ညွန့်ပေါင်းသတင်းလွှာ။ ပုလဲသွယ် နိုင်ငံရေးစာမျက်နှာ။ တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ယမုန်နာ ဆေးခန်း။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ၁၉၉၀ ရွေးကောက်ပွဲ။

Monday, March 2, 2009

နွေဦးအကြိုနေ့ရက်တို့၏ အမှတ်တရများ - အဖွဲ့ချုပ် အဖွဲ့ဝင်တဦး

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ။

(၁)
သာမန်အားဖြင့် ဆယ်စုနှစ်တခုဆိုသည်မှာ သမိုင်းစာမျက်နာပေါ်၌ စာတကြောင်းမျှသာ ဖြစ်ရတတ်ပါသည်။ မိမိတို့မှတ်ဉာဏ်နယ်ပယ်အစွန်းအဖျားများကလည်း တဖြည်းဖြည်းပို၍ပို၍ မပီဝိုးတဝါး ဖြစ်နေတက်သည်။ သို့ကြောင့်ပင် အဖြစ်အပျက်ဟောင်းများကို ပြန်လည်သတိရမည့် အမှတ်အသား တခုခုကိုပြန်လည်၍ စဉ်းစားရသည်။ ပုံရိပ်၊ ကောက်ကြောင်းနှင့် မျဉ်းများ၊ အရောင်များ တဖြည်းဖြည်း ပေါ်လာရသည်။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ကာလသက်တမ်းကတော့ ထို သမရိုးကျဖြစ်စဉ်များနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ဤသက္ကရာဇ်များသည် ပင့်ကူမျှင်တို့ဖြင့် ရှုပ်ထွေးဖွဲ့ရစ်နေသည့် သမိုင်းဟောင်းကြီး မဟုတ်သလို၊ မှုန်ရီမှိုင်းပြနေသော အတ္ထုပတ္တိဟောင်းကြီးလည်းမဟုတ်ပေ။ ဤကာလများသည် မြန်မာပြည်သူလူထုအတွက် မုန်တိုင်းကိုဖြတ်သန်းရသော သူရဲကောင်းပီသသည့် သမိုင်းနှစ်များဖြစ်ခဲ့သည်။ မင်နီ အတားခံခဲ့ရသော သမိုင်းနှစ်များဖြစ်ခဲ့သည်။

(၂)
ငုနဲ့ပိတောက် နွေမှာလှိုင်သည်
စုနဲ့ခမောက် မေမှာနိုင်မည်
xxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxxx
တယောက်ကောင်းက တသောင်းဗိုလ်ခြေ ညက်ညက်ကြေ
ခမောက်ဆောင်း၍ ခေတ်ဟောင်းဖြိုလေ ထက်မြက်စေ
xxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxxx

(၁၉၉ဝ)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးသည် ပြည်သူလူထုများအနေဖြင့် စစ်အာဏာရှင်စနစ်ကို မနှစ်မျို့ခြင်းနှင့် ယင်းစနစ်၏ရည်မှန်ချက်များ၊ အန္တိမပန်းတိုင်းများကြောင့် နိုင်ငံတော်တွင် အလုံးစုံပျက်သုဉ်းတော့မည့် ကပ်ဘေးဆိုးကြီးများအား အမြော်အမြင်ရှိစွာ သိမြင်တားဆီးမှု၏ ပြယုဂ်တခုဖြစ်သည်။ ထို့ပြင် နိုင်ငံရေးအပြောင်းအလဲတရပ်လိုအပ်မှုသည် ပြည်သူလူထု၏ ရုပ်ဘဝနယ်ပယ် တွင်သာမဟုတ်ဘဲ စိတ်ဓါတ်ပိုင်းဆိုင်ရာခံစားမှုနှင့် အသိဉာဏ်နိုးကြားမှုနယ်ပယ်တွင်ပါ ဖြစ်ပေါ်ခဲ့ ကြောင်း လက်တွေ့သက်သေပြချက်တခုလည်းဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီအစိုးရတရပ်ဖွဲ့စည်းနိုင်ရေးအတွက် ကြိုဆိုမှုတရပ်ဖြစ်သည်။ လွတ်လပ်သောဆန္ဒသည် ပြည်သူအားလုံးအတွက် အဆုံးအစွန်ဥပဒေဖြစ်သည်။ ပြည်သူလူထုထံမှ ရိုးသားပြီး ခွန်အားအပြည့်ရှိသောခံစားမှုများ၊ တူညီသောရည်ညွှန်းချက်များ၊ တန်ဖိုးထားမှုများ၊ အမြော်အမြင်များသည် ရွှေစာလုံးဖြင့်ရေးထားသော စာမျက်နာသစ်တခု၏ နိဒါန်းကို ဖွင့်လှစ်ခဲ့ကြသည်။

