ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Tuesday, March 3, 2009

၂၇-၇-၁၉၉၀ န၀တ ကြေညာချက်အမှတ် ၁/၉ဝ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
ကြေညာချက်အမှတ် ၁/၉ဝ
၁၃၅၂ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်
(၁၉၉ဝပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်)

၁။ မြန်မာနိုင်ငံသည် (၁၉၄၈)ခုနှစ်၊ ဇန္နဝါရီလ(၄)ရက်နေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ခဲ့သည်။

၂။ (၁၉၈၈)ခုနှစ် အတွင်းအရေးအခင်းများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတဝှမ်းလုံးတွင် အခြေအနေ အရပ်ရပ် ယိုယွင်း ပျက်ပြားခဲ့သည်။ ထိုသို့ ယိုယွင်းပျက်ပြားခဲ့သည့် အခြေအနေအရပ်ရပ်ကို အချိန်မီ ထိန်းသိမ်းနိုင်ရန်အတွက် ပြည်သူပြည်သားအားလုံးအကျိုးငှာ တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လုံးဝတာဝန်ယူခဲ့သည်။ ပြည်သူ့လွှတ်တော်အပါအဝင် နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများကို ဖျက်သိမ်းလျက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ တာဝန်ကြီး (၄)ရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အရေးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ခဲ့သည်။

၃။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးတို့ကို ထိရောက်စွာ ထိန်းသိမ်းနိုင်ရန် လိုအပ်သော ဥပဒေ၊ အမိန့်၊ ကြေညာချက်၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကို ထုတ်ပြန်ခဲ့သည်။

၎။ ပြည်သူများ၏ စားဝတ်နေရေးချောင်လည်စေရန် ပုဂ္ဂလိက၊ သမဝါယမနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင် နိုင်စေရန်အတွက် အဟန့်အတား ဖြစ်စေသောဥပဒေများကို ပယ်ဖျက်ပြီး လိုအပ်သောဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်များကိုလည်း ထုတ်ပြန်လျက် လက်တွေ့ အကောင်အထည် ဖော်ဆောင်လျက်ရှိသည်။

၅။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတဝှမ်းလုံးတွင် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရန်နှင့် တိုးတက် ကောင်းမွန်စေရန်အတွက် ဆောင်ရွက်သင့်သည်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

၆။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တပ်မတော်သည် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုမျှ လိုက်နာ ကျင့်သုံးသော အဖွဲ့အစည်းမဟုတ်ဘဲ နိုင်ငံတော်ကို မာရှယ်လော (Martial Law) ဖြင့် အုပ်ချုပ်နေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့အစိုးရသည် စစ်အစိုးရအဖြစ် အုပ်ချုပ်လျက် ရှိကြောင်းနှင့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လက်ခံထားသည့် အစိုးရဖြစ်ကြောင်း အားလုံးပင်အသိဖြစ်သည်။

၇။ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သတ်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံအသီးသီးနှင့် ချစ်ကြည်စွာ ဆက်ဆံလျက်ရှိသည်။ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် မြန်မာနိုင်ငံရှိ မည်သည့်သံရုံးကိုမျှ ယခုအချိန်ထိ ပိတ်ပင်ခြင်းမရှိဘဲ၊ ဆက်လက် ထားရှိခွင့်ပြုပြီး ပုံမှန် ဆက်ဆံနေသည့် နည်းတူ နိုင်ငံခြား တိုင်းပြည်များတွင် မြန်မာသံရုံးများကို ရုတ်သိမ်းခြင်းမပြုဘဲ ဆက်လက် ဖွင့်လှစ်ထားရှိကာ ပုံမှန် ဆက်ဆံလျက်ရှိသည့်အပြင် ယခင်က သံရုံးမရှိခဲ့သော နိုင်ငံတနိုင်ငံတွင် သံရုံးအသစ်တရုံး တိုးချဲ့  ဖွင့်လှစ်ခဲ့သည်။

၈။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့နိုင်ငံရေးကိစ္စရပ်များနှင့် ကုလသမဂ္ဂ ဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသုံရုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝါဒကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူနှင့်အညီ လိုက်နာ ကျင့်သုံးလျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသည် မိမိ၏လွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်လျက် မိမိ၏ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းများကိုလည်း ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းနှင့်အညီ လိုက်နာကျင့်သုံးလျက်ရှိသည်။

