ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

အားခီးမီးဒီးနိယာမနှင့် ကျနော်၏ နိုင်ငံရေးအမြင် - အညတရ

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။

“လူသည်နိုင်ငံရေးသတ္တဝါဖြစ်သည်”ဟု သုခမိန်များက အဆိုရှိကြ၏။ ဤသို့ဆိုလျှင်ကျနော်သည်လည်း အညတရနိုင်ငံရေးသတ္တဝါတဦးဖြစ်ရမည်။ လူတို့၏အရေးအရာများဖြစ်သော နိုင်ငံရေးရာကိစ္စများသည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သဖြင့် ကျနော်သည် အညတရနိုင်ငံရေးသမားသာ ဖြစ်သော်လည်း နိုင်ငံရေးရာကိစ္စရပ်များကို တွေးခေါ်ဝေဖန်စဉ်းစားသုံးသပ်ရမည်။

ဤသို့တွေးမြင်မိရာမှ နိုင်ငံရေးရာများကိုလည်း စိတ်ဝင်စားလာသည်။ စိတ်တူကိုယ်တူ မိတ်ဆွေများနှင့်လည်း ပေါင်းဖွဲ့၏။ ဉာဏ်မီသမျှလည်း တွေးခေါ်စဉ်းစားဆွေးနွေးကြ၏။ လူ့အဖွဲ့အစည်းတွင် မတရားသောနည်းဖြင့် အာဏာကိုရယူ၍ စိုးမိုးချယ်လှယ် အုပ်ချုပ်သော အစိုးရများသည် ပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်ခြင်းကြောင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနှောက်ယှက်လျက် ရှိသည်။ ထိုသို့သောအစိုးရမျိုးကို လူ့အနွယ်ဝင်များသည် ဆန့်ကျင်တော်လှန်ခဲ့ကြပြီး တရားမျှတသော ဒီမိုကရေစီကျသောအစိုးရများကို တည်ဆောက်ခဲ့ကြ၏။ မြန်မာနိုင်ငံတွင်လည်း (၁၉၆၂)ခုနှစ်၌ တပ်မတော်အရာရှိများသည် အာဏာကိုသိမ်းယူခဲ့ပြီး ပြည်သူများကို စိုးမိုးချယ်လှယ်ဖိနှိပ်အုပ်စိုးလျက် ရှိသည်။ ပြည်သူများကလည်း ခါးသီးသောဘဝအတွေ့အကြုံများအရ ဖိနှိပ်မှုမှလွတ်မြောက်ရန် ကြိုး ပမ်းရုန်းကန်ဆန့်ကျင်လျက်ရှိသည်။ အာဏာပိုင်များကလည်း ဆန့်ကျင်သူမှန်သမျှကို သိမ်းကျုံးဖမ်း ဆီး ထောင်ချခဲ့ကြသည်။ ကျနော်သည်လည်း တနွယ်ငင် တစင်ပါဆိုသလို ဖမ်းဆီးခြင်းခံခဲ့ရပါသည်။

ကျနော့်ကိုဖမ်းဆီးစဉ်က တင်ဆောင်လာသော မာဇဒါဂျစ်အမျိုးအစား မော်တော်ယဉ်သည် ပြည်လမ်းပေါ်တွင် ပြေးလွှားနေစဉ် ကျနော်၏အတွေးများလည်း ပျံ့လွင့်လျက်ရှိ၏။ အတွေးများနှင့်အတူ ငါ့ကို ဘယ်ခေါ်သွားကြပါလိမ့် ဟူသော အတွေးတခုက ဆော့ကစားလျက်ရှိ၏။ ကမာရွတ် မီးပွိုင့်ကို လွန်၍ မော်တော်ယာဉ်သည် အင်းစိန်လမ်းပေါ်သို့ ဦးတည်လိုက်သောအခါ အင်းစိန်ထောင်သို့ခေါ်သွားခြင်းဖြစ်သည်ကို တွေးမိ၏။ အတွေးစိတ်တွင်လည်း အပြုံးရိပ်များ ပေါ်လာ၏။ ဤသို့ဆိုလိုလိုက်ခြင်းအားဖြင့် မိမိကိုယ်ကို သိဒ္ဓွိတင်သည် ဟူ၍လည်းကောင်း၊ ကျနော့်အား စိတ်မနှံ့သူဟူ၍ လည်းကောင်း ထင်မြင်ကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အင်းစိန်ထောင်သို့ခေါ်ဆောင်သွားခြင်းကို သိပါလျက်နှင့် အပြုံးရိပ်များထင်ဟပ်ခြင်းဆိုသည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေ။ သို့ရာတွင် ဤကိစ္စအတွက် ရှင်းလင်းတင်ပြရန် ကျနော့်မှာ အကြောင်းအရာများ အခိုင်အလုံရှိပါသည်။ ကျနော်သည် လက်လှမ်းမီသမျှ စာတိုပေစများကိုဖတ်ရှုခဲ့ရာ လူထုဦးလှရေးသားသည့် ‘ထောင်နှင့်လူသား’၊ ‘လေနှင့်အတူ’၊ ‘လှောင့်ချိုင့်တွင်းမှ ငှက်ငယ်များ’၊ ‘အားလုံးကောင်းကြရဲ့လား’၊ ‘ရဲဘော်နှင့်မောင်ကြီးနှမ’- အစရှိ သည့် အကျဉ်းထောင်နှင့်ပတ်သက်၍ ရေးဖွဲ့ထားသောစာအုပ်များနှင့် အခြား ထောင်နန်းစံ စာရေးဆ ရာကြီးများ၏ စာပေအချို့ကိုလည်း ဖတ်ရှုဖူးခဲ့ပါသည်။ ထို့ကြောင့် ဘာရာ၊ ဘုတ်ကိုင်၊ တန်းစီး၊ ရှစ် မှတ်၊ ဂွေးနီ-စသော ထောင်အခေါ်အဝေါ်များနှင့် အကြံအဖန်ဟင်း၊ “အားလုံးကောင်းရဲ့လား”ဟူ၍ အိပ်ဆောင်များမှ အော်သံများကိုပင် တခါတရံ ကြားယောင်နေမိသလို ခံစားမိပါသည်။ ၄င်းအပြင် “သခင်ပေါက်စ-ထောင်ခြောက်လ”၊ “အမေကမွေး-ထောင်ကကျွေး”ဟူသော သခင်များ၏ ကြွေးကြော်သံများသည်လည်း ကျနော်၏အသိစိတ်ဝယ် စွဲထင်လျက်ရှိပြီး သခင်ပေါက်စများ ထောင်ကျသွား ပါက ထောင်ထဲ၌ နိုင်ငံရေးသမားကြီးများထံ ဆည်းပူးလေ့လာခြင်းဖြင့် သခင်ကြီးများ နိုင်ငံရေးသမားကြီးများ ဖြစ်ခဲ့ရသည်ဟူ၍လည်း ဖတ်မှတ်ဖူးပါသည်။ ထို့ကြောင့် အကျဉ်းထောင်ဟူသည် ကြပ်တည်း ဆိုးရွားမည်မှန်သော်လည်း ဝါရင့်နိုင်ငံရေးသမားကြီးများထံမှ နိုင်ငံရေးတွေ့အကြုံရနိုင်သည်ဟူ၍ တွေး ထင်မိသဖြင့် အတွေးစိတ်တွင် ပြုံးရိပ်ထင်မိခြင်းသာဖြစ်ပါသည်။

သို့ရာတွင် ကျနော် ရောက်သွားသောအခါ ထောင်အငြိမ့်ဖြင့်ဖျော်ဖြေကြိုဆိုသကဲ့သို့လည်း ကျနော့်ကိုမကြိုဆိုပါ။ အလုံပိတ်ထားသောအခန်း ကလေးတခုထဲတွင် တယောက်တည်းပိတ်လှောင် ထားခြင်းကိုသာ ခံခဲ့ရပါသည်။ ကျနော့်ကိုလာရောက် ခေါ်ထုတ်၍ မိတ်ဖွဲ့ခဲ့ကြသောလူသားများ သည်လည်း ကျနော်နှင့်တနိုင်ငံတည်းသားများ ဖြစ်ကြဟန်မတူဘဲ အခြားကမ္ဘာမှလာကြသည့် သတ္တဝါများပမာ စိမ်းစိမ်းကားကားဖြင့် ရိုင်းစိုင်းရက်စက်စွာ မိတ်ဖွဲ့နှုတ်ဆက်ခဲ့ကြပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ကျနော်ရောက်သွားသော အင်းစိန်အကျဉ်းထောင်နှင့် လူထုဦးလှရောက်ခဲ့ရသော အင်းစိန်အကျဉ်း ထောင်သည် အချိန်အား၊ ခေတ်ကာလအားဖြင့် မတူ ခြားနားခြင်းကြောင့်လည်း ဖြစ်တန်ရာသည်။ ကျနော် ရောက်သွားသောကာလမှာ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ဆိုရှယ်လစ်ခေတ်ကို တည်ဆောက် နေပါသည်ဆိုသော ခေတ်ကာလဖြစ်ပြီး လူထုဦးလှ ရောက်သွားခဲ့ရသော အချိန်ကာလမှာ အင်္ဂလိပ်တို့ နယ်ချဲ့ ကိုလိုနီ အောက်တွင်ကျရောက်နေသောခေတ် ဖြစ်ပေသည်။
ကျနော်ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည့်အတွက် ကျနော့်အတွက် ပုံမှန်ထောင်ဝင်စာတွေ့နိုင်ရေးနှင့် အိမ်၌ကျန်ရစ်သောကလေးနှစ်ယောက်အပါအဝင် မိသားစုစာဝတ်နေရေးအတွက်ပါ ကြိုးစား ရုန်းကန်ရင်း ဒုက္ခသမုဒ္ဒရာတွင် လူးလွန့်ကူးခက်ခဲ့ရပေသည်။ ကျနော် ထောင်မှလွတ်လာသောအခါ ဘဝကို အစမှပြန်စရပြီး ဇနီးမောင်နှံ မောင်တထမ်း မယ်တရွက် ကြိုးစားရပြန်ပါသည်။ ဤအခြေ အနေများကြောင့် ဆွေးမျိုးအချို့နှင့် ရင်းနှီးခင်မင်သော မိတ်ဆွေအချို့က အပြစ်ဆိုကြ၏။ သို့ရာတွင် ကျနော်သည် နောင်ကြဉ်ခြင်းနှင့်နောင်တရခြင်းအလျဉ်းမဖြစ်မိပါ။

မိမိတွေ့ကြုံခဲ့ရသော အတွေ့အကြုံလေး ကိုပင်လျှင် ကျေနပ်နှစ်သက်သလိုလို ခံစားမိပါသည်။ လူဆိုသောသတ္တဝါများသည် တဦးနှင့်တဦး ခံစား ချက်နှင့်အမြင်များမတူနိုင်ကြပေ။ အချို့သည် ဆီဦးထောပတ်နှင့် ကောင်းမွန်သောအစားအာဟာရများ ကို စားသောက်ခြင်းဖြင့်သာ ကျေနပ်နှစ်သက်ခံတွင်းတွေ့တတ်ကြ၏။ အချို့မှာမှု အလွန်စပ်သော ငရုပ်သီးတောင့်ကလေးကိုပင် စပ်မှန်းသိလျက် တကိုက်ချင်းဝါး၍ ထမင်းနှင့်စားရသည်ကိုပင် အရသာတွေ့ တတ်ကြပေသည်။ ဤ ပူစပ်ပူလောင်အရသာဖြင့် ခံတွင်းတွေ့၍ ထမင်းမြိန်တတ်ကြပေသည်။ ကျနော် သည်လည်း ဤကဲ့သို့သောသတ္တဝါ အမျိုးအစား၌ ပါဝင်သည်ဟူ၍ မိမိကိုယ်မိမိ တွေးထင်မိပါသည်။ ထို့အပြင် အခြားသူများက ကျနော့်အပေါ်မည်သို့ထင်မြင်ကြမည်ကို မသိသော်လည်း မိမိဖာသာမိမိ တွေးထင်နေသောအမြင်တခုရှိ၏။ ထိုအမြင်မှာ မြန်မာနိုင်ငံသည် စနစ်ဆိုးတခုအောက်တွင် ကျရောက် လျက်ရှိသည်။ ဤစနစ်ဆိုးကို ပြောင်းလဲရန်အတွက် တွန်းလှန်ကြရာတွင် နိုင်ငံသားအားလုံး ပါဝင်ကြရ မည်။ ငါသည်လည်း နိုင်ငံသားတယောက်အနေနှင့် သဲတပွင့်၊ ကျောက်တပွင့်အဖြစ် ပါဝင်ရမည်။ သဲပွင့်ပေါင်းများစွာပေါင်းဖွဲ့မိသောအခါတွင် ထုထယ်ပမာဏတခုကို ရနိုင်၏။