(၃)
ဂန္ဓီခန်းမအစည်းအဝေးကြီးမှ ချမှတ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသား ပြန်လည် ပေါင်းစည်းရေးမှုများသည် အပိုအလိုမရှိ ပြည့်စုံသည်။ မှန်ကန်သောအကြောင်းအရာကို မှန်ကန် သောအချိန်တွင် မှန်ကန်သောနေရာ၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အချို့က ဤအစည်းအဝေးကြီး၏ ရလဒ်များအပေါ် ပိုမို၍ မျှော်လင့်ခဲ့ကြသည်။ ဤခံစားမှု လိငြ်းများသည် ဖြေရှင်း၍မရနိုင်သော သမိုင်းရေးရာအငြင်းပွားမှုကြီးတခုတော့ မဟုတ်ပေ။ အဖွဲ့ချုပ်သည် ပြသနာများအပေါ် ခေါင်းအေးအေးထား၍တွက်ချက်ရန်၊ အပြန်အလှန်စဉ်းစားပြီး စိတ်လှုပ်ရှားမှု ကင်းသည့် ဆင်ခြင်တုံတရား၏ လမ်းညွှန်မှုမှုကို ကျင့်သုံးရန်တလျှောက်လုံး ကြိုးစားခဲ့သည်။ ပြဿနာ များအပေါ် ငြင်းချက်ဖြင့် မဖြေဘဲ၊ အဖြစ်အမှန် အချက်အလက်များဖြင့်သာ ဖြေခဲ့သည်။ သို့မဟုတ်ပါက ပေးဆပ်ရသည့်တန်ဖိုးမှာ အမြဲတန်းမြင့်မားနေတတ်သည်။

(၄)
အုပ်ချုပ်သူများသည် ပြည်သူလူထုနှင့် ပြန်လည်မတွေ့ဆုံနိုင်မည့်လမ်းကို ရွေးချယ်ခဲ့ကြသည်။ အထွေထွေရွေးကောက်ပွဲကြီးကို အသိအမှတ်မပြုခြင်းသည် ပြည်သူလူထု၏ နှလုံးသားထဲတွင် မည်သည့်အခါမှ ဖျောက်ဖျက်မရနိုင်လောက်အောင် စွဲထင်နေခဲ့သော အမျိုးသားဆိုင်ရာ အမာရွတ်ကြီး ဖြစ်ခဲ့သည်။ ပြည်သူလူထုနှင့်အဖွဲ့ချုပ်အပေါ် ငယ်ထိပ်မှခြေဖျားအထိ လက်နက်တပ်ဆင်ထားသော စစ်အင်အားဖြင့် ဗိုလ်ကျအနိုင်ယူလာခဲ့ရင်း ဆယ်စုနှစ်ကျော်အချိန်ကာလကို နိုင်ငံအတွက်အချည်းနှီး ဖြစ်စေခဲ့သည်။ တဖက်တွင်လည်း မိမိကိုယ်တိုင်အကြောက်တရားလွန်ကဲမှုနှင့် ဆင်ကန်းတောတိုး လုပ်ရပ်များအကြား ယိမ်းထိုးလျက်ရှိသည်။ (၉ဝ)ခုနှစ် ရွေးကောက်ပွဲကြီးကို အသိအမှတ်ပြုခြင်းသည် အကောင်အထည်ဖေါ်မပေးခြင်းသည် အထင်အရှားဆုံးနှင့် အကြီးမားဆုံး လူ့အခွင့်အရေးချိုးဖေါက်မှုကြီးပင်ဖြစ်ပေတော့သည်။