၉။ နိုင်ငံအချင်းချင်းဆက်ဆံရေး ပျက်ပြားစေမှုကို ရှောင်ရှားရန် သံတမန်အချို့၏ သံတမန် ကျင့်ဝတ် ဖေါက်ဖျက်မှုများကိုလည်း သဘောထားကြီးစွာဖြင့် သံတမန်အမည်နှင့် နိုင်ငံအမည်များကို ထုတ်ဖေါ်ခြင်းမပြုဘဲ မိမိတို့ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် အကြိမ်ကြိမ်ပြောကြားခဲ့သည်။ ထို့ပြင် သံတမန် နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာသံရုံးများကိုလည်း အကြောင်းကြားခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအချင်းချင်း၊ အစိုးရအချင်းချင်း ဆက်ဆံရေးပျက်ပြားစေမည့် ကိစ္စရပ်များကို ရှောင်ရှားနိုင်ခဲ့သောကြောင့် ယနေ့ထိ မည်သည့်ပြဿနာမျှ ပေါ်ပေါက်စေခဲ့ခြင်းမရှိပါ။ သံတမန်အချို့၏ လုပ်ရပ်ကြောင့် မိမိတို့ အစိုးရအပေါ် အထင်အမြင်လွဲမှားမှုကိုလည်း သဘောထားကြီးစွာထား၍ သံတမန်နည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့သည်။

၁ဝ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(တပ်မတော်)သည် နိုင်ငံတော်၏ တာဝန်ကိုယူခဲ့သည့် အချိန်မှစ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို စွဲမြဲစွာ ကိုင်စွဲ ဆောင်ရွက်လျှက်ရှိပါသည်။ တဖက်တွင်လည်း လက်နက်စွဲကိုင် ဆူပူသောင်းကျန်း သူမျိုးစုံကို တပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေး မြောက်များစွာ ပေးလှူလျက် ထိုးစစ်ကြီးများဖြင့် ချေမှုန်းခဲ့သည်မှာ အားလုံးပင်အသိဖြစ်သည်။ တပ်မတော်သည် နိုင်ငံရေး အဖွဲ့အစည်း မဟုတ်သဖြင့် ဆူပူသောင်းကျန်းသူ များနှင့် နိုင်ငံရေးနည်းအရ စေ့စပ်ဆွေးနွေးခြင်းကို လုပ်ခဲ့ခြင်းမရှိပါ။ သို့ရာတွင် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ အလင်းဝင်လာသူများကို ကောင်းမွန်စွာ လက်ခံကြိုဆို၍ ပြန်လည်နေရာ ချထားရေး လုပ်ငန်းများကို အဖွဲ့အစည်းဖြင့် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံရေးအစိုးရ မဟုတ်သဖြင့် မည်သည့် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းနှင့်မျှ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးခြင်းပြုရန် အကြောင်း မရှိပေ။

၁၁။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(တပ်မတော်)သည် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥပဒေကို ပြဌာန်းလျက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။ ရွေးကောက်ပွဲ ဝင်လိုသော နိုင်ငံရေးပါတီများ မှတ်ပုံတင်နိုင်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် လွတ်လပ်၍တရားမျှတသော ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့သည်။

၁၂။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ(၃)တွင် “လွှတ်တော်ကို မဲဆန္ဒရှင်နယ်များမှ ဤ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရမည်။” ပြဋ္ဌာန်းပါရှိသည်။ ယင်း ပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်။ ထိုသို့ လွှတ်တော်ခေါ်ယူရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ရန်ကိစ္စများအား ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အရွေးခံရသည့်ပါတီများနှင့် ရွေးကောက်ပွဲတွင် အရွေးခံရသည့် ပုဂ္ဂိုလ်များက ဆောင်ရွက်ရန်ကိစ္စများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားကြရန် အခါအားလျော်စွာ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းခဲ့ပြီးဖြစ်သည်။