ထို ထုထယ်ပမာဏသည် “အားခီးမီးဒီး”၏ နိယာမအရ သက်ရောက်မှုတခုကိုဖြစ်ပေါ်စေ လိမ့်မည်။ ဤသို့ခံယူလျက် မိမိကိုယ်ကိုလည်း အညတရနိုင်ငံရေးသတ္တဝါဖြစ်သည်ဟူ၍တွေးမိပါသည်။ ကျနော်၏ လုပ်ဆောင်ခဲ့သည်များမှာ သဲတပွင့် ကျောက်တပွင့်ပမာ ပါဝင်နိုင်ခဲ့သည်ဟူ၍လည်း တွေးထင်မိပါသည်။ ကျနော်လုပ်ခဲ့သမျှသည် မပြောပလောက်သော အသေးအမïားမျှသာဖြစ်သော် လည်း မိမိကိုယ်ကို မိမိကျေနပ်သလိုပင် ဖြစ်မိပါသည်။ မြန်မာ့လူ့အဖွဲ့အစည်း၌ (၁၉၆၂)ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းယူလိုက်သောအခါ ရန်ကုန်တက္ကသိုလ်ကျောင်းတော်သားများသည် ကန့် ကွက်ဆန္ဒပြခဲ့ကြပေသည်။ ထိုသို့ဆန္ဒပြသည်ကို အကြောင်းပြု၍ အာဏာရှင်တို့သည်အòငးကြီးစွာဖြင့် တကသအဆောက်အဦကို မိုင်းများကပ်၍ ဖြိုခွဲကာ ရက်စက်စွာနှိမ်နင်းခဲ့ကြပေသည်။ နောက်ပိုင်းတွင် မြန်မာ့လူ့အဖွဲ့အစည်းသည် ခေတ္တငြိမ်သက်သလိုရှိခဲ့ပါသည်။ (၁၉၆၅)ခုနှစ်နောက်ပိုင်းတွင်ကား ဆိုး သွမ်းသောစနစ်တခု၏ ခါးသီးသောအရသာများကို ခံစားသိမြင်လာသောအခါ ဆူဆူပူပူကန့်ကွက် ဆန့်ကျင်မှုများရှိလာခဲ့ကြပေသည်။ ထို့ကြောင့် အရေးအခင်းများစွာတို့သည်လည်း ပေါ်ပေါက်ခဲ့ရ ပေသည်။ ကျွန်းဆွယ်အရေးအခင်း၊ ကျောင်းသားများ၏ ဆန္ဒပြကန့်ကွက်မှုကြောင့် ပေါ်ပေါက်လာ သောအရေးအခင်းများ၊ အလုပ်သမားအရေးအခင်း၊ ရခိုင်ပြည် ဆန်လုမှုကြောင့် သတ်ဖြတ်မှု အရေး အခင်း၊ ဦးသန့်ဈာပနကြောင့်ပေါ်ပေါက်လာသော အရေးအခင်း- စသည်ဖြင့် စနစ်ဆိုးတရပ်၏ ဖိနိပ်မှု ဒဏ်ကိုခံခဲ့ကြရသော လူထုလူတန်းစားပေါင်းစုံတို့သည် မခံမရပ်နိုင်တော့သဖြင့်နည်းမျိုးမျိုးဖြင့် ကန့်ကွက် ဆန္ဒပြခဲ့ကြပေသည်။

(၁၉၈၈)ခုနှစ်အတွင်ကား ကျောင်းသား၏ ဦးဆောင်ဆန္ဒပြခဲ့ရာမှ တပြည်လုံးအတိုင်းအတာဖြင့် လူထုအုံကြွမှုကြီး ပေါ်ပေါက်လာခဲ့ပေသည်။ ထိုအရေးတော်ပုံကြီးပေါ်ပေါက်လာသောအခါ အညတရ နိုင်ငံရေးသမား ကျနော်သည်လည်း လူထုအရေးတော်ပုံကြီး၏ ရေအလျဉ်တွင် ရေမှုံရေမìားအဖြစ်နှင့် ပါဝင်ခဲ့ပေသည်။ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာသောအခါတွင်လည်း နိုင်ငံရေးပါတီတခု၏ ပါတီ ဝင်တယောက်ဖြစ်လာပါသည်။ ထိုအချိန်မှစ၍ ကျနော်၏ အိမ်အလုပ်များလစ်ဟင်းလာပါသည်။ အထူး သဖြင့်ကျနော့်တွင်ရှိသော လေးဘီးကားဟုအခေါ်များသည် မာဇဒါစီ(၆ဝဝ)အမျိုးစား အငှားယာဉ် (၂)စီးကို ပြုပြင်ထိမ်းသိမ်းရန် ပျက်ကွက်လာပါသည်။ ကျနော်သည် ပါတီတာဝန်ဖြင့် နယ်များသို့မကြာ ခဏသွားရသဖြင့် ထိုကားများကို ပြုပြင်ထိန်းသိမ်းရန် အချိန်မပေးနိုင်ခြင်းကြောင့် အငှားကား မောင်း သမားများမှာ အဆင်မပြေဖြစ်ရပေသည်။ ထို့ကြောင့် ကျနော်သည် ဤကားများကို ပြုပြင်ထိန်းသိမ်းသည့်အမှုကိစ္စမှ လွတ်ကင်းရေးအတွက် နှစ်ချုပ်ဖြင့်ငှားရမ်းရန်စီစဉ်ခဲ့ပါသည်။ နှစ်ချုပ်ဖြင့် ငှါးရမ်းမည့် ပထမဆုံးရောက်လာသူမှာ ထူးထူးခြားခြား ဇာတ်သဘင်လောကတွင် အတော်အသင့် ထင်ရှားသော ဇာတ်မင်းသားတယောက်ဖြစ်နေပါသည်။ ထိုသို့ဇာတ်မင်းသားက အငှားကားမောင်မည်ဟု ဆိုသောအခါ ကျနော်သည် မယုံတဝက်ယုံတဝတ်ဖြစ်လျက် အလုပ်မဖြစ်၍ ကျနော်၏ ကားကို ငှါးရမ်း သည့်သက်တမ်းမပြည့်မီ ပြန်အပ်မည်ကို စိုးရိမ်ကာ သံသယပင်ဖြစ်မိပါသည်။ ထို့ကြောင့် ကျနော် သည် ထိုဇာတ်မင်းသားကို စပ်စပ်စုစု ဤသို့မေးမြန်ခြင်းပြုခဲ့ပါသည်။ “နေပါဦး-ခင်ဗျားက နာမည်ကြီး ဇာတ်မင်းသားတယောက်ဖြစ်လျက် ဘာကြောင့် ဇာတ်မကပဲ အငှါးကားမောင်းချင်ရတာလဲ”ဤသို့အမေးရှိသောအခါ အဖြေသည်လည်းရှိခဲ့ပါသည်။

“ကျနော်တို့ဇာတ်ကခွင့်ပါမစ်တွေ မရဘူးအန်ကယ်ရယ်။ ဇာတ်ကခွင့်ရဖို့အတွက် အသနားခံစာ အမျိုးမျိုး တင်ရင်တော့ ရချင်လည်း ရနိုင်မှာပေါ့။ ဒါပေမယ့် ဒီလိုလည်း မလုပ်ချင်တော့ဘူး အန်ကယ်ရယ်။ မကရရင်လည်း နေပါစေတော့။ နောက်တချက်က အန်ကယ်ရယ် ကျနော်တို့ အနု ပညာသည်တွေ၊ သဘင်သည်တွေဟာ အနုပညာကို လွတ်လွတ်လပ်လပ်ပဲ ထုတ်ဖေါ်ပြသလိုပါတယ်။ ချုပ်ချယ်မှုအမျိုးမျိုးတွေနဲ့ လုပ်ခိုင်းလို့လုပ်ရမယ်ဆိုရင်တော့ မလုပ်ပဲနေတာကောင်းပါလိမ့်မယ်။ ဥပမာ ကျနော်တို့ကို စစ်ဦးထုပ်ဆောင်းပြီး က,ခိုင်းမယ်ဆိုပါတော့ ဒီလိုဆိုရင် ကျနော့်အနေနဲ့ မလုပ်နိုင် ပါဘူးအန်ကယ်ရယ်။ ဒါကြောင့် ကျနော့်ဖါသာကျနော် အငှားကားမောင်းပြီးတော့ မိသားစုရဲ့ စားဝတ် နေရေးအတွက် စမ်းသပ်ကြည့်မလို့ပါ။”-ဟူ၍ ဖြေကြားလာသောအခါ ကျနော့်မှာ အံ့သြရင်းနှင့် အနုပညာ၏လွတ်လပ်ခွင့်ကို တန်ဖိုးထားသောထိုဇာတ်မင်းသားအား စိတ်ထဲမှပင် ကြိတ်၍ ချီးကျူးမိပါ တော့သည်။ ထိုဇာတ်မင်းသားသည်လုပ်ငန်းကိစ္စနှင့် မော်တော်ယာဉ်အတွက် ပေးရန်ရှိသောအခကြေး ငွေကိုပင် အခြားတယောက်ကို စေလွှတ်၍ ဆောင်ရွက်စေသဖြင့် သူနှင့်ကျနော်မတွေ့ဖြစ်ကြတော့ပါ။ နောက်တစီးအတွက် လာရောက်ငှါးရမ်းသူမှာ မြန်မာပြည်ဖွား တရုတ်အမျိုးသားဖြစ်ပြီး အဆောက် အဦးဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်ကြောင်းမိတ်ဖွဲ့ပါသည်။ သူနှင့်ကျနော့်မှာ လုပ် ငန်းကိစ္စမှလွဲ၍ စကားအထွေအထူး ပြောကြားကြခြင်းမရှိဘဲ အငှါးစာချုပ်ကို ဆိုခဲ့ကြပါသည်။ ထို ပုဂ္ဂိုလ်မှာ လုပ်ငန်းကိစ္စများအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့ရှိပါသည်။ ထိုသို့လာရောက် သည့်အခါများတွင် ကျနော်နှင့်မတွေ့ရသည်က များပါသည်။ ထို့ကြောင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြ သောအခါ “ခင်ဗျားအိမ်က လူတွေပြောတော့ ခင်ဗျားဟာ နယ်ကိုပဲ ခဏခဏသွားနေတယ်ဆိုတော့ နယ်မှာ စီးပွားရေးလုပ်ငန်းများရှိလို့လား”ဟူ၍ မေးပါသည်။ ကျနော်ကလည်း “မဟုတ်ပါဘူးဗျာ။ ကျနော်ဟာ နိုင်ငံရေးပါတီတခုမှာ ပါတီဝင်တယောက်ဖြစ်ပါတယ်။ ပါတီတာဝန်တွေကြောင့် နယ်ကို မကြာခဏဆိုသလို သွားနေတာဖြစ်ပါတယ်။” “နေပါဦး- ခင်ဗျားတို့ နိုင်ငံရေးလုပ်နေကြတာဟာ လက်ရှိအာဏာပိုင်တွေက အာဏာလွဲပြောင်းပေးမယ်ထင်လို့လား”ဟူ၍လေးနက်သောမေးခွန်းတခုကို မေးပါသည်။ “ဒီမေးခွန်းကိုမေးတာ ခင်ဗျားမှာအကြောင်းတော့ရှိရမှာပေါ့ ဆိုစမ်းပါဦး”ဟူ၍ ကျနော်က ပြန်မေးခဲ့ပါသည်။ “ရှိတာပေါ့ဗျာ။ ခင်ဗျားကို ကျနော်ပြောပြမယ်။ ကျနော်ဟာ အကြောင်းအား လျော်စွာ တပ်မတော်အရာရှိတွေနဲ့ ဆက်စပ်ရင်းနှီးမှုရှိပါတယ်။ ဒါကြောင့်မို့လို သူတို့ သဘောထား တွေကိုလည်း ကျနော်သိသင့်သလောက်သိပါတယ်။ ကျနော့်အမြင်ကို ပြောရရင်တော့ အာဏာလွှဲ ပြောင်းပေးဖို့သဘောထား သူတို့မှာမရှိဘူး။ နောက်တချက်က ကျနော်ဟာ လုပ်ငန်းကိစ္စကြောင့် ဒီ အင်းစိန်လမ်းကြီးကို အကြိမ်ကြိမ်ဖြတ်သွားနေခဲ့ရပါတယ်။ အရေးအခင်းကာလတုန်းက မြန်မာ့ အသံ ဝန်းထဲမှာ စစ်တပ်တွေရှိပါလျက် ဆေးတက္ကသိုလ်(၁)မှာ ဖျက်ဆီးလုယက်နေကြတာကို ဘာကြောင့် မကာကွယ်မတားဆီးခဲ့ကြတာလဲ။ မီးရှို့ဖျက်ဆီးနေကြတဲ့အနီးအနားတွေမှာ တပ်မတော် အရာရှိ တွေဟာ အရပ်ဝတ်တွေနဲ့ရှိကြတာ တွေ့ပါတယ်။ ဗီဒီယိုကင်မရာနဲ့ ရိုက်ကူးယူခဲ့ပြီးတော့ တပ်တွင်းမှာ ပြသခဲ့ကြတယ်။ ပြီးတော့ တိုင်းပြည်ဟာ ဒီလိုမင်းမဲ့စရိုက်တွေဖြစ်နေပြီ။ ငါတို့ တပ်မတော် မကယ် တင်လို့မဖြစ်တော့ဘူးဆိုပြီး စည်းရုံးခဲ့ကြတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ အာဏာသိမ်းယူခဲ့ကြတယ် ဆိုပါတော့။ ဒီလိုအာဏာသိမ်းယူခဲ့ကြတဲ့အချိန်မှာရော ခင်ဗျားတို့လုပ်နေကြတာတွေဟာ ဘာများ အကျိုးရှိမှာလဲ။ ကျနော့်အနေနဲ့ပြောရရင် ဘာမှထူးနိုင်မယ်လို့မထင်ပါဘူး။”ဟူ၍ ရှည်လျားစွာ ရှင်းပြ ပြီး ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်ပြောပြသော အချက်အလက်များကို ကျနော် အတော် စိတ်ဝင်စားခဲ့ပါသည်။ သူရှင်းပြသောအချက်အလက်များနှင့် အာဏာပိုင်များသည် အာဏာကို လွှဲပြောင်းပေးရန်ဆန္ဒမရှိဟူသောအချက်ကိုလည်း ကျနော်သဘောတူလက်ခံပါသည်။ သို့ရာတွင် ယခု လုပ်ကိုင်ဆောင်ရွက်နေကြသော နိုင်ငံရေးလုပ်ရပ်များကို ဘာများထူးမှာလဲဟူသောအမြင်ကိုမှု ကျနော် လုံးဝလက်မခံနိုင်ပါ။ လက်ခံရန်လည်း အကြောင်းမရှိပါ။ ထို့ကြောင့် ကျနော်သည် ထိုပုဂ္ဂိုလ်အား ပြန် လည်ရှင်းပြရန်လိုအပ်သည်ဟု ထင်မြင်သဖြင့် ကျနော်သိသမျှ ဗဟုသုတလေးဖြင့် ရှင်းပြခဲ့ပါသည်။