(၅)
ပြည်သူ့လွှတ်တော်ခေါ်ယူမည်ဟု ကြေညာခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့ စည်းခြင်းများသည် ကန့်သတ်မှုနယ်နမိတ်နှင့် ဘောင်များကို အခြေအနေက စောင့်စားရန် ခွင့်မပြုနိုင် တော့ကြောင်းပြသလိုက်ခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် အချိန်ကာလနှင့် အမျိုးသားရေး ဘဝက တောင်းဆိုသော လိုအပ်မှုများထက် ပင်နောက်ကျနေသည်ဟု အချို့ကဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ဤကြေညာချက်နှင့်ဖွဲ့စည်းမှုကို မြန်မာနိုင်ငံ၏နေရောင်ခြည်ကျရောက်ရာ အရပ်ဒေသတိုင်းမှ ပြည်သူလူထုအားလုံးက အားတက်ဝမ်းမြောက်စွာဖြင့်ကြိုဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်အုပ်ချုပ်ခဲ့ဖူးသော မည်သည့်အစိုးရကမှ စိတ်မကူးရဲ၊ မလုပ်ရဲခဲ့သည့်ရက်စက် ကြမ်းကြုတ်မှု၊ အောက်တန်းအကျဆုံးညစ်ပတ်မှု၊ ကလိမ်ကျမှု၊ အဋ္ဌာရဿမျိုးစုံဖြင့် စစ်အာဏာရှင်တို့ က သွေးရူးသွေးတန်းတုံ့ပြန်ခဲ့ကြသည်။ သမိုင်း၏ ဤအမှောင်မိုက်ဆုံး ရာဇဝတ်မှုများသည် ပြည်သူလူ ထု၏ မျှော်လင့်ချက်ပြည်ဝနေသော နှလုံးသားများတွင် ထာဝရဖွဲ့နှောင် ရစ်ပတ်နေပေလိမ့်မည်။ ဤ ဖိနှိပ်မှုများအပေါ် ယဉ်ကျေးသော ကမ္ဘာ့အသိုင်းအဝိုင်းက သည်းမခံနိုင်သော လုပ်ရပ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု၏ လွတ်လပ်ခွင့်အပေါ် အန္တရာယ်ရှိသောလုပ်ရပ်အဖြစ်လည်းကောင်း ကဲ့ရဲ့သဂြိုလ်သတင်းဆိုခဲ့ကြသည်။ နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချ ပြစ်တင်မှုဖိအားနှင့် ရွံရှာစက်ဆုတ်ခြင်း ခံရမှုတို့မှာ နှစ်ပေါင်းတထောင်ကျော် ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ယဉ်ကျေးမှုနှင့် နေလာခဲ့ကြပါသည် ဆိုသော မြန်မာနိုင်သမိုင်းတွင် ဘယ်တုန်းကနှင့်မှမတူ အခံရဆုံးဖြစ်ခဲ့သည်။

“ဥပဒေပြုခြင်း လက်ပိုက်ကြည့်နေခြင်းသည် လူ့အသိဉာဏ်တရားအပေါ်တွင်ကျူးလွန်သည့် ရာဇဝတ်မှု ပြစ်မှုကြီးဖြစ်သည်”ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘူထရိုစ့်ဂါလီက မှတ်ချက်ချခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ပေါ်ပေါက်လာမှုသည် ပြည်သူလူထု၏ အသွေးအ သားထဲသို့မျှော်လင့်ချက်နှင့် ရဲစွမ်းသတ္တိကို ထည့်သွင်းပေးလိုက်ခြင်းဖြစ်ပြီး ဤကော်မတီသည် ကမ္ဘာ့ ကုလသမဂ္ဂနှင့် အမေရိက၊ ဥရောပ အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားကြသည့် ကမ္ဘာ့ပြည်သူလူထုများကြိုဆိုမှု အနေအထားနှင့် အဆင့်အတန်းကိုရလာခဲ့ပေသည်။

