ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

(၁ဝ)နှစ်မြောက် ရွေးကောက်ပွဲညီလာခံကြီးနှင့်အတူ ပေါ်ထွန်းလာမည့် အလင်းရောင် - ဝါ၊ စိမ်း၊ နီ

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။

မေလကို ရောက်ပြန်ပြီလေ။ မေနှင့်အတူနွေရာသီလည်းရောက်လာပြီမို့ပတ်ဝန်းကျင်တခုလုံး ပူပြင်းခြောက်သွေ့နေပါတယ်။ ဧပြီလမှာ ပိတောက်တွေ ပင်လုံးကျွတ် ဝါထိန်နေအောင် ပွင့်ခဲ့ပြီဖြစ် ပေမယ့် မေလမှာလည်း ဧပြီလမှာမပွင့်လိုက်ရလို့ ကျန်ခဲ့တဲ့ အဖူးအငုံကလေးတွေက ရှိသမျှခွန်အား တွေနဲ့ အစွမ်းကုန်ပွင့်ပေးခဲ့ကြပြန်တယ်လေ။

သြော်- ပိတောက်တွေရဲ့ရနံ့နဲ့အလှတွေကို ပြန်ပြောင်းသတိရနေမိရင်းက လွန်ခဲ့တဲ့(၁ဝ)နှစ် ရွေးကောက်ပွဲအကြောင်းကိုလည်း ပြန်လည်မြင်ယောင်လာမိပါတော့တယ်။ အဲဒီနှစ်က ပိတောက်တွေ ဟာဖြင့် ထူးခြားအံ့သြဖွယ် ကောင်းလောက်အောင်ကို လှိုင်လှိုင်ကြီး ပွင့်ခဲ့တာပါ။ ပြည်သူလူထုကြီးရဲ့ ရင်ထဲကအမောတွေကို သိနေရှာသလိုပါပဲလေ။ (၈၈၈၈)ရေးတော်ပုံကြီးအတွင်းမှာ မိမိရဲ့ရင်သွေး သား ငယ်သမီးငယ်တွေများ ဘယ်ဆီဘယ်ဝယ်ရောက် မှန်းမသိကြရှာလို့ သားပျောက်ရှာနေကြရှာတဲ့ မိခင် တွေရဲ့အမော၊ ကလေးငယ်တွေ စာသင်ခန်းမှာ အေးအေးဆေးဆေး စာမသင်နိုင်ကြဘဲ (၂၆)နှစ် မဆလ ပါတီစနစ်ဆိုးကြောင့် စီးပွားရေးချွတ်ခြုံကျပြီး စာဝတ်နေရေးအခက်အခဲတွေ့နေရှာတဲ့ ပြည်သူလူထုကြီး ရဲ့အရေး ရှေ့ထားပြီး တပါတီစနစ်ဆိုးကို အနစ်နာခံတော်လှန်ခဲ့ကြပြီး ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြတယ်။ သားသမီးအရွယ် လက်နက်မပါ တောင်းဆိုခဲ့ကြတဲ့သူတွေကို ရက်ရက်စက်စက် သေနတ်နဲ့ပစ်သတ်ခဲ့ကြလို့ကျဆုံးသွားခဲ့တဲ့ သားတွေအတွက် ကြေကွဲငိုရှိုက်နေတဲ့ မိဘတွေရဲ့အမော၊ အသက်မသေ တဖက်နိုင်ငံတွေကိုလည်း ထွက်မပြေးနိုင်ပဲ သူတို့ရဲ့လက်ထဲအမိခံရပြီး နှိပ်စက်ညှဉ်းပမ်း ခံနေရရှာတဲ့ ထောင်ထဲကကလေးတွေရဲ့အမောနဲ့အတူ တာဝန်အသီးသီးမှရပ်စဲခြင်းခံရတဲ့ ဝန်ထမ်းတွေ ရဲ့အမော- စသည် စသည်တို့နှင့် တတိုင်းပြည်လုံး သောကပင်လယ်ဝေနေချိန်မှာပဲ နဝတက ပါတီများ ထူထောင်ခွင့်ပြုခဲ့ပါတယ်။
ဒီမိုကရေစီနိုင်ငံထူထောင်ခွင့်ပေးမယ်ဆိုတော့ နိုင်ငံရေးပါတီတွေထူထောင်ဖို့ လိုအပ်ခဲ့ပြီလေ။ ဒါကြောင့်လည်း တတိုင်းတပြည်လုံးက ပြည်သူလူထုကြီးရဲ့ဆန္ဒနဲ့အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီး ပေါ်ပေါက်ခဲ့ပါပြီ။ အဖွဲ့ချုပ်တည်ထောင်လိုက်တယ်ဆိုတာနဲ့ ဒုက္ခပင်လယ်ဝေနေရရှာတဲ့ ပြည်သူ ပြည်သားအားလုံးတို့ဟာ အဖွဲ့ချုပ်ကြီးနဲ့အတူ ရပ်တည်လက်တွဲခဲ့ကြတယ်လေ။ အဖွဲ့ချုပ်နဲ့ပြည်သူ၊ ပြည်သူနဲ့အဖွဲ့ချုပ် ခွဲခြားမရအောင် တသားတည်းဆိုသလိုပါပဲ။ ဒီမိုကရေစီတည်းဟူသော ပန်းတိုင်ကြီး ကို အာသာငမ်းငမ်းလိုချင်နေကြတာပါ။ ဒီမိုကရစီနိုင်ငံတော်ကြီးပေါ်ပေါက်လာမှသာ ခံစားနေရတဲ့ ဒုက္ခ အပေါင်းတို့မှ လွတ်မြောက်နိုင်မယ်ဆိုတာ အားလုံးသိနေကြပြီလေ။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီမို ကရေစီဝါဒသာလျှင် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်မယ်။ ဒါကြောင့် ဒီဝါဒပေါ်ထွန်းလာအောင် လုပ်ဆောင်ရမယ်လို့ပြောခဲ့တာပါ။ ဗိုလ်ချုပ်လိုချင်တဲ့ဒီမိုကရေစီဝါဒ ဖြစ်မြောက်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြီးမှ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူးနေရာက တာဝန်ယူလုပ်ဆောင်ပေးသလို မြန်မာနိုင်ငံကြီးလွတ်လပ်းရေးရရန် ကြိုးစားအားထုတ်သူများနဲ့ပါ တည် ထောင်ဖွဲ့စည်းထားတာပါ။ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် သူ့ကျွန်ဘဝက လွတ် မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို သမီးဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်များလက်က ဒီမိုကရေစီနိုင်ငံကြီး ထူထောင်ပေးတော့မယ်ပေါ့။ ဒေါ်စုက ဒီမိုကရေးစီနိုင်ငံကြီးဖြစ်ပေါ်ဖို့ရန် အင်အား ဟာ ဘယ်နိုင်ငံ ဘယ်သူ့ကိုမှ အားကိုးစရာမလိုပဲ ပြည်သူ့အင်အားသာလျှင် အရေးကြီးဆုံးဖြစ်ပြီး ပြည်သူပြည်သားအားလုံးညီညီညွတ်ညွတ်၊ သတ္တိရှိရှိ၊ ဇွဲရှိရှိနဲ့လုပ်ဆောင်သွားကြရင် လိုချင်လွန်းလှတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး မလွဲမသွေဖြစ်ပေါ်လာရမယ်ဆိုတာ ရှင်းလင်းပြတ်သားစွာ တိုက်တွန်းပြော ဆိုခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူလူထုကြီးဟာ အကြောက်တရားကြီးအောက်မှာ ရောက်ရှိနေကြလို့ နေရာ တကာ ကြောက်နေကြတဲ့ ရင်ထဲကအကြောက်ဆူးတွေကိုလည်း ဖယ်ရှားနိုင်ကြဖို့ အမြဲနှိုးဆော်ပေးခဲ့ ပြန်ပါတယ်။ ဒီမိုကရေစီိလိုချင်ရင် ဒီမိုကရေစီတာဝန်တွေကိုလည်းထမ်းဆောင်ကြရမယ်တဲ့လေ။ အစိုးရ တရပ်ဟာ ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတော့ပဲ ပြည်သူတွေအတွက် အန္တရာယ်ရှိလာပြီဆိုရင် ပြည်သူ တွေက ဖယ်ရှားဖို့တာဝန်ရှိသလို ပြည်သူတွေနှိပ်စက်တဲ့အစိုးရမျိုးကို မဖယ်ရှားပဲ လက်ခံထားရင် လက်ခံထားတဲ့ပြည်သူတွေမှာပါ တာဝန်ရှိတယ်တဲ့။ ဒီမိုကရေစီလိုချင်သူ ပြည်သူလူထုကြီးကို မိမိတို့ လုပ်ဆောင်ကြရမယ့် တာဝန်နဲ့ဝတ္တရားများကို သေသေချာချာနားလည်သဘောပေါက်အောင်ရှင်းလင်း လမ်းညွှန်မှုများပေးနေစဉ်မှာပဲ (၂ဝ၊ ၇၊ ၈၉)နေ့မှာ စစ်အာဏာပိုင်များက ဒေါ်စုကို အကျယ်ချုပ်နဲ့ ထားလိုက်ကြတယ်လေ။ လမင်းကြီးကို တိမ်ဖုံးသွားသလိုပါပဲ။