“ခင်ဗျားရှင်းပြတဲ့အချက်အလက်တွေနဲ့ အာဏာပိုင်တွေဟာ အာဏာကိုလွှဲပြောင်းပေးလိုတဲ့ဆန္ဒ မရှိဘူးဆိုတဲ့အချက်ကိုတော့ ကျနော်သဘောတူလက်ခံပါတယ်။ မည်သည့်အာဏာရှင် တဦးတယောက်မျှ အာဏာကို အလိုအလျောက်စွန့်လွှတ်ခဲ့ကြသည်ဟူ၍မရှိပေ-စသည်ဖြင့် နိုင်ငံရေးသုခ မိန်တွေကလည်း ဒီလိုအဆိုရှိခဲ့ကြပါတယ်။ ဒါပေမယ့် ယခုလုပ်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလုပ်ရပ်တွေဟာ ဘာမှမထူးနိုင်ဘူး၊ ဘာများထူးနိုင်မှာလဲဆိုတဲ့အချက်ကိုတော့ ကျနော့်အမြင်အားဖြင့် လက်မခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဏာပိုင်တွေ အာဏာကိုလွှဲပြောင်းပေးဖို့ သဘောထားမရှိဘူးဆိုတာဟာ သူတို့ရဲ့ဆန္ဒပိုင်းသာဖြစ်ပါတယ်။ လောကမှာ ဖြစ်ပျက်ပြောင်းလဲခဲ့တဲ့ အရာခပ်သိမ်းတွေဟာ များသောအားဖြင့် လူတွေရဲ့ဆန္ဒပိုင်းနဲ့ တထပ်တည်းမကျသလို တခါတရံ ဆန့်ကျင်ဘက်အဖြစ်နဲ့တောင် ဖြစ်ပျက်တတ်ကြပါတယ်။

လောကမှာ ရုပ်ဝတ္တုပစ္စည်းတွေဖြစ်ကြတဲ့ သက်ရှိသက်မဲ့အားလုံးဟာ မပြောင်းမလဲတည်နေကြတာ မဟုတ်ပါဘူး။ ဖြစ်ပျက်ပြောင်းလဲနေကြပါတယ်။ အဲဒီလို ဖြစ်ပျက်ပြောင်းလဲမှုမှန်သမျှတွေဟာလည်း လူတွေရဲ့ဆန္ဒကြောင့်မဟုတ်၊ သဘာဝတရား၊ နိယာမ၊ ဓမ္မအရာသာ ပြောင်းလဲဖြစ်ပျက်နေကြ တာဖြစ်ပါတယ်။ ဒီလိုဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေဟာ ရုပ်လောကမှဆိုရင် သဲတပွင့်ကနေ ကမ္ဘာကြီးတွေ၊ ကြယ်တာယာတွေ၊ ဂြိုလ်ကြီးတွေ၊ စင်္ကြာဝဠာတွေ၊ မဟာစင်္ကြာဝဠာတွေအထိ ရွေ့လျား ပြောင်းလဲဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ သက်ရှိလောကမှာဆိုရင်လည်း သာမန်မျက်စေ့နဲ့ မမြင်နိုင်တဲ့ ပိုးမïားတွေကအစ သတ္တဝါကြီးတွေနဲ့ လူသားတွေဟာလည်း ဖြစ်ပျက်ပြောင်းလဲနေကြပါတယ်။ ဒီလို ဖြစ်ပျက်ပြောင်းလဲမှုတွေဟာလည်း အခြေခံအကြောင်းတရားအားဖြင့် ရုပ်ဝတ္ထုဆိုင်ရာ နိယာမတွေ၊ သက်ရှိလောကဆိုင်ရာနိယာမတွေ၊ ကမ္ဘာကြီးနဲ့စင်္ကြာဝဠာဆိုင်ရာနိယာမဓမ္မအရသာ ရွေ့လျားပြောင်း လဲဖြစ်ပျက်နေခြင်းဖြစ်ပါတယ်။

လူတွေရဲ့ ပယောဂကြောင့် ဖြစ်ပျက်ပြောင်းလဲရတာတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် အခြေခံအကြောင်းတရားမဟုတ်ဘူးဆိုတာကို ပြောလိုတာပါ။ ဒါကြောင့် ကျနော်ပြောလိုတာက လူ တွေဟာ မအိုချင်၊ မနာချင်၊ မသေချင်ကြပါပဲလျက် အိုကြ၊ နာကြ၊ သေကြရပါတယ်။ ဒါကြောင့် လက်ရှိ အာဏာပိုင်တွေအနေနဲ့ လက်ရှိအခြေအနေတွေကို ပြောင်းလဲချင်တဲ့ဆန္ဒနဲ့ အာဏာကိုလွှဲပြောင်းမပေး ချင်တဲ့ဆန္ဒတွေဟာ ဆန္ဒပိုင်းသာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပျက်ပြောင်းလဲမှုတွေကို မတားဆီးနိုင်ပါဘူး။

လူ့အဖွဲ့အစည်းများရဲ့ပြောင်းလဲမှုတွေကိုလည်းကြည့်ပါ။ လူ့သမိုင်းမှာ သမိုင်းဦးဘုံမြေခေတ် ပျောက်ကွယ်သွားပြီးတဲ့နောက် ကျေးပိုင်၊ ကျွန်ပိုင်စနစ်ဆိုးကြီး ပေါ်ပေါက်လာပါတယ်။ ကျေးပိုင်ကျွန်ပိုင် ခေတ်မှာ ဥစ္စာပစ္စည်တွေကိုသာ တိုက်ခိုက်လုယက်သိမ်းပိုက်ခဲ့ကြတာမှမဟုတ်ပဲ။ လူတွေကိုပါ သိမ်း ပိုက်ကျွန်ပြုခဲ့ကြပါတယ်။ ကျွန်တွေကိုလည်း ရက်ရက်စက်စက် ပြုမူဆက်ဆံခဲ့ကြပါတယ်။ ဒီလို လူ့အဖွဲ့အစည်းနဲ့မအပ်စပ်တဲ့စနစ်ဆိုးကို လူသားတွေကပဲ တွန်းလှန်ဖြိုဖျက်ခြင်းအားဖြင့် ပြောင်းလဲခဲ့ရပါတယ်။ “စပါးတကပ်”ခေါင်းဆောင်တဲ့ ကျွန်တော်လှန်ရေးကြီးဟာ ကမ္ဘာမှာထင်ရှားပါတယ်။ ဒါပေမယ့် ဒီ တော်လှန်ရေးကြောင့် ကျွန်စနစ်ဟာ တခါတည်းပျောက်ကွယ်သွားခဲ့တာတော့မဟုတ်ပါဘူး။ လူသား တွေ အဆက်ဆက်ပြောင်းလဲခဲ့ကြရပါတယ်။ အမေရိကန်သမတ လင်ကွန်းဆိုလည်း ကျေးကျွန်စနစ် ပပျောက်ရေးအတွက် ဥပဒေတွေပြဋ္ဌာန်ပေးခဲ့ပါတယ်။ ယနေ့ခေတ်မှာ ကျေးကျွန်စနစ်ရယ်လို့အထင်ရှား မရှိတော့ပေမယ့် လူလူချင်းချင်း ကျေးကျွန်သဖွယ် ခိုင်းစေ ဆက်ဆံမှုတွေကိုတော့ အချို့နိုင်ငံတွေနဲ့ အချို့ နေ့ရာတွေမှာ ရှိနေကြပါတယ်။ ဒါတွေကိုလည်း ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့၊ လူ့အခွင့်အရေးကို မြတ်နိုး ကြတဲ့ အဖွဲ့အစည်းတွေနဲ့တိုးတက်တဲ့လူသားတွေဟာ အမြစ်ပါမကျန်အောင် တွန်းလှန်သွားကြမယ် ဆိုတာ ယုံမှားသံသယမရှိပါဘူး။ ကျေးပိုင်ကျွန်ပိုင်စနစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ဆိုးကိုလည်း လူသားတွေကဘဲ ဆန့်ကျင်တော်လှန် ပြောင်းလဲခဲ့ကြပါတယ်။ နယ်ချဲ့ဝါဒ ကြောင့် လူမျိုးတမျိုးက တခြားလူမျိုးများကို စိုးမိုးခြယ်လှယ်တဲ့ ကိုလိုနီဝါဒကိုလည်းပဲ ဒီမိုကရေစီရေး၊ အမျိုးသားရေး မြတ်နိုးသူတွေက တွန်းလှန်ခဲ့ကြပါတယ်။ ကမ္ဘာနိုင်ငံအချို့မှာ ကျန်ရှိနေသေးတဲ့ လူမျိုး တမျိုးက အခြားလူမျိုးတွေကို ဖိနှိပ်ခြယ်လှယ်မှုမှန်သမျှကိုလည်း လူအခွင့်အရေးကို မြတ်နိုးသူတွေနဲ့ အမျိုးသားရေး ဝါဒီတွေဟာ ဆက်လက်ကြိုးပမ်း တိုက်ဖျက်လျက်ရှိနေကြပါတယ်။ ဒီစနစ်ဟာလည်း တနေ့ မုချမသွေ ပျောက်ကွယ်သွားရမှာပါ။

ပြီးတော့ ကမ္ဘာနိုင်ငံအချို့မှာ ပေါ်ပေါက်ခဲ့၊ ပေါ်ပေါက်နေတဲ့ အာဏာရှင်စနစ်အမျိုးမျိုးကိုလည်း လူသားတွေကဘဲ ဆန့်ကျင့်တွန်းလှန်ခဲ့ကြပါတယ်။ ဟစ်တလာ၊ မှုဆိုလိုနီစတဲ့ အာဏာရှင်တွေနဲ့ ဂျပန်စစ်ဝါဒီတွေကိုလည်း ကမ္ဘာ့ဒီမိုကရေစီအင်အားစုတွေက ဝိုင်းဝန်းတိုက်ခဲ့ကြပါတယ်။ ယခုကမ္ဘာ့နိုင်ငံအချို့မှာ ကျန်ရှိနေသေးတဲ့ အာဏာရှင်တွေကိုလည်း ကမ္ဘာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ထောက်ခံမှုနဲ့ သက်ဆိုင်ရာပြည်သူတွေက ဖယ်ရှားဖို့ ကြိုးပမ်းအားထုတ်နေကြပါတယ်။ စနစ်ဆိုးတွေဟာ တနေ့မှာ အမြစ်ပါမကျန်ကွယ်ပျောက်ကြရမှာဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာမှာ ဒီလို ကျဆုံးပျောက်ကွယ်သွားကြရ တဲ့ စနစ်ဆိုးတွေရဲ့ ပျက်သုဉ်းရပုံကို ကြည့်မယ်၊ သုံးသပ်မယ်ဆိုရင် ဒီစနစ်တွေကို ဖက်တွယ် ကာ ကွယ်ခဲ့ကြတဲ့ ကျေးပိုင်ကျွန်ပိုင်းရှင်ကြီးတွေ၊ ပဒေသရာဇ်ကြီးတွေ၊ အာဏာရှင်ကြီးတွေဟာ သူတို့ဆန္ဒ အရဆိုရင် ဒီစနစ်တွေကို ပျောက်ကွယ်သွားလိုကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ ဖြစ်ပေါ် တိုးတက်မှုကို ဟန့်တားလာတဲ့အခါမှ တော်လှန်တိုးတက်တဲ့လူသားတွေရဲ့ ဆန့်ကျင့်တော်လှန်မှုတွေကြောင့် ပြောင်းလဲခဲ့ကြပါတယ်။ ဒါတွေဟာ လူ့သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေပါ။ ဒီလို ပြောင်းလဲဖြစ်ပေါ်မှုတွေကိုလည်း အာဏာရှင်တွေရဲ့ဆန္ဒနဲ့ မည့်သို့မျှမဟန့်တားနိုင်ခဲ့ပါဘူး။
မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို ပြုပြင်ပြောင်းလည်းဖို့ ကြိုးပမ်းတဲ့သာဓကတွေရှိပါတယ်။ ယောမင်းကြီးဦးဘိုးလိင်ြရေးတဲ့ ‘ရာဇဓမ္မသင်္ဂဟကျမ်း’ကို ကြည့်မယ်ဆိုရင် ဘုရင်စနစ်ကို ပြုပြင်ဖို့ ကြိုးပမ်းမှုတရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကြိုးပမ်းအားထုတ်နေစဉ်မှာပဲ ကိုလိုနီနယ်ချဲ့စနစ်က မြန်မာ့ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းဖယ်ရှားခဲ့ပါတယ်။ ဒီလိုမှမဟုတ်ရင် ပြည်သူတွေရဲ့ တော်လှန်မှုကြောင့် ပြောင်းလဲရမှာပါ။ မြန်မာနိုင်ငံကို သိမ်းယူခဲ့တဲ့ကိုလိုနီနယ်ချဲ့စနစ်ကိုလည်း ပြည်သူတွေဟာ တိုက်ပွဲအဆင့်ဆင့်နဲ့ တော်လှန်တိုက်ခိုက်ပြီး ဖယ်ရှားခဲ့ကြတာပဲ မဟုတ်လား။ ပြီးတော့ နောက်ပိုင်းပေါ်ပေါက်ခဲ့တဲ့ တပါတီ အာဏာရှင်စနစ်ကိုလည်း ကျောင်းသားတွေ၊ အလုပ်သမားတွေနဲ့ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူ ပေါင်းပြီး ကြိုးပမ်းအားထုတ်မှုကြောင့် တပါတီအာဏာရှင်စနစ် ပြုတ်ကျခဲ့ရပါတယ်။ လက်ရှိအာဏာ သိမ်းထားတဲ့ နဝတအာဏာပိုင်များဟာလည်း ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမျိုးစုပေါင်းစုံအဖွဲ့အစည်းအသီးသီးတွေရဲ့ ဆန့်ကျင်မှုကိုခံနေရပါတယ်။ ဒါကြောင့် မလွဲမသွေ ပြုတ်ကျပြောင်းလဲရမှာ သေချာပါတယ်။