(၆)
(၉ဝ)ပြည့်လွန်နှစ်များ၌ ပေါ်ပေါက်ခဲ့သည် စစ်အေးကာလှုပီးဆုံးခြင်း သို့မဟုတ် ဝါဒစစ်ပွဲများ နိတ္ထိတန်ခြင်းသည် (၂ဝ)ရာစုခေတ် လူ့သမိုင်း၏ မှတ်ဉာဏ်သက်တမ်းတွင် အကြီးမားဆုံး မှတ်တိုင်ကြီးတခုဖြစ်ခဲ့သည်။ သုံးမြှောင့်ရောင်စဉ်ဖန်ပြောင်းထဲမှ ဆန်းကျယ်လှသောပုံရိပ်များသဖွယ် သစ်လွင် ရဲရင့်သော ထွန်းသစ်စ နိုင်ငံများမွေးဖွားလာခဲ့ကြသည်။ ယင်းဖြစ်ရပ်ကြီးကို ခေတ်ပေါ်သမိုင်းဆရာ အချို့က သမိုင်းနိဂုံးချုပ်လှေုပီဟု ကောက်ချက်ချမှတ်တမ်းတင်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဝါဒစစ်ပွဲကြီး၏ရလဒ်မှာ မည်သည့်စနစ်ကအောင်နိုင်မည်၊ ရှုံနိမ့်သည် ဆို ခြင်းထက် ကမ္ဘာ့ပြည်သူတို့အနေဖြင့် မိမိတို့၏ အမျိုးသားရေးဘဝနှင့်သဟဇာတဖြစ်မည့် အခွင့်အလမ်း ကြီးတရပ်ကိုရရှိစေခဲ့သည်။

ဧကရာဇ်စနစ်မှ ဗဟုဝုစ်စနစ်သို့၊ သေနတ်ဝါဒမှ မဲဆန္ဒဝါဒသို့၊ ထိပ်တိုက်ရင်ဆိုင်ရေးမှ တွေ့ ဆုံဆွေးနွေးရေးသို့အစားထိုးလာခဲ့သည်။ ဒုံးကျည်နှင့်အမြောက်ဆန်များပေါ်တွင် သံလွင်ခက် သရဖူက နေရာယူခဲ့သည်။ လူသား၏ အပြစ်ကင်းစင်မှုကိုပုံရိပ်ဖေါ်ပေးသော အသိဉာဏ်အလင်းတန်းများ ကမ္ဘာ့ မိုးကုတ်စက်ဝိုင်းအနှံ့ တောက်ပလာခဲ့သည်။

တဆက်တည်းမှာပင် ဒီမိုကရေစီစနစ်သည် စစ်အေးလွန်ခေတ်၏ မျက်မှောက်အဂတိတရားများမှ ကိုင်းညွတ်လာသော ယထာဘူတကျသည့် ကမ္ဘာ့လုံးဆိုင်ရာလိုအပ်မှုတရပ် ဖြစ်လာခဲ့သည်။ ယနေ့လူ့အဖွဲ့အစည်း၏ အသိဉာဏ်နယ်ပယ်အတွင်းမှ ဗဟိုချက်တခုလည်းဖြစ်လာခဲ့သည်။ အထူး သဖြင့်ဖွံ့ ဖြိုးစနိုင်ငံများတွင် ကြုံတွေ့နေရသော အထွေထွေအကြပ်အတည်းများ၏ သော့ချက်ပြဿနာ သည် ဒီမိုကရေစီ ပဟေဠိပေါ်တွင် တည်နေခဲ့သည်။

တဘက်တွင်လည်း ပစွည်းမဲ့အာဏာရှင်စနစ်၏နေရာတွင် စစ်အာဏာရှင်စနစ်က အစားထိုး နေရာယူခဲ့သည်။ ကိုလိုနီလက်သစ်ဝါဒ နေရာတွင် ဖက်ဆစ်လက်သစ်ဝါဒက အစားထိုးနေရာယူခဲ့သည် ကမ္ဘာ့ပုံစံသစ်ထဲမှ အချိုးမကျသည့်ပုံစံပျက်များသာဖြစ်တော့သည်။

(၇)
အမျိုးသားရေးကြွေးကြော်သံများ၊ ပုံသဏ္ဍာန်နှင့် ခံယူချက်များ၊ အယူအဆများသည် တိုးတက်ဖွံ့ဖြိုးလာသော လူ့ယဉ်ကျေးမှု ခေတ်ကာလတို့၏ စံနှုန်းများ၏ တန်ဖိုးများနှင့်အပြိုင် နယ်နိမိတ်ဟောင်းများကို ကျော်လွားကာ လိုက်လျော်ညီထွေ ပြောင်းလဲ လာခဲ့ကြသည်။ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကြီး၏ အနာဂတ်အဓိပ္ပါယ်၊ ပထဝီနိုင်ငံရေး၏မှုလအယူအဆများ၊ အချုပ်အခြာ အာဏာပိုင်မှုနှင့် ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ မေးခွန်းနှင့်အမြင်သစ်များ၊ အာစီယံ နိုင်ငံများ၏ အပြုသဘောဆက်ဆံရေးသဘောထားများ- စသည်တို့ ယနေ့စိန်ခေါ်ခံနေရပေသည်။