သြော်-ကြိုတင်ပြီးတော့ ကောက်ကျစ်ကြတော့မယ်ဆိုတာ သိနေသလိုပါပဲလား။ နေ့စဉ်လိုပဲ တနေ့မှအနားမယူနိုင်ပဲ အပြေးအလွှားနဲ့ ဒီမိုကရေစီလိုချင်နေရှာသူ ပြည်သူလူထုကြီးကို လိုက်နာကျင့် သုံးရမယ့်တာဝန်တွေ နားလည်ပါစေလို့ တဖွဖွသွန်သင်နေရင်းက အကျယ်ချုပ်ချထားခြင်းခံရပေမယ့် ဒေါ်စုရဲ့ပြောကြားသွန်သင်မှုတွေကို နားမှာစွဲ၊ ရင်မှာစွဲ မှတ်သားထားရင်း ခေါင်းဆောင်ညွှန်ကြားချက် တွေအတိုင်း ကျင့်ကြံလုပ်ကိုင်ကြရပါတော့မယ်။
(၁၉၊ ၇၊ ၈၉) ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းမခံရခင် တရက်အလိုမှာပေါ့ လူငယ် တွေနဲ့တွေ့ချိန်မှာ-“သားတို့ရေ ပြည်သူလူထုကြီးကို သွေးထွက်သံယိုမှုကင်းမဲ့စွာဖြင့် ဒီမိုကရေစီလမ်း ပေါ်ရောက်အောင် ခေါ်သွားပေးပါတဲ့။” သြော်- သွေးထွက်သံယိုမှုများစွာနဲ့ဒုက္ခပေါင်းစုံ ခံစားနေရတဲ့ ပြည်သူလူထုကြီး သွေးထွက်သံယိုမှုကင်းဝေးစေချင်တဲ့ သူ့ဆန္ဒ။ မိမိရင်နဲ့လွယ်မွေးထားရတဲ့ သားနှစ် ယောက်အရေးထက် မြန်မာပြည်သူလူထုအပေါင်းအတွက်ထားတဲ့ မိခင်ကြီးတဦးနဲ့တူတဲ့ သူ့မေတ္တာ။ ဒါ့ကြောင့်လည်း ပြည်သူပြည်သားအပေါင်းက အမြတ်တနိုးထားပြီးဒေါင်းတို့ရဲ့မိခင် ဆိုပြီး တင်စားခေါ် ဝေါ်ခဲ့ကြတာပေါ့။ ထိုက်တန်လှပါတယ် ဒေါင်းတို့ရဲ့ မိခင်- အို-မိခင်ရယ်-။
ဒီလိုမျိုးသူတို့ရဲ့မိတခုခုလုပ်ခံခဲ့ရရင် ဒေါသတွေဆူပွက်ပြီး စိတ်ထင်ရာတွေမလုပ်မိဖို့ ကြိုပြီးမှာ ခဲ့တဲ့ မိခင်ရဲ့စကား၊ သားတို့တတွေ နားထောင်ကြပါတယ်။ လက်သီးနာနာဆုပ်လို့ အံကိုတင်းတင်း ကြိတ်ရင်း၊ ဒီမိုကရေစီရအောင် ဆောင်ရွက်ပေးပါဆိုတဲ့ အမေ့မှာစကား ဖြစ်မြောက်စေရပါ့မယ်။ သား တို့ တာဝန်ကျေပါရစေအမေ။
ဒီနှစ်မှာ ပိတောက်ပန်းတွေပွင့်နေကြလိုက်တာ ဒီမိုကရေစီအရေးတာဝန်ကျေတဲ့ အမေ့ကို ဂုဏ်ပြုနေသလားတောင် အောက်မေ့ရပါတယ်။ ပိတောက်ပင်ကြီးကလည်း သားပျောက်ရှာနေသူတွေ နဲ့ နှိပ်စက်ညှဉ်းပမ်းခံနေကြရတဲ့ ထောင်ထဲမှသားသမီးတွေရဲ့ဘဝနဲ့ မိခင်ဖြစ်သူတေို့ရဲ့ ဘဝအမော၊ ပြည်သူလူထုကြီးရဲ့ အမော၊ ဒီအမောများစွာကို စာနာစွာနဲ့ပြေပျောက်ပါစေတော့ရယ်လို့ တတ်နိုင် သလောက် သူ့ခွန်အားများနဲ့ ပန်းတွေလှိုင်လှိုင်ပွင့်စေခဲ့တာပါ။ “ပိတောက်လှိုင်တဲ့နှစ်- ခမောက်နိုင် မယ့်ခေတ်” လို့တောင်တင်စားခဲ့ရပါတယ်။ ဒီမိုကရေစီအရေးမှာ ပိတောက်ပင်တွေကလည်း တတပ် တအား တာဝန်ကျေခဲ့ပါတယ်။ အဆင်းရော ရနံ့ပါ ပြည့်စုံတဲ့ ပိတောက်ပင်ကြီးအောက်ခိုနားနေမိရင်း (၁၉၉ဝ)ခုနှစ် မေလ(၂၇)ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးအကြောင်း ဆက်တွေးနေမိပြန်တယ်။
စစ်အာဏာပိုင်များက ရွေးကောက်ပွဲကြီးကျင်းပပေးမယ်တဲ့။ တရားမျှတတဲ့ရွေးကောက်ပွဲကြီး ဖြစ်စေရပါမယ်တဲ့။ ကမ္ဘာက ကြားကောင်းအောင် ကြေညာပြီး ကတိတွေ အလီလီပေးခဲ့ကြတယ်လေ။ အမေ ဒီရွေးကောက်ပွဲကြီးမပါရအောင် ဥပဒေတွေ စိတ်ထင်တိုင်းထုတ်ကြပြန်တယ်။ လူတယောက် အကျယ်ချုပ်ထားပြီးတာတောင် ကြောက်ရွံ့စိတ် ကြီးမားကြပုံများပြောပါတယ်။ ရွေးကောက်တဲ့အထဲ အမေ မပါရင် ဒီအဖွဲ့လူနည်းသွားမယ်ထင်နေသလားမှမသိတာ။ ပြည်သူတွေရဲ့ဆန္ဒကို ဘယ်သူ ဟန့်တား လို့ရမလဲ။ ပြည်သူတွေက သူတို့ရဲ့ဆန္ဒဟာ စစ်အာဏာပိုင်တွေကို မလိုလားဘူးဆိုတာ တတိုင်းပြည်လုံး ရွေးချယ်ခံကိုယ်စားလှယ်(၄၈၅)နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၄၄၇) နေရာမှာယှဉ်ပြိုင်ခဲ့တာ(၃၉၂)နေရာမှာအရွေးခံရခြင်းက သက်သေပြခဲ့တယ်လေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးကို ပြည်သူတွေက ယုံကြည်ကြတယ်လေ။ (၈၈၈၈)အရေးတော်ပုံကြီးနဲ့အတူပါဝင်ခဲ့ကြတဲ့ ရှေ့နေကြီးများ၊ ဆရာဝန်များ၊ ကျောင်းဆရာ/ဆရာမများ၊ စာပေပညာရှင်များ၊ အလုပ်သမား၊ လယ် သမား၊ ကျောင်းသူကျောင်းသားများနဲ့ အိမ်ရှင်မများအပြင် တိုင်းပြည်လွတ်လပ်ရေးရအောင် ဆောင် ရွက်ပေးခဲ့ကြသူ ဗိုလ်ချုပ်၊ ဗိုလ်မှူး- အစရှိသဖြင့် အလွှာအသီးသီးကလူတန်းစားပေါင်းစုံနဲ့ ဖွဲ့စည်းထား တာဆိုတော့ ပြည်သူလူထုကြီးကဝိုင်းပြီးမဲပေးကြတာပေါ့။ ပြည်နယ်အသီးသီးက တိုင်းရင်းသား ညီ အကို မောင်နှမတွေနဲ့လည်း ဖွဲ့စည်းထားတာဖြစ်လို့ တိုင်းရင်းသားညီအကိုမောင်နှမတွေကလည်း စု ပေါင်း ပါဝင်မဲပေးခဲ့ကြတယ်လေ။ ဒီလိုဝိုင်းပြီးမဲပေးခဲ့ကြတာကလည်း ပြည်သူလူထုကြီးကို မတော် မတရား ထင်တိုင်းပြုမူနေတဲ့ စစ်အာဏာရှင်များ၊ ပြည်သူလူထုကြီးကတော့ အငတ်ဘေးဆိုက် နေရပြီး၊ မိမိတို့ကတော့ ဆယ်သက်စားမကုန်နိုင်တဲ့ ငွေတွေပိုင် သိန်းပေါင်းထောင်ချီတန်တဲ့ ဟော်တယ်တွေ ပိုင်နေတဲ့ စစ်အာဏာရှင်များ၊ တိုင်းပြည်က ရသမျှ အကုန်ယူနေကြသူ စစ်အာဏာရှင်များကို ဖယ်ရှား ပြီး ဒီမိုကရေစီအစိုးရ၊ ပြည့်သူ့အစိုးရတရပ်အဖြစ် ဖြစ်ပေါ်လာဖို့ အဖွဲ့ချုပ်ကို ဝိုင်းပြီး မဲပေးလိုက်ကြ ခြင်းပါ။