လက်ရှိအာဏာပိုင်တွေက အာဏာကိုလွှဲပြောင်းပေးမယ်လို့ဆန္ဒမရှိပေမယ့်လည်း ဆန္ဒပိုင်း ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ တထပ်တည်း မကျတဲ့အပြင် ဆန့်ကျင်ဘက်အသွင်အဖြစ်နဲ့တောင် ပြောင်းလဲဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ကျနော် ပြောချင်တာက ဒီနေ့ကြိုးပမ်းလုပ်ဆောင်နေကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ ကြိုးပမ်းမှုတွေဟာ ဘာမှမထူးနိုင်ပါဘူး၊ ဘာထူးမှာလဲ ဆိုတဲ့ပြောဆိုချက်ကိုတော့ ကျနော့်အနေနဲ့ လက်ခံခြင်းလည်း မပြုနိုင်သလို သဘောလည်း မတူနိုင်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့တိုးတက်မှုကို ဟန့်တားထားတဲ့ မည်သည့်စနစ်ကိုမဆို မုချ ပြောင်းလဲရမယ်လို့ ကျနော်ယုံကြည်ပါတယ်။”

ကျနော်သည် စကားကို ခေတ္တရပ်လိုက်ပြီး ထိုပုဂ္ဂိုလ်ကို အကဲခတ်သည့်အနေဖြင့် တချက်မျှ ကြည့်လိုက်ပါသည်။ ထိုပုဂ္ဂိုလ်ကား စူးစိုက်ကြည့်သည့်အနေဖြင့် အာရုံစိုက်လျက်ရှိပြီး ကျနော် ဆက်ပြောမည့်စကားများကို မျှော်လင့်စောင့်စားကာ လူကြီးလူကောင်းဆန်ဆန် ကြားဖြတ်ပြောဆိုခြင်းပင် မပြုပဲ ငြိမ်သက်စွာ နားထောင်၍လည်း နေပါသည်။ ကျနော်လည်း စကားကိုပြန်ဆက်ပါသည်။

“ဒါနဲ့တဆက်တည်းမှာပဲ မြန်မာနိုင်ငံရေးနယ်ပယ်မှာ အလေးအနက်ထားရမယ့်၊ အရေး လည်းကြီးတဲ့ အချက်တချက်ကို ခင်ဗျားကို ရှင်းပြချင်ပါတယ်။ ဒါကဘာလဲဆိုတော့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ အုပ်ချုပ်သူအာဏာပိုင်တွေကြားမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခကို အခြေခံကျကျ ဖြေရှင်းပြီး ငြိမ်းချမ်းရေးကိုအမြန်ဆုံးတည်ဆောက် ဖို့လိုအပ်နေတဲ့အချက်ပါပဲ။ ဒီနေရာမှာ ကျနော်ပြောချင်တဲ့အချက်က တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို တည်ဆောက်နေပါတယ်။ တည်ဆောက်ရမယ်ဆိုတဲ့ ကြွေးကြော်ရုံသက်သက်၊ အပြောသက် သက်နဲ့မပြီးပါဘူး။ လက်တွေ့ကျကျ၊ အခြေခံကျကျ ဖြေရှင်းဖို့လိုပါတယ်။ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မေးကောင်းမေးနိုင်ပါတယ်။ တိုတိုတုတ်တုတ်ဖြေရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာရှိကြတဲ့တိုင်းရင်းသား လူမျိုးတွေ၊ လူနည်းစုလူမျိုးတွေရဲ့ ပကတိတည်ရှိနေတဲ့ အခြေအနေနဲ့တကွ ပြည်ထောင်စုမြန်မာနိုင်ငံ ရယ်လို့ ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းဆိုင်ရာဖြစ်မှုတွေကို ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ်ရမယ်။ ပြီးတော့ တကယ့် အခြေအနေမှန်တွေကို လက်ခံပြီး လက်တွေ့ကျင့်သုံးဖြေရှင်းဖို့လိုပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတမျိုးတည်းနေထိုင်တဲ့နိုင်ငံမဟုတ်ပါဘူး။ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း-စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားသော တိုင်းရင်းသားလူမျိုးများနဲ့ လူ နည်းစုလူမျိုးများလည်း ပေါင်းစပ်နေထိုင်ကြတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလိုလူမျိုးပေါင်းစုံနေထိုင်ကြတဲ့နိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ်တည်ဆောက်လိုတယ်ဆိုရင် တကယ့်အခြေအနေ တွေနဲ့ကိုက်ညီတဲ့ ပြည်ထောင်စုတရပ်ကို ပီပီပြင်ပြင်ဖော်ဆောင်ခြင်းအားဖြင့် ညီညွတ်ရေးကို တည် ဆောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးအကြိုခေတ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသား ခေါင်းဆောင်တွေဟာ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကိုအသိအမှတ်ပြုပြီး တန်းတူညီတူမှုဖြင့် ပြည်ထောင်စုတရပ်ကိုတည်ဆောက်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီမူဟာ ပင်လုံမှု၊ ပင်လုံစာချုပ်ဟူ၍ လူသိများပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကိုအုပ်စိုးခဲ့ကြတဲ့ နောက်ပိုင်းခေါင်းဆောင်တွေဟာ အဲဒီမူတွေကို သွေဖည်ခဲ့ကြတယ်။ တချို့ခေါင်းဆောင်တွေဆိုရင် ပြည်ထောင်စုစနစ်ကို ဖျက်သိမ်းပြီး တပြည်ထောင်စုစနစ်နဲ့ မြန်မာနိုင်ငံကို ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက်ပြားပြီး ပြည်တွင်းစစ်မီးဟာ အရှိန်ပြင်းစွာဖြင့် တောက်လောင်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ကြရတယ်။ အသက် အိုးအိမ်စည်းစိမ်ဥစ္စာတွေ အမြောက်အများဆုံးရှုံးခဲ့ကြရပြီး ဒုက္ခပင်လယ် ဝေခဲ့ပါတယ်။ ပြည်တွင်းစစ်မှာ အသုံးပြုဖို့ လက်နက်မျိုးစုံနဲ့ ကျည်ဆံမျိုးစုံကိုလည်း နှစ်ဖက်စလုံးက ငွေကြေးအမြောက်အများကို အကုန်အကျခံပြီး ဝယ်ယူအသုံးပြုခဲ့ကြတယ်။ ဒီငွေကြေးတွေဟာ အမှန်တကယ်တော့ တိုင်းပြည်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးတိုးတက်လာအောင် အသုံးပြုရမယ့်ငွေကြေးတွေပါပဲ။ နောက်ပြီး နှစ်ဖက်စလုံးက ပစ်လိုက်တဲ့ အမြောက်ဆံတွေ၊ ဗုံးဆံတွေ ကျရောက်ပေါက်ကွဲလို့ပျက်စီးသွားကြရတဲ့ မြို့ရွာအဆောက်အဦနဲ့ အသက်ပေါင်းများစွာတွေဟာလည်း တိုင်းပြည်အတွက် ဆုံးရှုံးသွားကြရတဲ့ ဓနဥစ္စာနဲ့ နိုင်ငံသားတွေရဲ့အသက်တွေပဲဖြစ်တယ်။ ဒါကြောင့် ဒီပြည်တွင်းစစ်ကို အကြောင်းပြုပြီး၊ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေအမြောက်အများ ဆုံးရှုံးရပြီး လူ့အသက်ပေါင်းများစွာ သေဆုံးရတဲ့အပြင် တိုင်း ရင်းသားလူမျိုးပေါင်းစုံတွေရဲ့ ဘဝဟာလည်း ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်။

ဒါကြောင့် ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီလို တည်ဆောက်ရာမှာလည်း လူမျိုးပေါင်းစုံနေထိုင်ကြတဲ့ အခြေအနေများနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ခြင်းအားဖြင့်သာ တိုင်းရင်းသားညီညွတ်ရေးကို အမှန်တကယ် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေဟာ (၁၉၆၁)ခုနှစ်မှာ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက် ဖို့တင်ပြခဲ့ကြပါတယ်။ ဒါကို ပြည်ထောင်စုပြိုကွဲရေးမှုဖြစ်တယ်၊ ခွဲထွက်ရေးမူဖြစ်တယ်ဆိုပြီး အကြောင်းပြကာ အာဏာကိုသိမ်းယူခဲ့ကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံကို ဆက်လက်အုပ်စိုးခဲ့ကြတဲ့ ခေါင်းဆောင်အချို့မှာ အမျိုးသားရေးရှော်ဗင်ဝါဒရှိ ကြတယ် ဆိုတာထင်ရှားပါတယ်။ အမျိုးသားရေးရှော်ဗင်ဝါဒဆိုတာကတော့ စစ်ဘုရင်နပိုလီယံရဲ့ စစ်ဗိုလ်ချုပ်ကြီး နီကိုလပ်(စ်)ရှော်ဗင်ကိုအကြောင်းပြုပြီး အမျိုးသားရေးရှော်ဗင်ဝါဒရယ်လို့ သမိုင်းဆရာများကအမည် ပေးခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီးရှော်ဗင်က စစ်လက်နက်အင်အားကိုသုံးပြီး မဟာပြင်သစ်လူမျိုးနိုင်ငံတော် ကို ထူထောင်ရမယ်လို့ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း အချို့သောခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်ကြီးရှော်ဗင်လိုပဲ စစ်အင်အားကိုသုံးပြီး အတင်းအကြပ် စုစည်းခြင်းအားဖြင့်သာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရနိုင်မယ်လို့လွဲမှားစွာယူဆခဲ့ကြပါတယ်။ အမှန်တကယ်တော့ တိုင်းရင်းသားညီညွတ်ရေးကို တည်ဆောက်ရာမှာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုကိုတည် ဆောက်ပြီး၊ တန်းတူရည်တူမူနဲ့သာ တည်ဆောက်ကြရပါမယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ဖက်ဒရယ်မူ ဆိုတာဟာလည်း ခွဲထွက်ရေးမူ မဟုတ်သလို၊ ပြည်ထောင်စုပြိုကွဲစေမယ့်မူလည်း မဟုတ်ပါဘူး။ ပေါင်းစည်းညီညွတ်ရေးမူသာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများမှာ ကျင့်သုံးနေကြတဲ့မူလည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများမှာ တပြည်ထောင်စနစ်နဲ့ ပြည်ထောင်စုစနစ်ရယ်လို့ရှိကြရာ လူမျိုးတမျိုးတည်းသာရှိတဲ့ နိုင်ငံနဲ့ လူမျိုးများရယ်လို့ အထင်ကရမရှိတဲ့နိုင်ငံများမှာ တပြည်ထောင်စနစ်ကိုကျင့်သုံးပြီး၊ လူမျိုးအများအပြားရှိကြပြီး၊ လူမျိုးများအနေနဲ့လည်း နိုင်ငံရေးအရအထင်ကရရှိကြတဲ့နိုင်ငံများမှာတော့ ပြည်ထောင်စုစနစ်ကို ကျင့်သုံးနေကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းစဉ်က ဝါဒဖြန့်ခဲ့တဲ့ ဖက်ဒရယ်မူဆိုတာခွဲထွက်ရေးမူဖြစ်တယ်။ ပြည်ထောင်စုပြိုကွဲစေတဲ့မူဖြစ်တယ်ဆိုတဲ့ အထင်အမြင် ရောက်နေတာကို ပြေပျောက်အောင် ဖြေရှင်းရမယ့်တာဝန်တွေဟာ နိုင်ငံရေးခေါင်းဆောင်တွေမှာရော၊ ပြည်ထောင်စုကြီးကို တကယ်ချစ်မြတ်နိုးကြတဲ့ သာမန်နိုင်ငံရေးသမားတွေမှာပါ တာဝန်အသီး သီးရှိကြပါတယ်။ ဒါကြောင့်မို့ ကျနော်ဟာ နိုင်ငံရေးနယ်ပယ်ထဲကိုဝင်ခဲ့တာပါ။ ဖက်ဒရယ်မူဟာ ပြည်ထောင်စုပြိုကွဲရေးမူမဟုတ်ပဲ ပြည်ထောင်စုကို ညီညွတ်စေမယ့်မူ ဖြစ်တယ်ဆိုတာကို တနေ့မှာ အားလုံး နားလည်ရှင်းလင်းသွားကြလိမ့်မယ်လို့ ကျနော် ယုံကြည်နေပါတယ်။ ဒီလိုဖြစ်အောင်လည်း အညတရ နိုင်ငံရေးသမားတယောက်အနေနဲ့ ကျနော်ဉာဏ်မီသမျှ လက်လှမ်းမီသမျှ ကြိုးစား လုပ်ဆောင် သွားမှာပါ။”-ဟူ၍ ကျနော်သည် သိသမျှ၊ ဉာဏ်မီသမျှ အတွေးအမြင် ဗဟုတုတလေးများဖြင့် ရှည်လျားစွာရှင်းပြခဲ့ပါသည်။ သည်တော့ ထိုပုဂ္ဂိုလ်သည် လေးနက်သောအကြည့်ဖြင့် ကျနော့်ကို နောက် တကြိမ်ကြည့်လျက် လေးနက်သောဟန်ဖြင့်ပြောပါသည်။
“အခု ခင်ဗျားရှင်းပြတော့လည်း ကျနော့်အနေနဲ့ အချက်နှစ်ချက်မှာရှင်းသွားပါတယ်။ ကျ နော်ဟာ သမိုင်းဘာသာအဓိကနဲ့ကျောင်းပြီးခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်ဆိုတာကို ကျနော့်အနေနဲ့ ခွဲထွက်ရေးမူလို့ပဲ သိနားလည်ခဲ့ပါတယ်။ အခုခင်ဗျားပြောပြတော့မှ ပြည်ထောင်စုမူဖြစ်တယ်ဆိုတာ ရှင်းသွားတော့တယ်။ နောက်တချက်ကတော့- နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲတည်ဆောက်ရာမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေမှာသာ တာဝန်ရှိတာမှမဟုတ်ပဲ။ နိုင်ငံသူနိုင်ငံသားအားလုံးမှာ သူ့တာဝန်နဲ့သူ ရှိကြတယ်ဆိုတဲ့အချက်ပါပဲ။ ကျနော့်အနေနဲ့ကတော့ စားဝတ်နေရေးနဲ့ မိသားစုအရေးတွေကြောင့် ဒီတာဝန်တွေကို မဆောင်ရွက်နိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်နေ ကြတဲ့နိုင်ငံရေးသမားတွေကိုတော့ ချီးကျူးလေးစားပါမိပါတယ်။ ထောက်လည်းထောက်ခံပါတယ်။ ကဲ- အချိန်လည်း တော်တော်ကြာသွားပြီ ကျနော်ပြန်လိုက်ပါဦးမယ်။”-ဟူ၍ နှုတ်ဆက်ကာ ပြန်သွားခဲ့ပါသည်။ ထိုပုဂ္ဂိုလ်နှင့်ကား နောက်ထပ်ရံဖန်ရံခါ တွေ့ဆုံဖြစ်ခဲ့ပါသည်။ နောက်ပိုင်း တွေ့ကြသည့်အခါ များ၌လည်း ထိုပုဂ္ဂိုလ်သည် ခင်ဗျားပြောတဲ့အခြေအနေတွေ အတော်လေးခရီးရောက်ပြီလား ဟူ၍ မေးတတ်ပါသည်။ ဤမေးခွန်းကိုကား ကျနော်သည် မဖြေနိုင်ပါ။ ကျနော်သည် အညတရ နိုင်ငံရေး သမားမျှသာဖြစ်၍ အထက်ကပြောခဲ့သည့်အကြောင်းအရာများကို ကြိုးပမ်းဆောင်ရွက်ရာ၌လည်း သဲတပွင့်၊ ကျောက်တပွင့်ပမာမျှသာ ဆောင်ရွက်နိုင်လိမ့်မည်။ ကမ္ဘာသိ နိုင်ငံရေးခေါင်းဆောင်ကြီး များမှာမူကား ပိုမို၍ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ် မေးသောမေးခွန်းကို တိတိကျကျဖြေကြားနိုင်ခြင်းမရှိပဲ ဝေဝါးစွာ ကြိုးစားနေတုန်းပါပဲဟူ၍သာ ဖြေကြားခဲ့ခြင်းပြုခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ ကျနော်သည် အညတရနိုင်ငံရေးသတ္တဝါအနေဖြင့် နိုင်ငံရေးဝင်္ကဘာတွင် ကျင်လည်လှုပ်ရှားနေခဲ့ပါသည်။ နိုင်ငံရေးအခြေအနေများမှာလည်း “ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်၏” ဆိုသကဲ့သို့တစတစပြောင်းလဲလာခဲ့ပါသည်။ အာဏာပိုင်များသည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဟန့်တားကန့်သတ်မှုများ၊ ဖမ်းဆီးမှုများပြုလုပ်လာပါသည်။ အထူးသဖြင့် အာဇာနည်နေ့တွင် သံဃာတော်များအားဆွမ်းမကျွေးရ၊ အခမ်းအနားများမပြုလုပ်ရဟူ၍ ပိတ်ပင်မှုများနှင့်အတူ အာဇာနည်ဗိမ္မာန်သို့ ချီတက်အလေးပြုရေးကိုပင် အာဏာပိုင်များထံတွင်စာရင်း ပေးသွင်းပြီး ခွင့်ပြုချက်ယူရမည်-စသည်ဖြင့် ကန့်သတ်တားဆီးမှုများလည်း ပြုလုပ်လာပါသည်။ ဤသို့ဟန့်တားကန့်သတ်မှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ “အများပြည်သူ သဘောမတူတဲ့ အမိန့် အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ”ဟူသော ကြွေးကြော်သံဖြင့် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။ အာဏာပိုင်များသည် အာဇာနည်နေ့မတိုင်မီ တရက်အလိုတွင် အာဇာနည်ဗိမ္မာန်သို့ချီတက်ရာ လမ်းနှင့် နိုင်ငံရေးပါတီများ၏ စုရပ်နေရာများကို စစ်တပ်အင်အားဖြင့် ပိတ်ဆို့ထားခြင်းဖြင့် အာဇာနည် ဗိမ္မာန်သို့ချီတက်ရေးကို ဟန့်တားပိတ်ပင်ခဲ့ပါသည်။ နောက်တနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း ထိန်းသိမ်းခဲ့ပြီး၊ နိုင်ငံရေးအခြေအနေများမှာ ပို၍တင်းမာလာသည့် အသွင်ကို ဆောင်လာပါသည်။