၁၃။ ယနေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်တွင် လွှတ်တော်ခေါ်ယူရေး၊ အာဏာ လွှဲပြောင်းရေးကိစ္စများနှင့် စပ်လျဉ်း၍ စာစောင်များထုတ်ဝေနေခြင်း၊ ဆွေးနွေးငြင်းခုံနေခြင်း၊ ပြည်ပအသံလွှင့်ဌာနများမှ ရှေ့ဆောင်လမ်းပြလုပ်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း တရားမဝင်စာရွက် စာတမ်းများ ထုတ်ဝေခြင်း ပြုလုပ်နေကြသည်။

၁၄။ လွှတ်တော်ခေါ်ယူရေးနှင့်ပတ်သက်၍ အထက်တွင် ရှင်းလင်းဖေါ်ပြခဲ့ပြီးဖြစ်သည့် အာဏာ လွှဲပြောင်းရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌက တိုင်းမှူးများ၊ တပ်မမှူးများ၊ ပြည် နယ်နှင့် တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌများအား အခါအားလျော်စွာ ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် ညွှန်ပြခဲ့ပြီးဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁) အနေဖြင့်လည်း (၁၉၉ဝ) ပြည့်နှစ်၊ ဇူလိုင်လ(၃ဝ)ရက်နေ့တွင် ကျင်းပသည့် (၁ဝဝ)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲ၌ တိတိလင်းလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

၁၅။ နိုင်ငံရေးအဖွဲ့အစည်းတရပ်သည် ပြည်သူ့လွှတ်တော်တရပ်ပေါ်ပေါက်လာရုံဖြင့် ဥပဒေပြုမှု အာဏာ၊ စီမံခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာဟူသော အချုပ်အခြာအာဏာသုံးရပ်ကို အလိုအလျောက် မရရှိဘဲ အခြေခံဥပဒေ တရပ်အပါ် အခြေပြု၍သာ ရယူနိုင်ကြောင်း အထူး ရှင်းလင်းရန်လိုမည်မဟုတ်ပါ။ (၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် (၁၉၄၇)ခုနှစ် စက်တင်္ဘာလ(၂၄)ရက်နေ့တွင် တိုင်းပြည်ပြု လွှတ်တော်က လက်ခံ၍ ဥပဒေအဖြစ် အတည်ပြုခဲ့သည်။ သို့သော် ထိုအခြေခံဥပဒေ အာဏာတည်ပြီး အမှန်တကယ် အကျိုးသက်ရောက်သည်မှာ မြန်မာနိုင်ငံလုံးဝလွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်နိုင်ငံတော် ဖြစ်ကြောင်း ကြေညာသည့် (၁၉၄၈)ခုနှစ် ဇန္နဝါရီလ(၄)ရက်နေ့တွင်မှ ဖြစ်သည်ကို ဥပဒေကြောင်းအရ ထင်ရှားစွာ တွေ့နိုင်သည်။ နိုင်ငံတခု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်သည် လွတ်လပ်ရေးမရမီ ရေးသားထားသည့်ဥပဒေနှင့် လွတ်လပ်ရေးရသည့်နောက်မှ ရေးသားသည့် ဥပဒေဟူ၍ နှစ်မျိုးရှိသည်။ လွတ်လပ်ရေးရရှိခဲ့ကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အချုပ်အခြာအာဏာကို လက်ဆုပ်လက်ကိုင် ရပြီးမှသာ တိုင်းပြည်ပြု လွှတ်တော်ခေါ်ယူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြသည့် အစဉ်အလာရှိသည်။ မြန်မာနိုင်ငံတွင်မူ တိုင်းပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီးမှ လွတ်လပ်ရေး ကြေညာခဲ့ရသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ထိုအချိန်က နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် ဗြိတိသျှတို့ထံမှ ငြိမ်းချမ်းသောနည်းဖြင့် လွတ်လပ်ရေးကို အမြန်ရယူလိုသောဆန္ဒကြောင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းမှာ ထင်ရှားသည်။

၁၆။ (၁၉၇၄)ခုနှစ် အခြေခံဥပဒေကိုလေ့လာပါက လွတ်လက်ရေးရပြီးနောက် ရေးဆွဲခြင်းဖြစ်ပြီး ပြည်သူ့ဆန္ဒခံယူပွဲဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည်ကို မည်သူမျှငြင်းဆိုခြင်းပြုနိုင်မည် မဟုတ်ပါ။