ပန်းပိတောက်တွေကလည်း အားမာန်အပြည့်နှင့် လိင်ြလိင်ြကြီးပွင့်ခဲ့သလို ပြည်သူတွေက လည်း သူတို့ဆန္ဒကို အဖွဲ့ချုပ်ကိုဝိုင်းမဲပေးခြင်းနဲ့ တာဝန်ကိုယ်စီကျေခဲ့ပေမယ့် ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကို ပြန်ပါမယ်လို့ ကတိပေးခဲ့တဲ့ စစ်အာဏာပိုင်များက စစ်တန်းလျားမပြန်ပဲ တာဝန်ပျက် ကွက်ခဲ့သူတွေပါ။ (၁၉၄၇)ခုနှစ်ဥပဒေ၊ (၁၉၇၄)ခုနှစ် ဥပဒေ၊ ဘယ်ဥပဒေသုံးသုံး စစ်တပ်နဲ့မဆိုင်ဘူး။ ပြည်သူက ရွေးကောက်လို့ အနိုင်ရသူများရဲ့  တာဝန်သာဖြစ်ပါတယ်ဆိုပြီး နဝတရဲ့ တာဝန်အကြီးဆုံး ယူထားသူ အကြီးအကဲတယောက်ကတိုင်းပြည်ကို အတိအလင်းပြောခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူက ယုံကြည်လို့ အဖွဲ့ချုပ်ကြီးကိုတာဝန်ပေးခဲ့တာကို စစ်တပ်နဲ့ပတ်သက်တဲ့ တစညအဖွဲ့မနိုင်တော့မှ အခြေခံဥပဒေ ရေးဆွဲရဦးမတဲ့လေ။ အဖွဲ့ချုပ်က ရွေးချယ်ခံထားရသူ ကိုယ်စားလှယ်များအားလုံး စု ပေါင်းပြီး ဂန္ဓီညီလာခံကြီး ကျင်းပခဲ့ကြပါတယ်။ (၂၈၊ ၇၊ ၉ဝ)ရက်နဲ့ (၂၉၊ ၇၊ ၉ဝ)နှစ်ရက်တိတိ ကျင်းပ ခဲ့ကြတာပါ၊ ဂန္ဓီညီလာခံကြီးကနေ ပြည်သူတာဝန်ပေးချက်အရ စက်တင်္ဘာလနောက်ဆုံးထားပြီး လွှတ် တော်ခေါ်ပေးဖို့ တောင်းဆိုဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ညီလာခံမစတင်မီ (၂၇၊ ၇၊ ၉ဝ)ရက်နေ့မှာ စစ် အာဏာပိုင်များက (၁/၉ဝ)ဆိုတဲ့ အမိန့်ကြေညာချက် ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ထားတဲ့ (၁/၉ဝ)ကိုလည်း ပါတီအဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမယ်တဲ့။ (၁/၉ဝ)က ရွေးကောက်ပွဲ ရွေးချယ်ခံထားရသူ ကိုယ်စားလှယ်ဟာ အခြေခံဥပဒေရေးဆွဲဖို့ပါပဲတဲ့လေ။ ဒီ(၁/၉ဝ) လက်မှတ် မထိုးတဲ့ပါတီကို ဖျက်သိမ်းကြမယ်တဲ့လေ။ ဒီအချိန်မှာ ပြည်သူတွေ ဗလောင်ဆူအောင် လုပ်ခဲ့တာပါ။ မြို့နယ်တိုင်းမှ (၁/၉ဝ)လက်မှတ်မထိုးဖို့ ဝိုင်းတောင်းဆိုတာပေါ့။ ပြည်သူကို အမြဲတမ်း ရန်သူလို သဘောထားပြီး ပြဿနာမဖြစ်ဖြစ်အောင် တမင်ဉာဏ်များပြီးလုပ်ခဲ့ခြင်းပါပဲ။ သေနတ်နဲ့လည်းပစ်သေး၊ ဓါးနဲ့လည်း ခုတ်ဦးမယ်ပေါ့။ အတ္တနဲ့အမျက်ကြီးသူများရဲ့လက်မှာ ကျရောက်နေတဲ့ နိုင်ငံတော်ကြီးရဲ့ အဖြစ်က မခံမရပ်ဖြစ်စရာ အလွန်ကောင်းပါတယ်။ အဖွဲ့ချုပ်ကြီးမှာ တဖက်က အာဏာပိုင်များရဲ့ အကြပ်ကိုင်ခြင်းခံနေရသလို တဖက်ကလည်း ဒေါသအမျက်ကြီးစွာထွက်နေတဲ့ ပြည်သူလူထုကြီးနဲ့ ရင်ဆိုင်တွေ့ရပြီး ဘေးကြပ်နံကြပ် ဖြစ်နေရရှာတာပါ။
ဒီအချိန်မှာ ဥက္ကဋ္ဌဖြစ်နေတဲ့ ဦးအောင်ရွှေဟာ အဖွဲ့ချုပ်အဖွဲ့ဝင်များကို ပါတီတခုရှိဖို့ အရေး ကြီးကြောင်း၊ အဖွဲ့ချုပ်ကြီးဆက်လက်ရှိနေမှသာ ဒေါ်စုနဲ့တကွ နိုင်ငံရေးကြောင့် ထောင်ထဲရောက် နေသူများ သိက္ခာရှိစွာ နိုင်ငံရေးရပ်တည်နိုင်ကြမှာဖြစ်သလို အဖွဲ့ချုပ်အလံ ပြုတ်မကျဘဲ တည်ရှိနိုင်ရန် မလွှဲမရှောင်သာတာနဲ့ဘဲ (၁/၉ဝ)ကို လက်မှတ်ရေးထိုးခဲ့ရတာဖြစ်ကြောင်း နားလည်သဘောပေါက် အောင်ရှင်းပြခဲ့ပါတယ်။ လက်မှတ်ရေးထိုးတဲ့နေရာမှာတောင်ဥက္ကဋ္ဌ ဦးအောင်ရွှေက သူပိုင်ဘောပင်နဲ့ မထိုးပဲ အာဏာပိုင်များဘောပင်နဲ့ သာလက်မှတ်ရေးထိုးခဲ့တာပါ။ အာဏာပိုင်များရဲ့  ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ပေးနေပါတယ်ဆိုတဲ့စကားဟာ ကမ္ဘာကိုလှည့်ဖြားရုံသက်သက်ဆိုတာ ထင်ထင်ရှားရှားကြီး ပေါ်လို့နေပြီ ဖြစ်ပါတယ်။
ဒီမိုကရေစီလိုချင်သူ ပြည်သူတွေရဲ့ရင်ထဲကို ဝင်ကြည်လှည့်ကြစမ်းပါ။ စစ်အာဏာပိုင်ဆို တာကို မကြားချင်၊ မတွေ့ချင်ကြလွန်းလို့ ရွေးကောက်ပွဲကြီးမှာ မဲတွေကွဲသွားရင်ဖြင့် နောက်တခါ ဒီလို အခွင့်အရေးနဲ့ ကြုံချင်မှ ကြုံမှာဆိုတာ အားလုံးကသဘောပေါက်နားလည်ထားပြီးဖြစ်တာမို့လို့ တခြား သော ဒီမိုကရေစီဆောင်ရွက်နေကြတဲ့ပါတီတွေကို မဲမထည့်ခဲ့ကြပဲ၊ လူကိုလည်း ချုပ်ထားသေး၊ ပြည်သူ ပိုင်သတင်းစာတွေကို စစ်တပ်ပိုင်သတင်းစာလုပ်ပြီး၊ သတင်းစာထဲကနေ မတော်မတရား ပေါက်လွတ် ပဲစား ပြောချင်တိုင်းပြောခံနေရရှာသူ၊ တိုင်းပြည်ကို စစ်အာဏာရှင်များလက်မှ ဒီမိုကရေစီ နိုင်ငံတော် ကြီးဖြစ်အောင် လုပ်ပေးနိုင်မဲ့သူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးကို ဝိုင်းပြီးတနိုင်ငံလုံးက တညီတညွတ်တည်းမဲပေးလိုက်ကြခြင်းနဲ့ မိမိတို့ရင်တွင်းက ဆန္ဒတို့ ပြသခဲ့ကြတယ်လေ။ ဒီလိုနိုင်ငံရေးသဘောတရာကို အသံတိတ်နေပေမယ့် နောကျေနေ သူများဖြစ်ကြ တာမို (၁/၉ဝ)ကို လက်မှတ်ထိုးခြင်း/မထိုးခြင်းအပေါ် အဖွဲ့ချုပ်ဥက္ကဋ္ဌကြီးရဲ့ ရှင်းလင်းချက်တွေကို နားလည်သဘောပေါက်ကြပြီး မလွှဲမရှောင်သာလို့ လက်မှတ်ထိုးခဲ့ရခြင်းအပေါ် ဝမ်းနည်းစွာနဲ့ပဲ လက္ခံ ခဲ့ကြပါတယ်။