ဤသို့သောအခြေအနေမျိုးတွင် နိုင်ငံရေးပါတီများအနေနှင့် ရွေးကောက်ပွဲကို ဝင်ရေး/မဝင်ရေးသည် အလေးအနက်ထား၍ စဉ်းစားရန် လိုအပ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် အာဏာ ပိုင်များသည် နိုင်ငံရေးပါတီများကို အမျိုးမျိုး ဟန့်တား နှောက်ယှက်မှုများနှင့် ဖမ်းဆီးမှုများရှိခြင်းကြောင့် ရွေးကောက်ပွဲသည် လွပ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ဖြစ်နိုင်/မဖြစ်နိုင်ကို ဝေဖန်သုံးသပ်ရသ ကဲ့သို့ရွေးကောက်ပွဲဥပဒေ၌ အာဏာလွှဲပြောင်းရေးကို တိတိကျကျ ရက်သတ်မှတ်မပါရှိခြင်းကိုလည်း နိုင်ငံရေးပါတီများက ပြန်လည်တင်ပြအကြံပေးခဲ့သည့်တိုင်အောင် အာဏာပိုင်များက လစ်လျူရှုခဲ့သည့်ကိစ္စသည်လည်း အလေးအနက်ထား စဉ်းစားရမည့်ကိစ္စတရပ်ဖြစ်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးပါတီများသည်။ ရွေးကောက်ပွဲကို ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ရွေးကောက်ပွဲအတွက်ပြင်ဆင် မဲဆွယ်စည်းရုံးခဲ့ကြပေသည်။

ကျနော်သည် လွှတ်တော်ကိုယ်စားလှယ်တယောက် မဟုတ်သည့်အပြင် အညတရနိုင်ငံရေး သမားမျှသာဖြစ်သော်လည်း မိမိ၏ပါတီနှင့် မိမိ၏လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရေးအတွက် အမြို့မြို့အနယ်နယ်သို့ခရီးထွက်ကာ မဲဆွယ် စည်းရုံးဟောပြောခဲ့ရပါသည်။ ရွေးကောက်ပွဲကာလကို ကျနော့်အတွေ့အကြုံများအရပြောရပါမူ ကန့်သတ်ချုပ်ချယ်မှုများ၊ ဟန့်တားမှုများရှိခဲ့ပြီး ဖမ်းဆီး ထောင်ချမှုများလည်း ရှိခဲ့ပါသည်။ ကျနော်၏ပါတီမှ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတဦး ဖမ်းဆီးထောင်ချခြင်းခံလိုက်ရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ထောင်တွင်း၌ပင် ကွယ်လွန်ခဲ့ရပါသည်။ ကျနော်သွားရောက်ခဲ့သည့် ခရီးစဉ်မှာလည်း နှောင့်နှေး ကြန့်ကြာအောင်ပြုလုပ်ခြင်း၊ မြို့နယ်အချို့တွင် ဟောပြောရန်အတွက် ခွင့်ပြုမိန့်များကိုအချိန်ဆွဲထား ခြင်း၊ ဟောပြောရမည့်နေရာများကိုလည်း မြို့နှင့်အလွန်ဝေးပြီး လူများ အလွယ်တကူမသွားလာနိုင် သောနေရာများကို သတ်မှတ်ပေးခြင်း၊ အသံချဲ့စက်ကိုသုံးခွင့်မပြုခြင်း၊ သွယ်ဝိုက်သောနည်းများဖြင့် ခြိမ်းခြောက်မှုများပြုလုပ်ခြင်းကိုလည်း ခံခဲ့ရပါသည်။ ဤကဲ့သို့ရွေးကောက်ပွဲကာလ၌ အာဏာပိုင်များ၏ ဟန့်တားနှောက်ယှက်မှုများအပြင် ကျနော်၏ပါတီ အပြည့်အဝအနိုင်ရရေးအတွက် အဓိကအခက် အခဲနှစ်ခုမှာ ဘဏ္ဍာငွေအခက်အခဲနှင့်ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အရှိန် အဝါကို ကျော်၍လွှားရန် ကြိုးစားရခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာသည့်အခါတွင်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အံ့ဖွယ်ကောင်းလောက်အောင် အပြတ်အသတ် အနိုင်ရခဲ့ပါသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဲ့သို့သော အခြား တိုင်းရင်းသား ပါတီများသည်လည်း သက်ဆိုင်ရာပါတီများနှင့်ဒေသများတွင် အနိုင်ရရှိကြသည်ကိုလည်း တွေ့ရပေသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှာကား (၁ဝ)နေရာမျှသာရရှိခဲ့ပါသည်။
အမျိုးသားဒီမိကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရရှိလိုက်သောအခါ အာဏာပိုင်များ၏ လေသံများ သည်လည်း ပြောင်းလဲလာခဲ့ပေသည်။ အာဏာပိုင်များသည်ရွေးကောက် ပွဲအကြိုကာလက“ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမည်”၊ “မည်သည့်ပါတီ အနိုင်ရရ အာဏာကို လွှဲပြောင်းပေးပြီး စစ်တန်းလျားသို့ပြန်ကြမည်”၊ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အဟောင်း ကိုပဲယူယူ၊ အသစ်ကိုပဲ ရေးဆွဲဆွဲ၊ ၄င်းတို့အလုပ်မဟုတ်။ နိုင်ငံရေးပါတီများ၏ အလုပ်သာဖြစ်သည်။” -စသည်ဖြင့်ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲပြီးသောအခါ လေသံများပြောင်းကာ အာဏာလွှဲ ပြောင်းရန် အချိန်ဆွဲလျက်ရှိပေသည်။ ထို့ကြောင့် နိုင်ငံရေးပါတီအများအပြားမှာ အာဏာလွှဲပြောင်း ရေးကိုတောင်းဆိုသည့် ကြေညာချက်များ ထွက်ပေါ်လာသည်ကို တွေ့ရပေသည်။ ပြည်ထောင်စု တိုင်း ရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော တိုင်းရင်းသားညီလာခံအပြီးတွင်ထွက်ပေါ်လာသော ကြေညာချက်၌လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့အာဏာလွှဲပြောင်းပေးရန် တောင်းဆိုတိုက် တွန်းထားသည်ကိုလည်း တွေ့ရပေမည်။ မည်သို့ပင် တောင်းဆိုစေကာမူ အာဏာပိုင်များသည် လျစ်လျူရှုခဲ့ကြပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲအပြီးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ စုံညီအစည်းအဝေးတရပ်ကို ဂန္ဓီိခန်းမ၌ ကျင်းပရန်စီစဉ်ခဲ့ရာ အာဏာပိုင်များသည် ထိုအစည်းအဝေးမှ ထွက်ပေါ်လာမည့် ဆုံးဖြတ်ချက်များကို စိုးရိမ်ကြီးစွာ ကြိုတင် ဟန့်တားသည့်အနေဖြင့် (၁/၉ဝ)ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ (၁/၉ဝ)ကြေညာချက်၏ အဓိကရည်ရွယ်ချက်မှာ လက်ရှိအခြေအနေတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိသေးသဖြင့် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ-စသည့် အာဏာသုံးရပ်ကို နိုင်ငံရေးပါတီများသည် အလိုအလျာက်မရနိုင်၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ရှင်းလင်း ပြီးသောအခါ ပြည်သူ့လွှတ်တော်ခေါ်ယူကျင်းပပေးမည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲရန်တာဝန်ရှိသည်ဟူ၍ပါရှိရာ အဓိကအားဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရည်ညွှန်းပြီး ကြိုတင်ဟန့်တားပိတ်ပင်ခြင်းပင်ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ ဂန္ဓီခန်းမ အစည်းအဝေး၌ အရေးကြီးသောဆုံးဖြတ်ချက်များနှင့် အဖြေတစုံတရာ ထွက်လာလိမ့်မည်ဟူ၍ အများ ပြည်သူများက မိမိတို့ အတွေးအမြင်များဖြင့် မျှော်လင့်လျက်ရှိကြပေသည်။ ကြီးမားသောလူထုထောက် ခံမှုကိုပြသည့်အနေဖြင့် ဗိုလ်အောင်ကျော်လမ်း၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓီုလလမ်းများတွင် လူအုပ် ကြီးသည် ပြည့်လျှံလျက်ရှိပေသည်။ သို့ရာတွင် ထိုအစည်းအဝေးကြီး၌“ဂန္ဓီနည်းဖြင့် မရလျှင် ဗိုလ်အော်ကျော်နည်းကို သုံးမည်”ဟူသော ကြွေးကြော်သံ ယဲ့ယဲ့ဖြင့်သာ ပြီးဆုံးခဲ့ပေရာ အများပြည်သူများ၏ အတွေးအထင်များသည်လည်း လွင့်စင်ပျောက်ကွယ်ခဲ့ရပေသည်။ (၁/၉ဝ)သည် ကြေညာချက်မျှသာ မဟုတ်ပဲ၊ နိုင်ငံရေးပါတီများကို အာဏာပိုင်များကအတင်းအကြပ်လိုက်နာရန် လက်မှတ်ထိုးခိုင်းသည့် အဆင့်သို့ရောက်လာပါသည်။ နိုင်ငံရေးပါတီအတွင်း၌လည်း လက်မှတ်ရေးထိုးသင့်/မထိုးသင့် ဆွေးနွေး ငြင်းခုန်ခဲ့ကြပြီးနောက်ဆုံးတွင် ထိုကြေညာချက်ကို လိုက်နာပါမည်ဟူ၍လက်မှတ်ရေးထိုးခဲ့ကြပေသည်။