(၅ဝ)ပြည့်လွန်နှစ်ကာလများက တော်လှန်ရေးဟူသောဝေါဟာရ၏ အဓိပ္ပါယ်မှာ ကိုလိုနီ ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အရင်းရှင်ပဒေသရာဇ်ဆန့်ကျင်ရေးဖြစ်ခဲ့သည်။ ယခုတော့ ပြောင်း ပြန်ဖြစ်သွားသည်။ ကွန်မြူနစ်စနစ်ဆန့်ကျင်ရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းရေး၊ ဈေးကွက်စီးပွားရေးစနစ် အကောင်အထည် ဖေါ်ရေးစသည်တို့မှာ တော်လှန်ရေး ၏အဓိပ္ပါယ်သစ်ဖြစ်နေတော့သည်။ ယခင်က အနောက်တိုင်းဆန့်ကျင်ရေး၊ နိုင်ငံခြားသား ဆန့်ကျင်ရေး၊ လှုပ်ရှားမှုများအစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်ပြီး နိုင်ငံတကာနှင့် ရွှေလမ်း ငွေလမ်းဖေါက်ရေးကို ကြိုးစားနေကြသည်။

ယနေ့ကာလသည် ယဉ်ကျေးမှုတခုတည်းဖြင့် အထီးကျန်ရပ်တည်နေရသောလူ့အဖွဲ့အစည်းဟူ၍ မရှိနိုင်တော့ပေ။ အယောင်ဆောင်ကိုယ်ကျင့်တရားများ၊ စစ်အာဏာက ပြဋ္ဌာန်းသော မျိုးချစ် စိတ်ဓါတ်ဆိုသည်များ၊ အမျိုးသားဖက်ပြိုင်မှုနှင့် မာနထောင်လွှားမှုတို့မှာခေတ်မမီတော့ပေ။ ယဉ်ကျေးမှု တွေ မျက်နာချင်းဆိုင်တွေ့ဆုံကြသော ခေတ်ဖြစ်သည်။ ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများသည် အစဉ် အလာနယ်မြေများအပြင်သို့တိုးချဲ့လာကြသည်။

အနောက်တိုင်းဆန့်ကျင်ရေးဝါဒ၌အခြေခံသော မုန်းတီးစိတ်က သမိုင်းကို အဆိုးမြင်ဖြင့်လိုရာ ဆွဲကြည့်တတ်သည့် အလေ့အကျင့်ကို ဖြစ်ပေါ်စေပြီး၊ ယနေ့ကမ္ဘာ့ပြဿနာများအပေါ် ကျဉ်းမြောင်း သော အမျိုးသားရေးအမြင်ဖြင့် သုံးသပ်မှုကိုပို့ဆောင်ပေးပေသည်။
အချုပ်အခြာအာဏာပိုင်မှုနှင့် ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးမူကို အကာကွယ်ယူ လျက်၊ မိမိပြည်သူလူထုအပေါ် ဗိုလ်ကျနေသည့် နိုင်ငံများနှင့်ပတ်သက်၍ စွက်ဖက်ပိုင်ခွင့်၊ ပြစ်ဒဏ်ခတ် ပိုင်ခွင့်၊ သင်ခန်းစာပေးပိုင်ခွင့်ပြုရေးအဆိုပြုချက်သစ်များ ကျယ်ပြန့်လာခြင်းသည် (၂၁)ရာစု ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံရေးမဟာဗျူဟာတွင် လိုအပ်မှုတရပ်ထက် ရွေးချယ်မှုတရပ်အဖြစ် မလွဲမသွေ ရောက်ရှိတော့မည် နိမိတ်ကောင်းတရပ်ပင်ဖြစ်ပေတော့သည်။