(၁/၉ဝ)ဆိုတာကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂန္ဓီညီလာခံကျင်းပပြီး ပြည်သူက ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူတို့အတွက် ထမ်းဆောင်ရ မယ့်တာဝန်များကို ပြည်သူ့လွှတ်တော်မှနေ၍ ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အာဏာပိုင်များက စက်တင်္ဘာလနောက်ဆုံးထား၍ လွှတ်တော်ခေါ်ယူမပေးပါက မိမိတို့ဖာသာ လွှတ်တော်ခေါ်ယူရန် ဆုံး ဖြတ်ချက်ကို တားဆီးရန်အတွက် အချိန်မီ ဖောက်ခွဲရန်အတွက်သာဖြစ်သည်။
(၁/၉ဝ)လက်မှတ်ထိုးလိုက်ရတဲ့အတွက် အဖွဲ့ချုပ်ကြီးမှာ လိငြ်းဂယက် ထ,ပြီးလို့ အေးဆေး မယ် မရှိသေးဘူး၊ အဖွဲ့ချုပ်ကြီးအတွင်း နောက်ဗုံးတလုံး ထပ်ခွဲချလိုက်ပြန်ပါတယ်။ ထပ်ဖောက်ခွဲလိုက် တဲ့ဗုံးက တော်တော်ပြင်းထန်တယ်။ အဖွဲ့ချုပ်ကြီးခမျာ တစစီကွဲကြေမွသွားမလား အောက်မေ့ရတယ်။ အဖွဲ့ချုပ်ကြီး ပြိုပျက်ရန် တမင်ရည်ရွယ်ပြီးပြုလုပ်ခဲ့တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြီးကို ဖြိုခွဲခြင်းဟာ ဒီမိုကရေစီကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့အတူ ပေါ် ပေါက်လာခဲ့တာဖြစ်သလို လွယ်ကူစွာနဲ့ဖွဲ့စည်းပေါ်ပေါက်ခဲ့ရခြင်းတော့ မဟုတ်ပြန်ပါဘူး။
ကျောင်းသား/ကျောင်းသူ ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့သွေးတွေနဲ့အတူ မိခင်ပေါင်း မြောက်များစွာတို့ရဲ့ငိုရှိုက်သံ၊ နှလုံးသည်းပွတ်ထဲမှစီးကျလာသော မျက်ရည်တွေနဲ့တည်ဆောက်ထား တဲ့ ဒီမိုကရေစီတည်းဟူသော ပန်းတိုင်ကြီးကိုရရှိရန် ဖွဲ့စည်းတည်ထောင်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးဖြစ်ပါတယ်။ ရင်းနှီးမှုများစွာပေးဆပ်ပြီးမှ ဖြစ်ပေါ်လာရခြင်းဖြစ်၍ ပြည်သူတွေက ပြိုကွဲသွား မှာကို မလိုလားကြခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်များ တက်လာပြီးကတည်းက ကျခဲ့ရတဲ့သွေးသံရဲရဲ နဲ့စစ်ဖိနပ်အောက် ပြားပြားမှောက်ခဲ့ရတဲ့ ပြည်သူတွေဟာ ပြည်သူ့အကျိုးကို တကယ်ဆောင်ရွက်ပေး နိုင်မယ့် ပြည်သူ့အစိုးရ၊ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရန် ဘာမဆိုရင်ဆိုင်ရဲနေပြီဖြစ်သလို ဖြိုခွဲကြံ စည်မှုတွေကိုလည်း နားလည်သဘောပေါက်နေကြပြီဖြစ်ပါတယ်။
ခွပ်ဒေါင်းတို့ရဲ့မိခင်ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်ကြီးကနေ ထုတ်ပေးရမယ်တဲ့။ တောတွင်းက လူငယ်တွေနဲ့ ဆက်သွယ်လို့တဲ့။ ဥပဒေနဲ့ငြိစွန်းပြန်သတဲ့။ အဖွဲ့ချုပ်ကြီးအတွင်းက ပြစ်မှုကျူးလွန်သူများကို ထုတ်မ ပေးရင် အဖွဲ့ချုပ်ကိုလည်း အရေးယူမယ်ဆိုဘဲ။ ရှင်းရှင်းကလေးပါ။ ဥပဒေကျူးလွန်လို့ အပြစ်ရှိတယ်ဆို ရင် ပုဒ်မတပ်ပြီး အပြစ်ရှိသူကို အပြစ်ပေးရင် ဖြစ်တာကို အကြောင်းရှာပြီး အဖွဲ့ချုပ်ဖျက်ပစ်မယ်ချည်း ပြောနေကြပြန်တယ်။ အဖွဲ့ချုပ်ပျက်ရင် ဒီမိုကရေစီရေးလည်း ပျက်မယ်ပေါ့။ ဇကောလောက်မှ ဇောက် မနက်၊ အကြံပက်စက်လှချည်လား စစ်အာဏာပိုင်တို့ရေ။ အဖွဲ့ချုပ်ကြီးနဲ့ အမေ့ကို ကြိုက်တာရွေးခိုင်း ကြပြန်ပြီ။ မိခင်ကို စွန့်ခိုင်းနေကြပြီလေ။ အမေ့ကိုမထုတ်ဘူးဆိုရင် “အဖွဲ့ချုပ်ကြီးကို ဖျက်ပစ်ကြမလို့ တဲ့ အမေရေ-”
အမေနဲ့အတူ ထောင်ထဲရောက်နေကြသူတွေအတွက်ရော ပြည်သူတွေအတွက် အဖွဲ့ချုပ်ကြီး ရှိမှ ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်လို့ ထုတ်ပေးပါဆိုတော့ ရင်နာနာနဲ့ ထုတ်ပေးခဲ့ရပြန်ပြီ။ ထုတ်ပါ ဆိုတော့လည်း ထုတ်တယ်ပေါ့။ ဒီလိုထုတ်ပေးလိုက်ရလို့ ပြီးသွားရောတဲ့လား။ အဖွဲ့ချုပ်ကြီးနဲ့အမေ့ကို လဲခိုင်းနေကြပြန်ပြီ။ ဒီဗုံးက အားတအားပြင်းတယ်။ ပြည်နယ်/တိုင်းနဲ့ မြို့နယ်ဆိုင်းမှာ ဆူညံပွက်လော ရိုက်ကုန်ကြပြန်တယ်။ မရန်းကုန်းမြို့နယ်ရုံးခန်းထဲမှာ “လူကို ခွေးကိုက်သည်”လို့ မခံမရပ်နိုင်သူက မှန်ကွဲတချပ်ပေါ် စာရေးတယ်။ လူမြင်ကွင်းမှာရေးထားတာမဟုတ်ပါဘဲနဲ့ ရုံးခန်းထဲဝင်ရှာပြီး မှန်ကွဲကို သိမ်းယူသွားတယ်။ အဲဒီအချိန်မှာ ရုံးကိစ္စတခုနဲ့လာရောက်သူကို ဖမ်းပြီး ထောင်(၅)နှစ် အပြစ်ပေးခဲ့ တယ်။ ရင်ထဲခံစားရလို့ရေးတာ၊ ရေးသူကို မိအောင်မရှာဘဲ ကြုံရာလူကို တရားခံလုပ်ပြီး အပြစ်ပေး သွားတယ်။ လွယ်လွယ်လေးဘဲ၊ လက်ညှိုးထိုးခံရသူတော့ ခံပေရော့ဘဲ။ အပြစ်ပေးခံရသူက ဘုမသိ ဘမသိ ခံလိုက်ရရှာတယ်။ နောက်ဆုံးတော့ ဒီမိုကရေစီရရှိရန်သာ အဓိကဖြစ်တာမို့ အမေ့ကိုလည်း စွန့်ခဲ့ရပြီလေ။

အမျိုးသားညီလာခံ
