်းဆင်ရမည်ဖြစ်သည်။ ။

ဒေဝတာငြိမ်းချမ်း

No comments:

Post a Comment