(၈)
အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် “ယုံကြည်မှု”ကို ပထမဦးစွာတည်ဆောက်ကြရ မည်ဟု ဆိုသူကဆိုသည်။ တဦးနှင့်တဦး ယုံကြည်မှုတည်ဆောက်နိုင်ရန် နိုင်ငံရေးအနှစ်သာရပါသည့် အဆင့်များကိုဖြတ်ကြရပေမည်။ တွေ့ဆုံဆွေးနွေးရေး၊ အပြန်အလှန် နားလည်မှုရှိရေး၊ ပူးပေါင်းဆောင် ရွက်ရေးစသည့် လက်တွေ့ကျသော ဖြစ်စဉ်များကို တဆင့်ပြီးတဆင့် ဖြတ်သန်းပြီးမှ အခြေခံကျသည့် ခိုင်မာသည့်ယုံကြည်မှုကိုရှိနိုင်ပါသည်။ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးတိုင်းသည် လူကြားကောင်းရုံ မဟုတ်။ နိုင်ငံရေး ကစားရန်မဟုတ်၊ ထောင်ချောက်ဆင် အနိုင်ယူရန်မဟုတ်၊ စေတနာကောင်းထားမှု၊ အပြုသဘောအခြေခံသည့် အတုန့်အပြန် ရှိမှုများနှင့်အစပြုကြရသည်။ တွေ့ဆုံဆွေးနွေးရေးပြဿနာသည် မသိကိန်းများပါသည့် ပုစ္ဆာတပုဒ်မဟုတ်ပါ။ အခြေခံ ကောင်းလျှင် အပေါင်းလက္ခဏာကိုရနိုင်ပါသည်။

(၉)
နိုင်ငံတကာဥပဒေပညာရှင် “ဆာလော်တာပက်ခ်ျ” “ယေဘုယျအားဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် ယာယီစစ်ပြေငြိမ်းရေးဆိုသည်မှာ ယာယီသဘောတူညီချက် သက်သက်မျှသာဖြစ်သည်။ ငြိမ်းချမ်းရေးရရှိခြင်းနှင့် ဘယ်လိုမှ နှိုင်းယှဉ်စရာအကြောင်းမရှိ။ စစ်၏အခြေအနေကတော့ ဆက်လက် တည်ရှိနေဆဲဖြစ်သည်”-ဟု ကောက်ချက်ချခဲ့ဖူးသည်။

လူမျိုးစုပြဿနာသည် နိုင်ငံရေးပြဿနာ ဖြစ်သည်။ ဒီမိုကရေစီရေးပြဿနာ ဖြစ်သည်။ စနက်တံငုပ်နေသော မိုင်းဗုံးများအဖြစ် ဖန်တီးမထားသင့်ပေ။ ငြိမ်းချမ်းရေးလမ်းစဉ် ကုထုံးသစ် မြား တစင်းကဲ့သို့ဖြောင့်တန်းစွာမသွားပဲ ပစ်သူထံမှ ပြန်လှည့်လာသည်။ ဘူမာရင်လက်နက်ကဲ့သို့မဖြစ်ရန် သတိပြုကြရပေမည်။

(၁ဝ)
ကြောက်ရွံ့ထိတ်လန့်စေခြင်းသည် အုပ်ချုပ်သူက ရွေးချယ်တင်မြှောက်သောလမ်းကြောင်း ဖြစ်သည့်ကြားမှပင် အဖွဲ့ချုပ်သည် ပြည်သူလူထုနှင့် ဘဝအပေါ်အလင်းရောင်ပေးသော အမှန်တရား ကို ပို၍ပို၍ သိနားလည်ခဲ့သည်။ ရေရှည်တွင် အဖွဲ့ချုပ် လုံးပါးပါးလိမ့်မည်။ ချုပ်ငြိမ်းလိမ့်မည်ဟူသော သံသယဖြင့် အလျှော့ပေး အညံ့ခံစိတ်များကို သတ္တိနှင့်ဆုံးဖြတ်ချက်အပေါ်သစ္စာရှိမှုဖြင့် ဖယ်ရှားနိုင်ခဲ့ သည်။