(၁၉၉၃)ဇန္နဝါရီလမှာ အမျိုးသားညီလာခံ ပေါ်ခဲ့တယ်။ အခြေခံဥပဒေရေးဆွဲရန်တဲ့။ (၁/၉ဝ) လက်မှတ်မထိုးရင်ဘဲ အဖွဲ့ချုပ်ကိုဖျက်ကြမယ့်သူများက (၁/၉ဝ)လက်မှတ်ထိုးပြန်တော့လည်း (၁/၉ဝ) မှာပါတဲ့စည်းကမ်းအတိုင်း မဆောင်ရွက်ပေးပြန်ဘူး။ (၁/၉ဝ)အပိုဒ်(၁၂)မှာ လွှတ်တော်ဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်မိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်ဟု အတိအလင်းဖော်ပြထား ခြင်းဖြစ်ပါတယ်။ နဝတက ပြည်သူ့လွှတ်တော်ခေါ်ယူပေးမယ့်အစား အခြေခံဥပဒေရေးဆွဲရန်သာ ဆိုပြီး အခြေခံမူများချမှတ်ရန် ညီလာခံခေါ်ယူခြင်းပါတဲ့။ ညီလာခံကိုလည်း ရွေးခြယ်ခံထားရသူ ပြည်သူ့ကိုယ် စားလှယ်များက အဖွဲ့ချုပ်အပါအဝင် နေရာ(၁ဝဝ)ကျော်သာရရှိပြီး သူတို့စိတ်ကြိုက်ရွေးထားသူများက (၇ဝဝ)ကျော်၊ စုစုပေါင်း(၈ဝဝ)နီးပါးပေါ့။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၂)၊ ပုဒ်မ(၃) တွင်-“လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ် တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရမည်”ဟု ပါရှိခဲ့ပေမယ့် သူတို့ရေးဆွဲထားတဲ့ဥပဒေကို သူတို့ကိုယ် တိုင် မလိုက်နာကြဘဲ လျစ်လျူရှုခဲ့ကြတယ်လေ။ ဒီညီလာခံဆိုတာကလည်း သူတို့စိတ်ကြိုက်လုပ်မယ် ဆိုတာ အစကတည်းက ပေါ်လွင်လှပါတယ်။ ပြည်သူတွေက သူတို့အတွက် ဆောင်ရွက်ပေးပါဆိုပြီး ပြည်သူ့ကိုယ်စားလှယ်တွေ ရွေးပေးထားပါရက်နဲ့ ခုတော့ ညီလာခံမှာ ပြည်သူရွေးပေးထားသူတွေက (၁ဝဝ)ကျော်သာပါဝင်ပြီး၊ သူတို့စိတ်ကြိုက်ခိုင်းလို့ရမယ့်သူတွေက(၇ဝဝ)ကျော်ဆိုတော့ ဘယ်သူ ညစ် ပတ်သူဆိုတာ သိပြီးသားဖြစ်ပါတယ်။ ဘယ်လောက်ညစ်ပတ်မလဲဆိုတာ ဒီညီလာခံကို တက်ကြည့်မှ သိရမှာမို့နဲ့ အဖွဲ့ချုပ်ကြီးရဲ့ရည်ရွယ်ချက်တွေကိုလည်း ပြည်သူများသိသာရန် ချပြနိုင်ဖို့ဆိုပြီး တက် ရောက်ခဲ့ကြပါတယ်။ စစ်အာဏာပိုင်များကလည်း သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် လိုက်နာ ရမယ့်မူများ ချမှတ်ခဲ့ပြန်တယ်။ ပြည်သူက သူတို့ကိုလက်မခံမှန်းသိလို့ ရွေးကောက်ပွဲမှာ ဝင်တော့ အရွေးမခံရဲကြဘဲ ပြည်သူကအာဏာအပ်နှင်းခြင်းမခံရဘဲနဲ့ စစ်တပ်ကို လေးပုံတပုံ နေရာပေးရမယ်တဲ့။ ဒီမိုကရေစီဖော်ဆောင်ပေးပါ့မယ်လို့ ကြွေးကြော်နေသူများရေ-- ပြည်သူအုပ်ချုပ်တဲ့စနစ်ဟာ ဒီမိုက ရေစီပေါ့။ ဒါကိုဘဲ လက်နက်အားကိုးပြီး လေးပုံတပုံ စစ်တပ်ကပါရမယ်ဆိုတော့ မဟုတ်ဘူးနော်။ ဒါပေမယ့် ရပါတယ်။ ဒီကိစ္စက ဒီမိုကရေစီအစိုးရတရပ်ပေါ်လာရင် သူ့အလိုလိုရှင်းသွားမယ့်ကိစ္စပါ။
အဖွဲ့ချုပ်ကြီးအနေနဲ့က ဒီညီလာခံကြီးကနေ ပြည်သူ့အကျိုးဆောင်ရွက်နိုင်သမျှ ဆောင်ရွက် ပေးဖို့အတွက် တက်လာခဲ့ကြတာဖြစ်ပြီး၊ နောက်ဆုံးမှာ အဖွဲ့ချုပ်ကိုယ်စားလှယ်များက ညီလာခံ လုပ်ထုံးလုပ်နည်းများနဲ့ပတ်သက်ပြီးအကြံပြုဆွေးနွေးချက်များကိုညီလာခံကျင်းပရေးလုပ်ငန်းကော်မရှင် ဥက္ကဋ္ဌထံ တင်ပြခဲ့ကြပေမယ့် လျစ်လျူရှုထားခြင်း၊ အခန်းကဏ္ဍများ ပြည့်စုံစွာမဆွေးနွေးရသေးပါပဲလျက် ညီလာခံမှ အသေးစိတ်အခြေခံမူ(၁ဝ၄)ချက်ဆိုပြီး သတ်မှတ်လိုက်ခြင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ခေါင်းစဉ်များနဲ့ညီလာခံတက်ရောက်နေကြတဲ့ကိုယ်စားလှယ်များက ထောက်ခံခြင်း၊ ဆွေးနွေးခြင်းလုပ်ပြီး အတည်ပြုခဲ့ကြပြန်တာကြောင့် အဖွဲ့ချုပ်ကိုယ်စားလှယ်တို့က (၂၈၊ ၁၁၊ ၉၅)နေ့ မှာ မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတရပ်ဖြစ်မြောက်အောင်မြင်သည်အထိ စောင့်ဆိုင်းမယ်လို့ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌထံ စာရေးတင်ပြထားပြီး စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ပြည်သူလူထုကြီးရဲ့အကျိုးကို ဆောင်ရွက်လို့ရမလားလို့ဆိုပြီး ညီလာခံကိုတက်ခဲ့ကြတာဖြစ်ပေမယ့် ထင်မြင်ယူဆချက်အတိုင်း ဖြစ်မ လာတာမို့ မျက်နှာချင်းဆိုင်ဆွေးနွေးရန်တင်ပြပြီး စောင့်ဆိုင်းနေခဲ့ကြခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှထွက်ခဲ့ကြရန်ခေါ်လို့ ထွက်သွားကြတယ်လို့ သူတို့မို့ပြောရက်လေခြင်း အာဏာပိုင်တို့ရယ်။ ဒီမိုကရေစီလိုချင်လွန်းလို့ အဖွဲ့ချုပ်မှ ဒေါ်စုကိုတောင် ထုတ်ပေးခဲ့ပြီးဖြစ်တာကို ဒေါ်စုက ညီလာခံ မတက်ပါနဲ့ဆိုလို့ ထွက်သွားကြတယ်ဆိုတာဟာ ပြည်သူကို စော်ကားခြင်းသာဖြစ်ပါတယ်။
ဒီမိုကရေစီရေစီးကြောင်းကြီးကို ဘယ်လိုအရာကမှ မတွန်းလှန်နိုင်ဘူးဆိုတာ အာဏာပိုင် တို့သဘောပေါက် သင့်ကြပြီဖြစ်ပါတယ်။ ညီလာခံကိုလည်း ကန့်သတ်မပေးထားဘူး၊ စိတ်တိုင်းကျ အချိန်ယူပြီးရေးဆွဲ နိုင်ပါသတဲ့လေ။ နှစ်(၁ဝဝ)လောက်များ ကြာအောင်ရေးဆွဲဘို့ စီစဉ်ထားကြလေ သလားမှမသိတာ။ သူတို့ကတော့ ကြာလေကောင်းလေပဲပေါ့။
ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင်နိုင်ငံရေးအင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးကြဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်များချမှတ်ပြီး နဝတကို တိုက်တွန်းခဲ့ကြတာကိုလည်း အာဏာပိုင်တွေက မသိကျိုးကျွံ ပြုခဲ့ကြပြန်ပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ပြီး အဆမတန်ကြွယ်ဝချမ်းသာနေသူ၊ လူမျိုးရေးအတွက် မဟုတ်ပါဘဲ၊ ကမ္ဘာကြီးနဲ့တကွ မြန်မာနိုင်ငံကြီးမှ အညွန့်အဖူးလူငယ်များကို အညွန့်တုံး ဖျက်ဆီးနေသူ လက်နက်ကိုင်များနဲ့တော့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ လက်နက်မပါ ဒီမိုကရေစီအရေး ဆောင်ရွက်နေ ကြသူ၊ ပြည်သူ့ကိုယ်စားပြုပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အင်အားစုတွေနဲ့ကျမှ မတွေ့ဆုံနိုင်သူ၊ ယနေ့စစ်အာဏာပိုင်များရဲ့သဘောထားများကို ပြည်သူ လူထုကြီးနဲ့ ကမ္ဘာ့နိုင်ငံများက နားမလည်နိုင်အောင် ဖြစ်နေကြရပါတယ်။