၁၇။ (၁၉၄၇) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် လွတ်လပ်ရေးမရမည်ရေးဆွဲသည့်ဥပဒေ ဖြစ်ပြီး(၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လွတ်လပ်ရေးရပြီးမှ ရေးဆွဲသည့်အခြေခံဥပဒေ ဖြစ်ကြောင်း ကွာခြားချက်ကို အထူး သတိပြုကြရန်လိုသည်။

၁၈။ ပါတီစုံဒီမိုကရစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ အများစု၏ ဆန္ဒမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရေးဖြစ်ကြောင်း ယင်းတို့၏သဘောထား ကြေညာချက်များအရ သိရှိနိုင်သည်။ (၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲစဉ်က တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ ပင်လုံညီလာခံတွင် ရှမ်း၊ ကချင်၊ ချင်း လူမျိုးစုများနှင့်သာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး မွန်၊ ရခိုင် စသော လူမျိုးများနှင့် ဆွေးနွေး ညှိနှိုင်းမှု မရှိကြောင်း တွေ့ရမည်ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသား လူမျိုးများ အများအပြားရှိရာ ၄င်းတို့၏ဆန္ဒသဘောများကို ညှိနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်နေကြောင်း ထင်ရှားနေသည်။

၁၉။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် စစ်အစိုးရတရပ်ဖြစ်သည်နှင့်အညီ မာရှယ်လော ဥပဒေကို ကိုင်စွဲ ကျင့်သုံးနေသည့် အစိုးရဖြစ်သည်။ ထိုသို့ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအား အောက်ပါအာဏာ သုံးရပ်ဖြင့် ကျင့်သုံးလျက်ရှိသည်။
(က) ဥပဒေပြုမှုအာဏာ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကသာ ကျင့်သုံးပိုင်ခွင့်ရှိသည်။

(ခ) စီမံခန့်ခွဲမှုအာဏာ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကသာ ကျင့်သုံးပိုင်ခွင့်ရှိသည်။ သို့ရာတွင် ယင်းအာဏာကို အစိုးရအဖွဲ့နှင့်တကွ ပြည်နယ်/တိုင်း၊ မြို့နယ်စု၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အဆင့်ဆင့်အား ခွဲဝေလျက်ရှိသည်။ ယင်းသို့ဆောင်ရွက် စေခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် အစိုးရလက်ထက်တွင် ဝန်ထမ်းများသည် ဌာနဆိုင်ရာ လုပ်ငန်းများကို နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာဆောင်ရွက်နိုင်ရန် လေ့ကျင့်ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်။

(ဂ) တရားစီရင်မှုအာဏာ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကသာ ကျင့်သုံးပိုင်ခွင့်ရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာသည့် အချိန်တွင် အလေ့အကျင့်ရစေရန် သာမန်ရာဇဝတ်မှုနှင့် တရားမမှု စသည်များကို တရားရုံးအဆင့်ဆင့် ဖွဲ့စည်းပြီး စစ်ဆေးစီရင်စေလျက်ရှိသည်။

၂ဝ။ ထို့ကြောင့် ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။

၂၁။ နိုင်ငံတော်အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့် နည်းနှင့်မျှ လက်ခံမည်မဟုတ်သည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ဆန္ဒနှင့်အညီ ခိုင်မာသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ပေါ်ပေါက်လာမည့် အစိုးရတရပ် မဖွဲ့စည်းမီ ကြားကာလတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(တပ်မတော်) အနေဖြင့်

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသည့် အရေးသုံးပါး။

(ခ) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ်(၁/၈၈)တွင်ပါရှိသော တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ လမ်းပမ်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရေးနှင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေး စသည့် တာဝန်ကြီး(၄)ရပ်အနက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးတာဝန်မှအပဖြစ်သော လုပ်ငန်းတာဝန်ကြီးသုံးရပ်နှင့်

(ဂ) မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်း တာဝန်များကို အလေးဂရုပြု ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

No comments:

Post a Comment