နဝတအာဏာပိုင်များသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးကို အမှန်တကယ်လို လားသည်ဆိုပါက ဤကဲ့သို့ပြုလုပ်ရန်အကြောင်းမရှိသကဲ့သို့နိုင်ငံရေးပါတီများသည်လည်း(၁/၉ဝ) ကြေညာချက်ကို လိုက်နာပါမည် ဟူ၍လည်း လက်မှတ်ရေးထိုးရန်မသင့်ပေ။ ထိုသို့ လုပ်ရိုးလုပ်စဉ် မဟုတ်သောလုပ်ရပ်များဖြင့် ပြုလုပ်သောအခါ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ဖြစ်ရပ်များလည်း ဖြစ်ပေါ်လာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့နှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များသည် မန္တလေးမြို့တွင် တွေ့ဆုံစည်းဝေးကြသည့်သတင်း ပေါ်လာ၏။ ထိုအစည်းအဝေးအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်အချို့ နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ကာ အဝေးရောက်အစိုးရဖွဲ့စည်းခဲ့ကြသည်ကိုလည်း ကြားသိရသည်။ အချို့လွှတ်တော်ကိုယ်စားလှယ်များမှာမူ ဖမ်းဆီးခြင်းခံကြရပြီး နှစ်ရှည်ထောင်ဒဏ်များကျခံကြရသည်။ ဤသို့ဖြစ်ရခြင်းသည်။ အာဏာပိုင်များက ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ရခြင်းကြောင့်သာ ဖြစ်ရပေ သည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ အာဏာပိုင်များက ပြည်သူ့လွှတ်တော်ကို ခေါ်ယူ ကျင်းပပေးရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲလျက်ရှိ၏။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပါတီက မိမိသဘောဖြင့် ရွေးကောက်ပွဲ၏ရလဒ်ကို အကောင်အထည်ဖော်မည်ကို စိုးရိမ်ကြီးစွာဖြင့် (၁/၉ဝ)ကို စိုးရိမ်ကြီးစွာဖြင့် ထုတ်ပြန်ကြေညာခဲ့၏။ အဆိုပါကြေညာချက်အရလည်း ပြည်သူ့လွှတ်တော်ကို ခေါ်ယူကျင်းပ ပေးရမည်ဖြစ်၏။ သို့ရာတွင် မိမိကိုယ်တိုင်က ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ပေးပြီးသောကတိကဝတ်များကိုပင် ဖောက်ပြန်ရန် အရှက်အကြောက်များကင်းမဲ့လာ၏ “ကလိမ်စေ့ ငြမ်းဆင်”လှည့်ကွက်များဆင်လာ၏။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမရှိသေးသဖြင့် နိုင်ငံရေးပါတီများသည် အာဏာ(၃)ရပ်ကို အလိုအလျောက် မရနိုင်၊ ပြီးခဲ့သောရွေးကောက်ပွဲသည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဖြစ်ပါလျက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန်အတွက်ပြုလုပ်သော (တို်င်းပြည်ပြုလွှတ်တော်) ရွေးကောက်ပွဲသာဖြစ်သည်ဟူ၍ ပြောဆိုလာကြပြန်၏။ ထို့ကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန်အတွက် အမျိုးသားညီလာခံကိုကျင်းပရမည်ဟုလည်းဆိုကြပြန်၏။ အမျိုးသားညီလာခံကျင်းပရေးအတွက်လည်း ကြိုးပမ်းအားထုတ်လာ၏။ သြော်-တတ်လည်းတတ်နိုင်ကြပါပေ၏။ ကျနော်ကဲ့သို့သော အညတရ နိုင်ငံရေးသတ္တဝါအဖို့ နိုင်ငံရေးသင်ခန်းစာများ ရပြီးရင်းရလာသည်။ မျက်လှည့်တပွဲကို ကြည့်နေရ သကဲ့သို့တအံ့တသြရှိလှ၏။ ပြကွက်များကလည်း ပီပြင်ပါပေသည်။ မည်သို့ပင်ရှိစေ နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသားညီလာခံသို့တက်ရောက်ရေးကို လက်ခံသဘောတူခဲ့ကြခြင်းမှာမူ ပါတီ၏မူ၊ အခြေခံနိုင်ငံရေး ရပ်တည်ချက်များမှ သွေဖည်ခဲ့ကြခြင်းသာဖြစ်သည်ဟူ၍ ရှုမြင်ခံစားမိပါသည်။ နိုင်ငံရေးပါတီများ၏ ယေဘူယျ ရပ်တည်ချက်များမှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် တိုင်းရင်းသား ပြဿနာ ဖြေရှင်းရေးများဖြစ်ကြပြီး ထိုရည်မှန်းချက်များကို အကောင်အထည်ဖေါ် မည့်လုပ်ငန်းစဉ်များမှာလည်း လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲမှတဆင့် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေး၊ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဒီမိုကရေစီအစိုးရတရပ်ဖွဲ့စည်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေးကိုဦးတည်သည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖေါ်ရေးပင်ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးပါတီများ၏ ဖြစ်ရိုးဖြစ်စဉ်လုပ်ငန်းစဉ်များဖြစ်ပါလျက် အာဏာပိုင်များသည် လှည့်ကွက်ဆင်ကာ အမျိုးသားညီလာခံကျင်းပရန် ကြိုးပမ်းလာ၏။ နိုင်ငံရေးပါတီများ၌လည်း အမျိုးသားညီလာခံအပေါ် ရှုမြင်သုံးသပ်ကြရာ၌ ဝိဝါဒများကွဲပြားကြကုန်၏။

ဤကဲ့သို့ပြောင်းလဲဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေများကို သုံးသပ်ရန်အတွက် နိုင်ငံရေးပါတီအများအပြားဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသောကျနော်တို့၏အဖွဲ့ချုပ်သည် စုံညီအစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပါသည်။ အဖွဲ့ဝင်ပါတီ အသီးသီးမှ ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ကျနော်သည်လည်း ပါတီတခု၏အဖွဲ့ဝင်အဖြစ် တက်ရောက်ခွင့်ရခဲ့ပါသည်။ ထိုအစည်းအဝေးသည် အဖွဲ့ချုပ်၏ နောက်ဆုံးအစည်းအဝေးဖြစ်သည်ကိုကား မည်သူမျှ ကြိုတင်သတိပြုမိခြင်းမရှိခဲ့ကြပေ။ ထိုအစည်းအဝေး၌ နိုင်ငံရေးအစီရင်ခံစာကိုဖတ်ကြားပြီးသောအခါ ကျနော်အပါအဝင် အချို့သော ကိုယ်စားလှယ်များသည် အဖွဲ့ချုပ်၏ ပြောင်းလဲလာသော သဘောထားအပေါ် မချင့်မရဲ၊ မကျေနပ် ဖြစ်မိကြပါသည်။ ထိုနိုင်ငံရေးအစီရင်ခံစာအရ အဖွဲ့ချုပ်သည် မူလရပ်တည်ချက်များမှ သွေဖည်သည် ဟူ၍လည်း ရှုမြင်ခံစားမိပါသည်။ သို့ရာတွင် ကိုယ်စားလှယ်အများစုမှာကား နဝတမှ ကြီးမှူးကျင်းပမည့် ညီလာခံအပေါ် မျှော်လင့်ချက် ကြီးစွာထားလျက်ရှိကြ၏။ ညီလာခံ၌ ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးစုပြဿနာအပါအဝင် အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မည့် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာနိုင်သည့်အပြင် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အစိုးရတရပ်လည်း ပေါ်ပေါက်လာနိုင်သည်ဟူ၍ ယုံကြည်လျက်ရှိပေသည်။ ကျနော်၏အမြင်မှာကား ဤသို့မဟုတ် ပြည်သူ့လွှတ်တော်ကိုခေါ်ယူကျင်းပပေးမည့်အစား အမျိုးသားညီလာခံကို ကျင်းပခြင်းသည် အာဏာပိုင်များ၏ လှည့်ကွက်ဆင်သည့်နည်းပရိယာယ်တရပ်သာဖြစ်သည်။ အမျိုးသားညီလာခံကို ကြီးမှူးကျင်းပရန် အခွင့်အရေးသည်လည်း နဝတ၌မရှိပေ။ ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုပါက ပြည်သူ့လွှတ်တော်ကို ခေါ်ယူကျင်းပပေးမည်ရဖြစ်၏။ ပြည်သူ့လွှတ်တော်၌သာ အမျိုးသားညီညွတ် ရေးကိုဦးတည်သော လုပ်ငန်းစဉ်များအရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန်အတွက် အမျိုး သားညီလာခံတရပ်ကို ခေါ်ယူကျင်းပသင့်၏။ ထိုညီလာခံကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော နိုင်ငံရေးပါတီများကသာ ကြီးမှူးကျင်းပသင့်၏။ ထို့အပြင် နဝတအာဏာပိုင်များသည် လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများကို နည်းအမျိုးမျိုးဖြင့်ကန့်သတ် ချုပ်ချယ်မှုများ၊ ဖမ်းဆီးထောင်ချမှုများလည်းရှိသည်။

ထို့ကြောင့် နဝတမှ ကြီးမှူးကျင်းပပေးသည့် အမျိုးသားညီလာခံ၌ လွတ်လပ်စွာ ဆွေးနွေး တင်ပြခွင့်အပါအဝင် ဒီမိုကရေစီ အခွင့်အရေးများ မရှိနိုင်၊ မရနိုင်ဟူ၍လည်း တွေးမြင်သုံးသပ်မိပါသည်။ ဤအမြင်များကိုလည်း ဝါရင့်နိုင်ငံရေးသမားအချို့နှင့် ကျနော်တို့၏အဖွဲ့ချုပ်မှ အတွေ့အကြုံများသော ပုဂ္ဂိုလ်များကိုလည်း မေးမြန်းတင်ပြဆွေးနွေးကြည့်ပါသည်။ ကျနော် တင်ပြသောအချက်များ မှန်ကန်သည်ကို လက်ခံကြသော်လည်း နဝတက လက်ခံမည်မဟုတ်သည့်အတွက် အလုပ်မဖြစ် နိုင်ဟူ၍သာ ထင်မြင်ချက်များပေးကြပါသည်။ ထို့ကြောင့် ဤအကြောင်းအရာများကို အစည်းအဝေး၌ ထပ်မံတင်ပြ ဆွေးနွေးလိုစိတ်မရှိပါ။ အထူးသဖြင့် အမျိုးသားညီလာခံတက်ရောက်ရေးတည်း ဟူသော ရောဂါအရှိန်တက်နေချိန်တွင် ကျနော်ကဲ့သို့သော အညတရ နိုင်ငံရေးသမားတယောက်၏ ဆွေးနွေးတင်ပြသည့် ဆေးချက်သည်လည်း ထိရောက်နိုင်မည် မဟုတ်ပေ။သို့ရာတွင် နိုင်ငံရေးအစီရင်ခံစာအပေါ် နိုင်ငံရေးအရ ဝေဖန်သုံးသပ်ခြင်းမဟုတ်သော်လည်း ကျနော်၏စိတ်တွင် ခံစားမိသော တွေးမြင်ခံစား ချက်များကို ဤသို့တင်ပြပါသည်။

“ကြွရောက်လာကြတဲ့ကိုယ်စားလှယ်များခင်ဗျား- စောစောက တင်သွင်းဖတ်ကြားသွားတဲ့ နိုင်ငံရေးအစီရင်ခံစာနှင့် ပတ်သက်လို့ ကျနော်ရဲ့ ထင်မြင်ခံစားချက်များကိုအနည်းငယ်တင်ပြပါရစေ။ ဒီ အစီရင်ခံစာဟာ အမတ်ကြီး ရာဇသင်္ကြန်ထုံးကို နှလုံးမူပြီး ရေးသားအပ်တဲ့ အစီရင်ခံစာဖြစ်တယ်လို့ ကျနော်ထင်မြင်ခံစားမိပါတယ်။ မြန်မာရာဇဝင်မှာ ရာဇသင်္ကြန်အမတ်ကြီးဟာ မင်းပြစ်မင်းဒဏ် သင့်လို့ နယ်နှင်ဒဏ်ပေးခြင်းခံခဲ့ရပါတယ်။ အဲဒီလို နယ်နှင်လိုက်လို့ အသွားခရီးမှာ လေပြင်းမုန်တိုင်း ကျခဲ့ပါတယ်။ လေပြင်းမုန်တိုင်းဒဏ်ကြောင့် သစ်ပင်ကြီးတွေဟာ ပြိုလဲပျက်စီးကြရပြီး ပဲပြားပင်းလေးတွေကတော့ မြေမှာဝပ်စင်းယိမ်းနွဲ့လျက် မပျက်မစီးရှိကြတာကို တွေ့မြင်ရတဲ့အခါ ရာဇသင်္ကြန်အမတ်ကြီး ဟာ သံဝေဂတရားတခုကို ရယူခဲ့ပါတယ်။ ငါသည် သစ်ကြီးဝါကြီးကဲ့သို့ကျင့်ကြံခြင်းကြောင့်ပျက်စီးခြင်းကို ရောက်ရသည်။ ပဲပြားပင်ငယ်ကဲ့သို့သာ ကျင့်ကြံမည်ဆိုပါက ပျက်စီးရမည်မဟုတ်ပေဟူ၍ သံဝေဂ တရားတခုကို ရယူခဲ့ပါတယ်။ ထိုနည်းတူစွာ ယနေ့ကာလ နိုင်ငံရေးအခြေအနေတွေဟာ နိုင်ငံရေး မုန်တိုင်းထန်သလိုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ နိုင်ငံရေးအမြင်မှပေါ်ထွက်လာတဲ့ နိုင်ရေးအစီရင်ခံဟာလည်း ရာဇသင်္ကြန်ထုံး နှလုံးမူပြီး ရေးသားတင်သွင်းခဲ့တယ်ရယ်လို့ ကျနော်ထင်မြင်ခံစားမိပါတယ်။ နိုင်ငံရေးအစီရင်ခံစာနဲ့ပတ်သက်လို့ ကျနော့်အမြင်ကို ဒီလောက်ပဲ တင်ပြပါရစေ။