ကမ္ဘာကိုတော့ တွေ့ဆုံဆွေးနွေးတော့မယောင် အသံကောင်းဟစ်ပြပြီး၊ အဖွဲ့ချုပ်ကြီးကိုတော့ ဘယ်သူဘယ်ဝါနဲ့မှ ဆွေးနွေးနိုင်မယ်ဆိုပြီး လုပ်လာကြပြန်တယ်။ အဖွဲ့ချုပ်ကြီးက ဆွေးနွေးတဲ့နေရာမှာ ဘာတွေပါဝင်ရမယ်ဆိုပြီး ဘာစည်းကမ်းမှ ကြိုတင်သတ်မှတ်ချက်များမထားရှိပါဘူး။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ထိန်းသိမ်းထားပါမယ်ဆိုပြီး လက်ကမ်းကြိုဆိုခဲ့တာပါ။ အဖွဲ့ချုပ်ကြီး အနေနဲ့က ပြည်သူလူထုကြီးအနေနဲ့ ၄င်းတို့ ယုံကြည်စိတ်ချ၊ လေးစားရသူ ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေချင်ကြတာပါ။ ဒေါ်စုသည် မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီရရှိအောင် ဆောင်ရွက်ပေးနိုင်မယ် ဆိုတာ ခိုင်ခိုင်မာမာ ယုံကြည်ကြလို့ ဆွေးနွေးရာမှာ ပါဝင်စေဖို့ကို အဖွဲ့အတွင်းဆုံးဖြတ်ကြရမှာပါ။ ဘယ်သူဘယ်သူတွေနဲ့မှ ဆွေးနွေးဖို့ဆိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးသည် နအဖလက် အောက်ခံအဖွဲ့အစည်းမဟုတ်တာကြောင့် အာဏာပိုင်တွေမှာ ပြောပိုင်ခွင့်မရှိပါဘူး။ ဒေါ်စုနှင့် ပြည်သူ တစိတ်တဝမ်းတည်းဖြစ်ပြီး ဒီမိုကရေစီရေးလက်တွဲဆောင်ရွက်နေမှုကို ဟန့်တားစေချင်တဲ့သဘောနဲ့ ဒေါ်စုကို လက်မခံခဲ့ကြဘူး။ ဒါဟာ မူအားဖြင့် လက်မခံနိုင်စရာမဟုတ်လို့ ပြည်သူက လက်မခံခဲ့လို့အဖွဲ့ချုပ်ကလည်း လက်မခံခဲ့ကြဘူးလေ။ ဒါကို အာဏာပိုင်တွေက အခွင့်အရေးယူပြီး သူတို့ကဆွေးနွေးဖို့ လက်ကမ်းခဲ့ကြသော်လည်း၊ အဖွဲ့ချုပ်က ငြင်းဆန်နေသူများအသွင် ကမ္ဘာကို တင်ပြခဲ့ပါတယ်။ ကမ္ဘာ့ နိုင်ငံအသီးသီးတို့ကလည်း နအဖရဲ့ ခြေလှမ်းတွေကို လိမ်ပါများလို့သိ ပြီးသားပါ။ မယုံ၊ မယုံ၊ မယုံရေးချ မယုံပါပဲ။
ဒီလိုနဲ့ (၁၉၉၇)ခုနှစ် မေလ (၂၇)ရက်နေ့မှာ ခုနှစ်နှစ်မြောက် ရွေးကောက်ပွဲအောင်ပွဲညီလာခံ ကျင်းပချိန် ရောက်လာခဲ့ပြန်ပါတယ်။ အဖွဲ့ချုပ်ကြီးအနေနဲ့ ညီလာခံကြီးအတွက် ကြိုတင်ပြင်ဆင်မှုများ နဲ့ မအားမလပ်အောင် ရှိနေချိန်မှာ အာဏာပိုင်များကလည်း ပြည်နယ်နှင့်တိုင်းအသီးသီးတို့မှ ကိုယ် စားလှယ်များ ညီလာခံကြီးသို့တက်ရောက်ခြင်းမပြုနိုင်ရန်ဆိုပြီး ကိုယ်စားလှယ်များကို ကြိုတင် ထိန်း သိမ်းခဲ့ကြပြန်ပါတယ်။ ပါတီအတွင်းလုပ်ငန်းမှန်သမျှမဆောင် ရွက်နိုင်ရန် ဖျက်ဆီးနေကြခြင်းပဲ ဖြစ်ပါ တယ်။ အဖွဲ့ချုပ်ကြီးကလည်း မိမိအစီအစဉ်အတိုင်း ပြည်သူလူထုကြီးရဲ့အားပေးကူညီမှုနဲ့ ကိုယ်စား လှယ်အများစု မပါဝင်နိုင်သော်လည်း (၇)နှစ်မြောက်ညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ အဖမ်းခံနေရတဲ့ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို အာဏာပိုင်တွေက ညီလာခံကြီးကျင်းပ အပြီးမှာ အကုန်ပြန်မလွှတ်ပေးပဲ အကြောင်းအမျိုးမျိုးနဲ့အကြပ်ကိုင်ပြီး နှုတ်ထွက်စေခဲ့ပါတယ်။ ဝန်ထမ်း သား သမီးများနဲ့ အိမ်တွင်မှီခိုနေရသူ မိအိုဖအိုကိုယ်စားလှယ်ကြီးများ အဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ်မှ မနှုတ်ထွက်ပါက ဝန်ထမ်းအိမ်ယာ ပြန်သိမ်းခံရမယ်လို့လည်းကောင်း၊ ကိုယ်ပိုင်စီးပွားရေးဖြင့် အသက် မွေးဝမ်းကျောင်းပြုနေသူ ကိုယ်စားလှယ်များနှင့် မိသားစုကိုလည်း စီးပွားရေးမပြုလုပ်နိုင်ရန် ဟန့်တား နှောက်ယှက်ခြင်းများနဲ့ ချော့၍တမျိုး၊ ခြောက်၍တဖုံ နည်းအမျိုးမျိုးသုံး၍ နှုတ်ထွက်စေခဲ့ပါတယ်။ ယခု လို လွှတ်တော်ကိုယ်စားလှယ်များ နှုတ်ထွက်နေကြခြင်းမှာ တရားမဝင်ပါ။ လွှတ်တော် ပေါ်ပေါက်လာ ပြီးမှသာ လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ထွက်နိုင်ပါ ဖြစ်ပါတယ်။
(၁၉၉၈)ခုနှစ် (၈)နှစ်မြောက် ရွေးကောက်ပွဲညီလာခံ ကျင်းပချိန်နီးလာပြီဖြစ်တဲ့အတွက် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ စည်းရုံးရေးအဖွဲ့ဝင်များကို အဖွဲ့ချုပ်ကြီးမှ ကျင်းပလျက်ရှိ တဲ့အခမ်းအနားသို့မတက်ရောက်နိုင်ရန် တားဆီးလိုက်ကြပြန်ပါတယ်။ နောက်တွင်မှ တက်ရောက်နိုင် ကြပါတယ်။ ၄င်းညီလာခံမှာ လွှတ်တော်ခေါ်ယူရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ညီလာခံ ကြီးမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား လွှတ်တော်ခေါ်ယူရေးနှင့်ပတ်သက်၍ သတ်မှတ်လုပ်ပိုင်ခွင့် အာဏာကိုလည်း အပ်နှင်းခဲ့ကြပါသေးတယ်။ လွှတ်တော်ခေါ်ယူရေးဆုံးဖြတ်ချက် အကောင်အထည် မဖော်နိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်များအား ခရီးသွားလာခွင့်မပြုပါဟူသော ခြေချုပ်ခံဝန်ချက် များလိုက်လံထိုးခိုင်းခြင်းဖြင့် ဒုက္ခအမျိုးမျိုးပေးနေကြပြန်ပါတယ်။ မထိုးကြသူများကို ဖမ်းဆီးခဲ့ကြပါ တယ်။ ယ္ခုကဲ့သို့အဖွဲ့ချုပ်ကိုယ်စားလှယ်များအပေါ် ရန်သူကြီးများသဖွယ် မတရားပြုမူနေခြင်းမှာ ဒီမိုကရေစီရရှိရေးကို အစွမ်းကုန်ဖျက်ဆီးနေကြခြင်းသာဖြစ်ပါတယ်။ ဂုဏ်သရေရှိ အဖွဲ့ချုပ်ကိုယ်စား လှယ်ကြီးများ ဆိုးသွမ်းရမ်းကားကာ မကောင်းသောအသက်မွေးဝမ်းကျောင်းပြုနေသူများအတွက် ထားသည့် ပုဒ်မဖြင့် အရေးယူခံနေရခြင်းမှာ မတော်မတရားပြုနေခြင်းသာဖြစ်ပါတယ်။
မတရား ဖမ်းဆီး ချုပ်နှောင်ခြင်းခံနေရတဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်များကို အားပေးနိုင်ရန် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ရာဒေသခံ ဗဟိုအလုပ်မှုဆောင်တို့ ဧရာဝတီတိုင်းသို့ခရီးထွက်ခဲ့ရာ အာဏာပိုင်များက ခရီးဆက်မသွားနိုင်ရန် တားဆီးမှုများ ပြုခဲ့ကြပါ တယ်။ အများပြည်သူ လွယ်ကူစွာသွားလာနိုင်သောလမ်းပေါ်တွင် အထွေထွေအတွင်းရေးမှူးဒေါ်အောင် ဆန်းစုကြည်တို့စီးနင်းလာသောကားကိုမှ ရှေ့ဆက်မသွားနိုင်ရန် လမ်းခုလတ်မှနေ၍ တားထားကြပြီး ကားကိုလည်း အတင်းမ,ပြီး ရန်ကုန်ဖက်သို့အတင်းအဓမ္မပြန်လှည့်ခဲ့တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။
အထွေထွေအတွင်းရေးမှူးဖြစ်သူက ပြည်သူလူထုကြီးအတွက် အသက်နဲ့ရင်းပြီး အမှန်တရား ပေါ်ပေါက်ရေး၊ ဒီမိုကရေစီအရေးတို့အတွက် တိုက်ပွဲဝင်နေစဉ်အချိန်တွင် အဖွဲ့ချုပ်ကြီးရဲ့ ကျန်ဗဟို အလုပ်အမှုဆောင်အဖွဲ့ကလည်း ပြည်သူကတာဝန်ပေးရွေးချယ်ချက်အရ ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်ရန် အပူတပြင်းဆောင်ရွက်ခဲ့ကြပါတယ်။ (၁၉၉၈)ညီလာခံမှချမှတ်ခဲ့တဲ့ လွှတ်တော်ခေါ်ယူမည် ဟူသော အစီအစဉ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် သြဂုတ်လ(၂၁)ရက်နေ့ မတိုင်ခင် လွှတ်တော်ခေါ်ပေးရန် အာဏာပိုင်တို့အား တောင်းဆိုခဲ့ကြပါတယ်။ အဖွဲ့ချုပ်အဖွဲ့ဝင်အားလုံးက တညီ တညွတ်တည်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှ အမြန်ပြန်လာပါရန်လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီမိုကရေစီကိုတန်ဖိုးထားသူ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူအများနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်အားလုံး ၏ဆန္ဒနှင့်အညီ ဒီမိုကရေစီကို လေးစားသောအားဖြင့် နေအိမ်သို့ပြန်လာခဲ့ပါတော့တယ်။
အဖွဲ့ချုပ်ကြီးသည် လွှတ်တော်ခေါ်ယူရေး ဆောင်ရွက်နေချိန်မှာပင် တွေ့ဆုံဆွေးနွေးရေးကို လည်း ဆက်လက်လမ်းဖွင့်ထားဆဲပါ။ အာဏာပိုင်များကတော့ လွှတ်တော်ခေါ်ယူပေးရန်ပျက်ကွက်ခဲ့ သလို တွေ့ဆုံဆွေးနွေးမှုကိုလည်း တစိုက်မတ်မတ်ငြင်းဆန်နေခဲ့ပြီး (၁၉၉၈) စက်တင်္ဘာလ(၆)ရက်နေ့ မှာတော့ ပြည်နယ်/တိုင်း၊ မြို့နယ်အသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များကို ထောင်နဲ့ချီပြီး ထိန်းသိမ်းခဲ့ကြပါ တယ်။ အဖွဲ့ချုပ်အဖွဲ့ဝင်များကို ‘ရဲမွန်’စစ်တန်းလျားများတွင် ထားရှိပြီး တချို့ကို အင်းစိန်ထောင်တွင်း ဖမ်းဆီးထားကြပြန်ပါတယ်။ အဖွဲ့ချုပ်အဖွဲ့ဝင်များအနက် အမျိုးသားများမှာ မိမိတို့အိမ်ထောင်စု အတွက် ဝင်ငွေရှာပေးနေကြသူများဖြစ်၍ အိမ်တွင် ကျန်ခဲ့သူမိသားစုများရဲ့စားဝတ်နေရေးကို အခက် တွေ့စေပါတယ်။ ထိန်းသိမ်းခံရသူအမျိုးသမီးများမှာ မိမိတို့အိမ်မှုကိစ္စတာဝန်များ လုပ်ပေးမည့်သူ မရှိကြ၍ အခက်အခဲမျိုးစုံနဲ့ကြုံတွေ့ရပါတယ်။ လပေါင်းများစွာကြာမြင့်အောင် ထိန်းသိမ်းထားကြရာ ဒဏ်မခံနိုင်သူများ၊ အခက်အခဲကြုံတွေ့နေရသူများ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်စေခြင်းကို တမင် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ မိအိုဖအိုတို့ကို အဖော်မရှိ၊ ပြုစုမယ့်သူမရှိဘဲ ထားခဲ့ရသူများမှာ စိတ်ဝေဒနာခံစားကြရပြီး မိမိအသက်ကိုပင် ရန်ရှာမိသည်အထိ ဖြစ်လာရပါတယ်။ အင်းစိန်ထောင် တွင်းဖမ်းဆီးခံထားရသူများကိုလည်း အိမ်နဲ့အဆက်အသွယ်မပေးဘဲ မဝရေစာစားစေပြီး နှုတ်ထွက် စာများတင်ကြရန် ဖန်တီးခဲ့ကြပါတယ်။ အစားအသောက် ဝလင်အောင်မစားကြရ၍ အာဟာရများ ချို့တဲ့ကုန်ကြရပြီး ကျန်းမာရေးလည်းချို့တဲ့၊ နှုတ်ထွက်စာလည်း မတင်လိုတာကြောင့် မိမိအသက်ကို တန်ဖိုးမထားနိုင်တော့ပဲ သတ်သေသူပင်ရှိခဲ့ပါတယ်။ အခက်အခဲမျိုးစုံ မခံစားနိုင်ကြသူများ နှုတ်ထွက် စာတင်ကြပြီး အဖွဲ့ချုပ်ကြီး အင်အားချိနဲ့သွားရန် ရည်ရွယ်ချက်ကြီးစွာဖြင့် ဆောင်ရွက်ခဲ့ကြလို့ စစ်တပ်ဆိုလျှင်ဖြင့် အစိမ်းရောင်ကိုတောင် နာကျည်းသည်အထိဖြစ်ခဲ့ရသည်မှာ ပြည်သူကို အကြောင်း အမျိုးမျိုးဖြင့် နှိပ်စက်ချင်တိုင်းနှိပ်စက်ခဲ့ကြတဲ့ စစ်အာဏာပိုင်များရဲ့ လုပ်ရပ်ကြောင့်ဖြစ်ပါတယ်။

လွတ်တော်ခေါ်ယူပေးရန် သွေးပျက်နေသူများ
ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်အောင် ဆောင်ရွက်ပေးပါမည်ဆိုပြီး ကမ္ဘာသိ ကြေညာ ထားသူ စစ်အာဏာပိုင်များခမျာ ရွေးကောက်ပွဲမှာ သူတို့ကို ထောက်ခံပေးမည့် ပါတီနိုင်မယ်ထင်လို့ ကျင်းပပေးခဲ့ပြီး မနိုင်တာ့မှပဲ ပြည်သူ့အစိုးရ၊ ဒီမိုကရေစီအစိုးရတရပ်ပေါ်ပေါက်လာမှာကို ထိတ်လန့် ကြောက်ရွံ့ ပြီး ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်မပေးတာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဝိုင်းပယ်ခြင်းခံရ၊ သိက္ခာမရှိဖြစ်ပြီး ဒီမိုကရေစီ မရရှိရေးအတွက် အသေအလဲလုပ်ဆောင်နေကြတာပါ။ လမ်းဖောက်တာတို့၊ တံတားဆောက်တာတို့ဆိုတာက ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အာဏာ အပ်နှင်းခြင်းခံထားသူများက လုပ်ရမယ့်အလုပ်တွေဖြစ်ပါတယ်။ အမျိုးသားရေး ဆောင်ရွက်နေတာပါ ဆိုပြီး ပြည်သူမခိုင်းတဲ့အလုပ်တွေအတင်းလုပ်နေပြီး တမျိုးသားလုံးဒုက္ခပင်လယ်ဝေအောင် လုပ်ဆောင် နေကြတာကို ကြည့်ခြင်းအားဖြင့် ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်လာမှာကို ကြောက်နေကြခြင်း ဖြစ် တယ်ဆိုတာ ထင်ရှားသိသာလှပါတယ်။