နောက်တခုအနေနဲ့ ကျနော်ပြောချင်တာကတော့- နယ်အသီးသီးကိုပြန်ကြမယ့် ပါတီကိုယ်စားလှယ်များနဲ့ ပြည်သူ့ လွှတ်တော်က်ုယ်စားလှယ်တွေကို ကျနော်အနေနဲ့ပုံပြင်လေးနှစ်ပုဒ်နဲ့ပဲ စကားလက်ဆောင်ပါးလိုက်ပါရစေ။ ပုံပြင်လေး တပုဒ်ကတော့ အာရပ်ပုံပြင်ဖြစ်တဲ့“မိုဟာမက်နဲ့တောင်ကြီး” ပုံပြင်ဖြစ်ပါတယ်။ မိုဟာမက်ဟာ တောင်ကြီးကို သူ့ဆီလာဖို့ အမျိုးမျိုးသော ဂါထာမန္တန်တွေနဲ့မန်းမှုတ် ခဲ့ပါတယ်။ ဒါပေမယ့် တောင်ကြီးက သူ့ဆီကိုမလာပါဘူး။ ဒီတော့ မိုဟာမက်က စဉ်းစားတယ်။ တောင် ကြီးကတော့ ငါ့ဆီကိုမလာဘူး။ ဒါပေမယ့် ဒီတောင်ကြီးမှာ ငါလိုချင်တဲ့အရာတွေကလည်း ရှိနေတယ်။ တောင်ကြီးကို အပြင်ကကြည့်တဲ့အခါ တဝင်းဝင်းတလတ်လတ်အရောင်တွေကလည်း ထွက်နေတာကိုး၊ ဒါကြောင့် တောင်ကြီး ငါ့ဆီကိုမလာရင်တော့ တောင်ကြီးဆီကိုငါသွားမှဖြစ်မယ်။ ဒီလိုဆုံးဖြတ်ချက် ချပြီး မိုဟာမက်ဟာ တောင်ကြီးဆီကိုသွားခဲ့ပါတယ်။ မိုဟာမက်ဟာ တောင်ကြီးဆီကိုရောက်တော့ သူလိုချင်တဲ့အရာတွေကို တောအနှံ့ တောင်အနှံ့ရှာဖွေခဲ့ပါတယ်။ ဒီလို တောအနှံ့တောင်အနှံ့ ရှာဖွေခဲ့ သော်လည်း မောပန်း၍သာလာတယ် သူလိုချင်တဲ့ အရာတွေကိုတော့ မတွေ့ပါဘူး။ ဒီတော့ မိုဟာမက် ဟာ အသိတရားတခုဝင်လာတယ်။ “ငါ အပြင်ကမြင်ရတဲ့ ဝင်းဝင်းလတ်လတ်အရာတွေဟာ တကယ့် အစစ်အမှန်တွေ မဟုတ်ပဲ နတ်ဆိုးနတ်ယုတ်တွေက ပဉ္စလက်အတတ်နဲ့ လှည့်စားဖန်ဆင်းထားတဲ့ အရာတွေသာဖြစ်တယ်”ဆိုတာသိမြင်လာပါတယ်။ ဒါပေမယ့် နောက်ကျခဲ့ပါပြီိ။ နတ်ဆိုးနတ်ယုတ်များက“သယ်- မိုဟာမက်၊ နင်ဟာ ငါတို့ရဲ့စက်ကွင်းထဲမှာမိနေပြီ။ ရုန်းထွက်ဖို့မကြိုးစားနဲ့တော့” ဆိုပြီး မိုဟာမက်ကို ကိုင်မြှောက်ကာ ချောက်ထဲကို ချလိုက်ပါတော့တယ်။ မိုဟာမက်လည်း အသူတရာနက် တဲ့ ချောက်ထဲကို ကျသွားခဲ့ရပါတယ်။”

ပုံပြင်လေးကိုအဆုံးသတ်လိုက်သောအခါ အစည်းအဝေးတခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ကျနော်သည် နောက်ပုံပြင်လေးတပုဒ်ကို ဆက်ပြောရန် စတင်လိုက်ပါသည်။

“နောက်ပုံပြင်လေးတပုဒ်ကတော့ တရုတ်ပုံပြင်လေးတပုဒ်ပါ။ ရှေးရှေးတုန်းက တရုတ်ပြည်ရဲ့ ရွာတရွာမှာ ‘အမ်ကုံး’ဆိုတဲ့ လယ်သမားတယောက် ရှိခဲ့တယ်တဲ့။ အဲဒီ လယ်သမားဟာ သူနေတဲ့ ရွာကနေ လယ်တောထဲကိုသွားတဲ့အခါ အလွန်ကြီးမားတဲ့တောင်ကြီးတတောင်ကို ကျော်ဖြတ်ပြီး လယ်ယာအလုပ်ကို သွားလုပ်ရပါတယ်။ ဒီတောင်ကြီးကို အသွားတခေါက် အပြန်တခေါက် ကျော်ဖြတ်ရတဲ့အတွက် ပင်ပန်းမှုဟာ တကယ်လယ်လုပ်ရတာထက် အဆပေါင်း များစွာပင်ပန်းတယ်တဲ့။ ဒါကြောင့် တနေ့မှာ ဒီတောင်ကြီးကို ဖြိုဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါကြောင့် သူ့ရဲ့ သားနှစ်ယောက်နဲ့အတူ ပေါက်တူး၊ ပေါက်ချွန်းတွေကိုယူပြီး တောင်ကြီးကို စတင်ဖြိုကြပါတယ်။ ဒီအခါမှာ အနီးအနားမှာရှိကြတဲ့ ရွာသူရွာသားတွေက ဟေ့- အမ်ကုံး ဒီလောက်ကြီးတဲ့တောင်ကြီးကို နင်ဖြိုနေတာ၊ နင်ရူးများနေ ပြီလား။ ဒီတောင်ကြီးက ဘယ်တော့ပြိုမှာလဲလို့ပြောကြတယ်တဲ့။ ဒီတော့ အမ်ကုံးက ဘာပြောသလဲဆိုရင်-ဒီတောင်ကြီးဟာ ခင်ဗျားတို့ပြောသလိုတော့ ကြီးပါတယ်။ ဒါပေမယ့် ဒီထက်တော့ ပိုမကြီးနိုင်တော့ပါဘူး။ ငါ့မှာက-သေသွားရင် ငါ့သားတွေရှိတယ်။ ငါ့သားတွေသေသွားရင်- ငါ့မြေးငါ့မြစ်တွေရှိတယ်။ ဒါကြောင့် ငါ့ရဲ့ အင်အားဟာ ဘယ်တော့မှမကုန်ခမ်းနိုင်ဘူး။ တနေ့မှာ ဒီတောင်ကြီးဟာ ပြိုကို ပြိုရမယ်-။ ဒီလိုပြန်ပြောပြီး တောင်ကြီးကို ဇွဲလုံ့လ အပြည့်နဲ့ ဖြိုနေလိုက်တာ- တရုတ်လိုတော့ နတ် မင်းကြီးပေါ့လေ- ဗမာလိုတော့ သကြားမင်းက မနေနိုင်လို တောင်ကြီးကိုဖယ်ရှားပေးရတယ်တဲ့။ ဒီပုံ ပြင်လေး နှစ်ပုဒ်ကို လက်ဆောင်ပါးရင်းနဲ့ပဲ ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်များကို နှုတ်ခွန်းဆက် ရင်း နိဂုံးချုပ်ပါရစေ”-ဟူ၍ အဆုံးသတ်ခဲ့ပါသည်။

နှစ်ရက်တာကျင်းပခဲ့သော အစည်းအဝေးကြီးလည်း ပြီးဆုံးခဲ့ပါသည်။ တက်ရောက်လာခဲ့ကြသော ကိုယ်စားလှယ်များကလည်း မိမိတို့နေ့ရပ်သို့အသီးသီးပြန်သွားခဲ့ကြပါသည်။ နောက်ပိုင်းတွင် ကား နိုင်ငံရေးရာသီဥတုမှာ ပို၍ဆိုးရွားပြင်းထန်လာပါသည်။ နိုင်ငံရေးပါတီများကို အကြောင်းအမျိုးမျိုးပြကာ အာဏာပိုင်များက ဖျက်သိမ်းခဲ့ကြ၏။ ထိုသို့ဖျက်သိမ်းရာတွင် ကျနော်တို့၏အဖွဲ့ဝင်ပါတီများနှင့်အဖွဲ့ချုပ်သည့်လည်း ဖျက်သိမ်းခြင်းခံခဲ့ရပါသည်။ နောက်ဆုံးတွင် နိုင်ငံရေးပါတီ(၁ဝ)ပါတီကိုသာ ချန်ထားလျက် အမျိုးသားညီလာခံကို ကျင်းပခဲ့ပေသည်။ အမျိုးသားညီလာခံ သတင်းများ သည် သတင်းလွတ်လပ်ခွင့်မရှိသဖြင့် ပြည့်ပြည့်စုံစုံကြားနိုင်ရန်ခက်ခဲသော်လည်း အချို့သောသတင်းများကိုမူ တဆင့် စကား တဆင့်ကြားရာမှ သိခဲ့ပေသည်။

အာဏာပိုင်များသည် ညီလာခံကြီး၏ ဦးတည်ချက်(၆)ချက်ကို နိုင်ငံရေးပါတီများနှင့်ဆွေးနွေး ညှိနှိုင်းခြင်းအလျဉ်းမရှိပဲ ချမှတ်ခဲ့၏။ ထိုဦးတည်ချက်(၆)ချက်တွင် “တပ်မတော်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရမည်။”ဟူ၍ အချက်တချက်ပါ၏။ ထို့ကြောင့် နိုင်ငံရေးပါတီများက ကန့်ကွက်ခဲ့ကြသည့်သတင်းများလည်းကြားရ၏။ ၄င်းအပြင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန်အတွက် အခြေခံမူ(၁ဝ၄)ချက်ကိုလည်း ထိုနည်းအတိုင်း အာဏာပိုင်များ၏သဘောတခုတည်းဖြင့် ချမှတ်ခဲ့၏။ ထိုအခြေခံမူ(၁ဝ၄)ချက်တွင်လည်း “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂၅%)ကို ရွေးကောက်တင်မြှောက်ရန်မလိုပဲ တပ်မတော်ကိုယ်စားလှယ်များအား အလိုအလျောက် ပေးရမည်။”ဟူ၍ လည်းပါရှိ၏။ ထိုကဲ့သို့ဒီမိုကရေစီနည်းမကျသည့်အချက်နှင့် အခြားအချက်များကိုလည်း နိုင်ငံရေးပါတီ များက ကန့်ကွက်ခဲ့ကြ၏။ မည်သို့ပင်ကန့်ကွက်သည်ဖြစ်စေ ထိုမူများကိုပင် အတည်ပြု၍ ညီလာခံကို ဆက်လက် ကျင်းပသည့်သတင်းများလည်း ကြားရ၏။ လူမျိုးအသီးသီး၏အမည်များနှင့် တည်ရှိနေ သော ပြည်နယ်အမည်များကိုလည်း ဖျောက်ဖျက်ပြောင်းလဲရန်တင်ပြသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်များက အလန့်တကြားကန့်ကွက်ကြသည်ကိုလည်း ကြားရပါသည်။ ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို အာဏာပိုင်များက မကြိုက်သည့်အခါ ခေါ်ယူ ကြိန်းမောင်းတတ်ပြီး အချို့ကိုယ်စားလှယ်များကိုအရေးယူ၍ ညီလာခံကိုယ်စားလှယ်အဖြစ်မှရပ်စဲသည့်သတင်းများလည်း ကြားရသည့်အပြင် အချို့ကိုယ်စားလှယ်များမှာ နယ်စပ်သို့ထွက်ပြေးသွားကြောင်းကိုလည်း ကြားသိရပါသည်။

နောက်ဆုံး ကြားသိရသည့်သတင်းကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များသည် ညီလာခံလုပ်ထုံး လုပ်နည်းများကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြင်ဆင်ပေးရန်တောင်းဆိုခဲ့ကြရာ အာဏာပိုင်းများက မလိုက်လျောသဖြင့် ထွက်ခွာခဲ့ကြသည်ဟု ကြားသိရပေသည်။ လက်ရှိအခြေအနေတွင်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ရပ်တန့်သွားခဲ့ပြီး နိုင်ငံရေးအခြေအနေအရပ်ရပ်တို့သည် သောင်မတင်ရေမကျဖြစ်ကာ အကြပ်အတည်းပေါင်းစုံ ရင်ဆိုင် ကြုံတွေ့လျက်ရှိပေသည်။ ပြည်သူများအနေနှင့် နေ့စဉ်စားဝတ်နေရေးအကြပ်အတည်းများကြောင့် နိုင်ငံရေး အပြောင်းအလဲကို မျှော်လင့်လျက်ရှိကြ၏။ မျှော်လင့်သကဲ့သို့အပြောင်းအလဲများဖြစ်မလာသော အခါ အာဏာပိုင်များကို ပြစ်တင်ဝေဖန်ကြသည်သာမက နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးခေါင်းဆောင်များကို အားမလိုအားမရဖြစ်လျက် ပြောဆိုဝေဖန်မှုများလည်း ရှိလာခဲ့ပေသည်။

ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် (၁၉၉၈)ခုနှစ်မေလတွင် အစည်းအဝေးတရပ် ခေါ်ယူကျင်းပခဲ့၏။ ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်အရ အာဏာပိုင်များကို ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးရန် တောင်းဆိုခဲ့ပြီး “လွှတ်တော်တွင် ဆုံကြစို့”ဟူသော ကြွေးကြော်သံသည်လည်း ထွက်ပေါ်လာ၏။ ပြည်သူများကလည်း အားတတ် မျှော်လင့်မှုများရှိခဲ့ကြ၏။ သို့ရာတွင် အာဏာပိုင်များသည် ထိုတောင်းဆိုချက်ကို လျစ်လျူရှုသည်သာမက လွှတ်တော် ကိုယ်စားလှယ်အမြောက်အများ နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်အများအပြားကိုဖမ်းဆီးထိန်းသိမ်းခဲ့သည့်အပြင် တိုင်းရင်းသား ခေါင်းဆောင်များကို ပါ ဖမ်းဆီးခဲ့ပေသည်။