စစ်အာဏာပိုင်တို့ရဲ့  အုပ်ချုပ်မှု၊ စီမံမှု၊ ညံ့ဖျင်းမှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့  ထောက်ခံမှု မရရှိနိုင်မှုတို့ကြောင့် စီးပွားရေးကျဆင်းပြီး ကုန်ဈေးနှုန်းများ အဆမတန်ကြီးလာမှုဒဏ်နဲ့ အလုပ် အကိုင်ရှားပါးမှုဒဏ်ကြောင့် ပြည်သူလူထုကြီး ဆင်းရဲတွင်းနစ်နေချိန်မှာ ဇိမ်ခံပစ္စည်းများ အပြည့်အဝ ပါတဲ့ တိုက်အိမ်ကြီးတွေ၊ ဇိမ်ခံကားကြီးများနဲ့ စည်းစိမ်မျိုးစုံ ခံစားနေကြပါတယ်။ မြန်မာပြည်ရဲ့  တာဝန် အကြီးဆုံး ပုဂ္ဂိုလ်ကြီးက ၄င်းသည် လစာငွေပဲသုံးပါသည်ဟု မရှက်မကြောက် ပြောရဲခြင်းကလည်း သိက္ခာမဲ့ ပြောခြင်းဖြစ်ကြောင်းကို ပြည်သူလူထုကြီက အားနာပါးနာနဲ့ပင် ယုံမပေးနိုင်ကြပါ။ မြန်မာ နိုင်ငံရှိ ဟော်တယ်ကြီးများ၊ ကုန်တိုက်ကြီးများကို စစ်အာဏာပိုင်များနဲ့ အပေါင်းအဖေါ်များ ပိုင်ဆိုင်ကြ သည်ကို ပြည်သူလူထုအားလုံး သိနေပြီဖြစ်ပါတယ်။ ပြည်သူလူထူကြီးကတော့ ဆင်းရဲတွင်းနက်ပြီး တောင်းရမ်းစားသူဦးရေး ပိုများလာပါတယ်။ အဖိုးအို၊ အဖွားအိုနဲ့ကလေးများ တောင်းရမ်း စား သောက်ကြသလို၊ ဖျားနာပြန်တော့လည်း ကုသမှုနဲ့ဆေးဝါးများဈေးနှုန်းကြီးလွန်းတာကြောင့် ရောဂါ ဖြစ်လာရင် ဆေးမီးတို အားကိုးပြီး သေရုံပဲရှိပါတယ်။
ဝန်ထမ်းတွေရဲ့  ဘဝတွေကိုလည်းကြည့်ကြပါဦး လခလစာအိမ်ပြန်ပါသွားနိုင်သူက ရှားမှရှား၊ အရင်လကယူထားတဲ့ ကြွေးတွေဆပ်လိုက်ရတော့ အိမ်ပြန်ငွေဘယ်ပါနိုင်တော့မလဲ။ စစ်တပ်က စစ် မိသားစုဘဝတွေကရော၊ စစ်တပ်ထိပ်ပိုင်းတာဝန်ရှိသူများဘဝနဲ့က မိုးနဲ့မြေလိုကွာခြားလွန်းလှပါတယ်။ စစ်တပ်နဲ့ကုလားပဲတွဲနေကြ၊ ဒီနေ့ စစ်တပ်မှာ ကုလားပဲစားဖို့နေနေသာသာ မမြင်ရတဲ့အဖြစ်ကို ရောက်နေကြပြီလေ။
ဒီလိုပြည်သူအပေါင်းနဲ့ စစ်သားဝန်ထမ်းတွေရဲ့  ချို့တဲ့မှု ဒုက္ခအပေါင်းစုံကို မမြင်ရ၊ မကြားရ တာလည်းမဟုတ်ပဲ၊ တမင်သက်သက် ဒုက္ခပေါင်းစုံကြုံတွေ့နေအောင် ဖန်တီးထားကြပုံရပါတယ်။ ပြည် သူတွေ စားဝတ်နေရေးကြပ်တည်းပြီး စစ်အာဏာပိုင်တို့ရဲ့  ထိပ်ပိုင်းတာဝန်ယူထားသူများရဲ့  စည်းစိမ် တွေကို မော်မကြည့်ရဲရန် ဖြစ်ပုံရပါတယ်။ ပြည်သူလူထုအုပ်ချုပ်ရေးပေါ်လာမှဖြင့် ငါတို့ရှိသမျှ စည်းစိမ် အားလုံး လက်လွှတ်ရချည်ရဲ့လို့တွေးပူပြီး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်မလာနိုင်စေရန်အတွက် သိက္ခာမရှိ သူများအဖြစ်ဝိုင်းပြီး ကမ္ဘာကရှုတ်ချခြင်းကို ခံရပြီး ဆောင်ရွက်နေကြခြင်း ဖြစ်ဟန်တူပါတယ်။

ပြည်သူဆိုတာ ကြောက်စရာမဟုတ်ပါ
ပြည်သူလူထုကြီးက တပ်မတော်ကြီးကို သိက္ခာရှိတဲ့၊ ပြည်သူအတွက်ဆိုရင် ရှေ့က မားမား ရပ်ပေးတဲ့၊ အားကိုးရတဲ့ တပ်မတော်သားကြီးတွေအဖြစ်မြင်ချင်ကြတာပါ။ တံတားဆောက်၊ လမ်း ဖောက်ပေးဖို့လဲ မခိုင်းရက်ပါဘူး။ တပ်မတော်သားတွေ ထမ်းဆောင်ရမယ့်တာဝန်တွေကိုသာ ထမ်း ဆောင်နေကြမယ်ဆိုရင် ကြည်ဖြူပါတယ်။
ခေတ်အဆက်ဆက်ကျော်ဖြတ်လာတဲ့ ပြည်သူတွေပါ။ တရုတ်၊ ကုလား၊ ဘယ်သူပဲစားစား ကျေနပ်ပြီးသားပါ။ သူတို့ဘဝမှာ ဆန်ကြမ်းနဲ့ ငါးပိရည်ကျဲစားရရင်ကိုပဲ ကျေနပ်နေသူပါ။ သူများစား နေတာကိုလည်း မျက်စောင်းမထိုးပါဘူး။ သူတို့ဘဝကို အဆင်ပြေအောင်လုပ်ပေးတဲ့သူဆိုရင် စိတ်ထဲက ထိုင် ရှိခိုးချင်စိတ်ပေါက်အောင် ဖြစ်နေကြသူတွေပါ။ ဒီအတိုင်းဆက်ပြီး ပြည်သ့ဆန္ဒ မလိုက်လျော ကြရင်ဖြင့် အထွေထွေပေါက်ကွဲမှုကြီးမဖြစ်ဖြစ်အောင် ဖန်တီးနေသလိုဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ လည်း စက်မှုထွန်းကားမှုအနည်းဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်အောင် လုပ်ခဲ့ကြပြီးပြီ၊ လူမျိုးကို လည်း ကတိမတည်၊ သိက္ခာမရှိတဲ့လူမျိုးများ၊ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ လူမျိုးများအသွင် ဖြစ်စေ ခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ကြီးတရပ် အမြန်ဆုံးခေါ်ယူကျင်းပခြင်းဖြင့် ပြည်သူအများများရဲ့ဆန္ဒများ လိုက်လျောရင် နိုင်ငံကြီး ငြိမ်းချမ်းသာယာမှာဖြစ်ပါတယ်။ ပြည်သူ့အရေးအတွက် ပြည်သူ့လိုလားချက် များ အမြန်ဆုံးဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲကြီးပြီးခဲ့တာ (၁ဝ)နှစ် ကြာခဲ့ပါပြီ။ ဒီတော့ ပြည်သူအားလုံး မျှော်လင့်နေတဲ့ ဒီမိုကရေစီအလင်းရောင်နဲ့ (၁ဝ)နှစ်တာခရီး အတိုင်းအတာအထိ နီးလာပြီပေါ့။ ။

ဝါ၊ စိမ်း၊ နီ

No comments:

Post a Comment