ဤကဲ့သို့အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းဟန့်တားမှုများကြားမှပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တိုင်းရင်းသားပါတီ(၄)ပါတီမှ ကိုယ်စားလှယ်တို့ပူးပေါင်းပြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းကြောင်းကိုလည်း ကြားသိရပါသည်။ ဤသို့ဖွဲ့စည်းနိုင်ခြင်းသည် လက်ရှိအခြေအနေ၏လိုအပ်ချက်ဖြစ်ပြီး သမိုင်းဆိုင်ရာဖြစ်ပေါ်တိုးတက်မှု၏ ထူးခြားချက်လည်း ဖြစ်သည်။ လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်များအရဆိုပါက (၁)ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးရေး၊ (၂)ပြည်သူ့လွှတ်တော်၌ အမျိုးသားညီညွတ်ရေးကိုဦးတည်သော လုပ်ငန်းစဉ်များချမှတ်ရေး၊ (၃)အမျိုးသားညီလာခံကျင်းပရေး ထိုညီလာခံမှချမှတ်သောအခြေခံမူများအရ စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ရေး-စသည့် သဘောထားရပ်တည်ချက်များသည် ယနေ့ မြန်မာ နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းနိုင်မည့် သဘောထားရပ်တည်ချက်များပင် ဖြစ်သည်ဟူ၍ လေ့လာသုံးသပ်နိုင်ပေသည်။ ဤသဘောထားရပ်တည်ချက်များကို အခြေအနေများနှင့်ဆီလျော်သော လုပ်နည်းလုပ်ဟန်များဖြင့် ပေါင်းစပ် အကောင်အထည်ဖေါ်မည်ဆိုပါက ဒီမိုကရေစီ ထွန်းကားပြီး စစ်မှန်သောပြည်ထောင်စုသစ်ကြီး မုချပေါ်ထွန်းရပေမည်။ သို့ရာတွင် ဤသို့ပေါ်ထွန်း လာရေးသည် နိုင်ငံရေးပါတီများနှင့်နိုင်ငံရေးခေါင်းဆောင်များတွင် တာဝန်ရှိသကဲ့သို့ သာမန်နိုင်ငံရေးသမားနှင့် နိုင်ငံသူနိုင်ငံသားများတွင်လည်း တာဝန်အသီးသီးရှိကြပေသည်။ လူ့သမိုင်းတလျှောက်၌ စနစ်ဆိုးများကို ပြောင်းလဲဖယ်ရှားရာတွင် နိုင်ငံရေးခေါင်းဆောင်များသည် လူထုလူတန်းစားအသီးသီး၏ ထောက်ခံမှု နှင့်အတူ လှုပ်ရှားရုန်းကန် တိုက်ပွဲဆင်ခြင်းဖြင့်သာ အောင်ပွဲကိုရယူခဲ့ကြပေသည်။ ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေး အကြပ်အတည်း ဖြစ်ပေါ်လျက်ရှိ၏။ ထိုအကြပ်အတည်းကို အကြောင်းပြု၍ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများကိုပါ ဆုတ်ယုတ်ကျဆင်းလျက်ရှိ၏။ စီးပွားရေးနယ် ပယ်တွင် လူတစုသည် သုံးမကုန်ဖြုန်းမကုန်အောင် ချမ်းသာကြွယ်ဝလျက် ရှိကြသော်လည်း ပြည်သူအများစုမှာကား ဝမ်းမဝ ခါးမလှသည့်အပြင် ထမင်းတနပ်အတွက်ပင် သောကမီးများ တောက်လောင် လျက်ရှိကြ၏။ လူမှုရေးနယ်ပယ်တွင်လည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတို့၏ ဘဝသည် အာဏာပိုင်များ၊ လက်ပါးစေများ၏ ဖိနှိပ်ရမ်းကားမှုများကြောင့် ရခဲလှသောလူ့ဘဝကို ရခဲ့ကြသည့်တိုင်အောင် လူနှင့်တူအောင်ဆက်ဆံခြင်းမခံရပဲ လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိကြ၏။ ပညာရေးတွင်လည်း တက္ကသိုလ်၊ ကောလိပ်များ နှစ်ရှည်ပိတ်ထားခြင်းဖြင့် လူငယ်များ၏ ဘဝရည်မှန်းချက်များ ပျောက်ကာ အဆိုးဖက်သို့ ဦးတည်နေခြင်းသည် တိုင်းပြည်အနာဂတ်အတွက် ဆိုးကျိုးများဖြစ်သကဲ့သို့မိသားစုများအတွက်လည်း ရတက်မအေးဖွယ်ဖြစ်ပါသည်။

ဤအခြေအနေအရပ်ရပ်သည် နိုင်ငံရေးအပြောင်းအလဲတရပ်ဖြစ်ရန် အမှန်တကယ်လိုအပ်လျက်ရှိ၏။ ပြည်သူများကလည်း ကြပ်တည်းလှသောဘဝအတွေ့အကြုံများအရ နိုင်ငံရေးအပြောင်းအလဲကို မျှော်လင့်လျက်ရှိကြ၏။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဏာပိုင်များ၏ ဖိနှိပ်မှုအမျိုးမျိုးကြောင့် ဖောင်းပွနေရာမှ ကျစ်လစ်သိပ်သည်းခိုင်မာသည့်အသွင်ကို ဆောင်လာသည်။ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းကာ အမျိုးသားနိုင်ငံရေးအင်အားစုတရပ်အဖြစ်လည်း ပေါ်ထွက်လာပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများအခွင့်အရေးအတွက် ဆက်လက် ကြိုးပမ်းလျက်ရှိ၏။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှာလည်း ဒီမိုကရေစီနှင့် တိုင်းရင်းသား လူမျိုးများ တန်းတူရေးအတွက် တိုက်ပွဲဝင်လျက်ရှိ၏။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှာမှု အပစ်အခတ်ရပ်စဲကာ နိုင်ငံရေးနည်းအရဖြေရှင်းနိုင်ရန်ကြိုးပမ်းလျက်ရှိကြပေသည်။ နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသော ဒီမိုကရေစီ အင်အားစုများ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ ဒီမိုကရေစီထွန်းကားရေးကို လိုလားကြသည့် နိုင်ငံတကာ ပြည်သူများ၏ ထောက်ခံမှုကိုရရှိနေ၏။ ဤအခြေအနေအရပ်ရပ်ကြောင့် နိုင်ငံရေး အပြောင်းအလဲသည် ဖြစ်ကိုဖြစ်ရမည်ဟု ကျနော်ယုံကြည်၏။
အခြားတဖက်တွင် အာဏာပိုင်များသည် အပြောင်းအလဲအတွက် ကြိုးပမ်းမှုမှန်သမျှကို နည်းမျိုးစုံဖြင့် ဟန့်တားလျက်ရှိ၏။ မာယာပရိယာယ်ကြွယ်ဝစွာဖြင့် ဟန်ရေးပြလုပ်ဆောင်နေသကဲ့သို့အာဏာကို အစွမ်းကုန်သုံး၍ နိုင်ငံရေးပါတီများနှင့် လှုပ်ရှားမှုမှန်သမျှကို ဖိနှိပ်လျက်ရှိ၏။ ထိုနည်းတူစွာ ပြည်သူများ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုများကိုလည်း ခြိမ်းခြောက်ဟန့်တား၏။ ၄င်းအပြင် ပြည်သူများကပင် နိုင်ငံရေးပါတီများကို မထောက်ခံမလိုလားဘိသကဲ့သို့ ထင်မြင်လာစေရန် အတင်းအကြပ် ခြိမ်းခြောက်စေခိုင်းစုရုံးပြီး အယုံအကြည်မရှိ၊ မထောက်ခံဟူ၍ အော်ဟစ်စေသောနည်းများကိုလည်း သုံးလာ၏။

ဤသို့ဖြင့်ပြည်သူများနှင့် နိုင်ငံရေးပါတီများကြားတွင် အာဏာစက်ဖြင့်တားဆီးရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိ၏။ မည်သို့ပင်ရှိစေ နိုင်ငံရေးပါတီများက ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများအတွက် ကြိုးပမ်းဆောင်ရွက်ကြသကဲ့သို့ ပြည်သူများသည်လည်း မိမိတို့မွေးရာပါ အခွင့်အရေးများအတွက် ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားကြမည်ဆိုပါက ဤလှုပ်ရှားမှုနှစ်ရပ်သည် ပေါင်းကူး သဖွယ်ဆုံတွေ့ကြပြီး ဒီမိုကရေစီလှုပ်ရှားမှုအရှိန်အဟုန်ကို ဖြစ်ပေါ်စေလိမ့်မည်။ ဤအရှိန် အဟုန် သည်လည်း အဟန့်အတားမှန်သမျှကို တိုက်စားဖယ်ရှားသွားပေလိမ့်မည်။ ဤသို့ဖြင့် ပြည်သူများ၏ တိုးတက်မှုကို ဟန့်တားလျက်ရှိသောစနစ်ဆိုးသည် ဖယ်ရှားခြင်းကို ခံရမည်ဖြစ်ပြီး၊ ဒီမိုကရေစီ ထွန်းကား၍ လူမျိုးပေါင်းစုံချစ်ကြည်ညီညွတ်သည့်ခေတ်သည် မုချပေါ်ထွန်းလာရပေလိမ့်မည်။

အချို့က နိုင်ငံရေးဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားနှင့်သာ သက်ဆိုင်၍ သာမန်ပြည်သူများနှင့် မသက်ဆိုင်ဟူ၍ ပြောဆိုယူဆတတ်ကြပေသည်။ အမှန်မှာ ဤသို့မဟုတ်ပေ။ နိုင်ငံရေးဟူသည် နိုင်ငံ၏အရေးအရာကိစ္စများသာ ဖြစ်သဖြင့် နိုင်ငံသူနိုင်ငံသားများနှင့်မည်သို့မျှခွဲခြား၍ မရအောင် သက်ဆိုင်လျက်ရှိ၏။ ယနေ့ခေတ်ငွေကြေးဖောင်းပွမှုနှင့် အထွေထွေကုန်းဈေးနှုန်းကြီးမြင့်မှု၊ ဝန်ထမ်းများ၏လစာနည်းပါမှုနှင့် ဝင်ငွေထွက်ငွေ မမျှမှု၊ ဝန်းထမ်းများအနေနှင့် မိသားစုစားဝတ်နေရေး အတွက်နည်းအမျိုးမျိုးဖြင့် ဝင်ငွေရှာနေရမှု၊ တက္ကသိုလ် ကောလိပ်များ ပိတ်ထားခြင်းကြောင့် ကျောင်းသားလူငယ်များ၏ အနာဂတ်ရည်မှန်းချက်များပျောက်ကာ အဆိုးဖက်သို့ ဦးတည်မှုများသည် နိုင်ငံတော်၏အရေးများဖြစ်သကဲ့သို့မိသားစုအရေးလည်းဖြစ်သည့်အပြင် လူတိုင်း၏ အရေးအရာများလည်း ဖြစ်ပေသည်။ အထက်ပါအရေးအရားများသည် မိမိနှင့်မသက်ဆိုင်ပါဟူ၍ မည်သို့မျှပြော၍ မရနိုင်ပေ။ ထို့ကြောင့်နိုင်ငံရေးသည် နိုင်ငံသူနိုင်ငံသားများ၏အရေးဖြစ်ပေသည်။ ထိုအရေးအရာကိစ္စများကို ပြုပြင် ပြောင်းလဲတိုးတက်စေရန်အတွက် ကြိုးပမ်းရေးများသည်လည်း နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးခေါင်း ဆောင်များတွင်သာ ဝန်ရှိကြသည်မဟုတ်။ သာမန် နိုင်ငံသူနိုင်ငံသားများတွင်လည်း သူ့နေရာနှင့်သူ တာဝန်များရှိကြသည်ဟူ၍ ကျနော်ခံယူ၏။
ထို့ကြောင့် အညတရနိုင်ငံရေးသမားမျှသာဖြစ်သောကျနော်တွင်လည်း တာဝန်ရှိပေရာ ဤ ကြိုးပမ်းလှုပ်ရှားကြရာတွင် သဲတပွင့် ကျောက်တပွင့်ပမာ ပါဝင်ရပေမည်။ သဲပွင့်ကျောက်ပွင့်ပေါင်းများစွာ ပေါင်းစပ်ဖွဲ့စည်းမိသောအခါ ထုထည် ပမာဏတခုကို ရနိုင်၏။ ထိုပမာဏသည် သက်ရောက်မှုတခုကို ဖြစ်ပေါ်စေပါသည်။ ရုပ်လောက၌ မဟာစင်္ကြာဝဠာများ၊ ကြယ်များ၊ ဂြိုလ်များ ကမ္ဘာများသည်လည်း သဲပွင့်များကျောက်ပွင့်များဖြင့် ပေါင်းဖွဲ့ထားခြင်းသာဖြစ်ပေသည်။ သဲပွင့် ကျောက်ပွင့်များမရှိပါပဲ နှင့်ကမ္ဘာများ၊ ဂြိုလ်များ၊ ကြယ်များဟူ၍လည်း မရှိစကောင်းပေ။ ထိုနည်းတူစွာ လူ့အဖွဲ့အစည်း၌လည်း လူတဦးတယောက်မှ မိသားစု၊ မိသားစုမှ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ နိုင်ငံတော်ကို ဖွဲ့စည်းကြရပေသည်။ ထို့ကြောင့် လူတဦးတယောက်အရေးနှင့် နိုင်ငံတော်အရေးသည် ဆက်စပ်လျက်ရှိ၏။ ဤသို့ဖြင့် စနစ်တခုပြောင်းလဲရန်မှာ နိုင်ငံ့ခေါင်းဆောင်များတွင်တာဝန်ရှိသကဲ့သို့နိုင်ငံသူနိုင်ငံသားများတွင်လည်း တာဝန်ရှိကြပေသည်။ ယနေ့အချိန်အခါသည်ကား မည်သည့်ကာလနှင့်မျှမတူအောင် အာဏာပိုင်များက နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဖိနှိပ်လျက်ရှိသောကာလဖြစ်၏။ မည်သို့ပင်ဖြစ်စေ အညတရနိုင်ငံရေးသမား မျှသာဖြစ်သော ကျနော်သည် မည်သို့သော အခက်အခဲအကြပ်အတည်းများ နှင့်ရင်ဆိုင်ရသည်ဖြစ်စေ နိုင်ငံရေးလှုပ်ရှားမှုများတွင် သဲတပွင့်၊ ကျောက်တပွင့်ပမာပါဝင်လျက် နိုင်ငံရေး ဝင်္ကဘာတွင် ကျင်လည်ရဦးမည်သာဖြစ်ပေသည်။ ။

အညတရ

No comments:

Post a Comment