နိုင်ငံခြားသတင်းထောက်တဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်းတခုတွင် သတင်းထောက်က“ယခုအဖွဲ့ချုပ်တွင် အဖွဲ့ဝင်ဘယ်နှစ်ယောက်သာကျန်တော့သလဲ”ဟုမေးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က “အဖွဲ့ဝင်ဘယ် လောက်ကျန်တယ်၊ ဘယ်လောက်ပဲရှိတော့တယ် ဆိုတာ ထက် အဖွဲ့ချုပ်ကို ပြည်သူလူထုက ဘယ်လောက်ထောက်ခံနေသလဲ၊ မထောက်ခံတော့ဘူးလဲ ဆိုတာ က ပိုပြီးအရေးကြီးပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။ သမုဒ္ဒရာရေပြင်ထကတွင် ပေါ်နေသော ရေခဲစွန်းအငူလေးက သေးငယ်သော်လည်း ရေပြင်အောက်၌ ကြီးမား၍ ကျယ်ပြောလှသော ဧရာမ ရေခဲထုကြီးရှိနေသည်ကို သတိပြုသင့်ပေသည်။ အမှန်တရားသည် ခွန်အားကိုဖြစ်စေသည်။ ခွန်အား သည် အမှန်တရားမဟုတ်ပေ။

အာခီမီးဒီးက “ကျုပ်ကို ရပ်စရာနေရာ တနေရာသာပေးပါ။ ကမ္ဘာကြီးကို ကျုပ် ကိုင်လှုပ်ပြ ပါမယ်”ဟု ဆိုခဲ့သည်။ အဖွဲ့ချုပ်တွင် ပြည်သူလူထု၏ ထောက်ခံမှု၊ စာနာမှုဟူသော ခိုင်မြဲသည့် ခြေကုတ်ရှိနေခဲ့ပြီးဖြစ်သည်။

(၁၁)
အဖွဲ့ချုပ်သည် ဤဆယ်စုနှစ်ကာလ၏ မဲမှောင်အေးစက်သောသဘာဝနှင့် အချိန်ကို ဖြတ် သန်းရင်း ကြီးထွားရင့်ကျက်လာခဲ့ပါသည်။ အခက်အခဲများ၊ ရှုတ်ထွေးနာကျင်မှုများ၊ ဆုံးရှုံးပေးဆပ် ရခြင်းများ၊ လှည့်ဖျားခံရမှုနှင့် သစ္စာဖောက်ခံရမှုများ- စသည် စသည်ဖြင့်-။
အခြားတဖက်တွင်လည်း အသားတပေါင်အတွက် နွားတကောင်လုံးကိုသတ်ရန် ဝန်မလေး သူများ၊ ဖိနပ်နှင့်တော်အောင် ဖနှောင့်ကိုလှီးချင်သူများ၊ ရေနှောက်ငါးဖမ်းလိုသူများ၊ တပွဲတိုး ထုံးမန်း သမားများ၊ ထရိုဂျင် မြင်းရုပ်များ-စသည်-စသည်ဖြင့်-။
ဒီမိုကရေစီအခြေခံပန်းတိုင်အပေါ် မြင့်မြတ်သောတာဝန်ရှိမှု၊ အသိဉာဏ်တရားရင့်ကျက်မှု၊ သစ္စာရှိမှုတို့လိုအပ်သော အလေးနက်ဆုံးကာလတရပ်။ သာမာန်မဟုတ်သော ကာလတရပ်ကို ဖြတ် သန်းနေရသည်။ ဆင်းရဲမွဲတေခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းတို့ သည်းမခံနိုင်ဖွယ်ဖြစ်ပေါ်လာသည့်အခါတွင် လည်းကောင်း အမျိုးသားဂုဏ်သိက္ခာကို အရှက်ခွဲစော်ကားခံရပြီး၊ မိမိ၏ဆန္ဒ ဖော်ထုတ်ပိုင်ခွင့်အား ကန့်သတ်ခံရသည့်အခါတွင်လည်းကောင်း၊ ရုန်းကန်အုံကြွမှုများ ပေါက်ကွဲရစမြဲဖြစ်သည်။ နိုင်ငံတော် ကြီး၏ အကောင်းဆုံးမျှော်လင့်ချက်များကို မြင့်မြတ်စွာ ကယ်တင်ကြမလား၊ သို့မဟုတ် ယုတ်ညံ့စွာ ဆုံးရှုံးခံကြမလားဆိုသည်ကို လေးနက်စွာစဉ်းစားကြရပေမည်။

ပြည်သူလူထုသည် ကျိန်စာသင့်နေသော နိုင်ငံတော်၏ အနေအထားများနှင့် ပတ်သက်၍ “ဘာကြောင့် ဒီလိုဖြစ်ပါသလဲ။ ဤအနေအထားများသည် မည်သည့်လမ်းဆုံလမ်းခွသို့ရောက်နေပြီ လဲ”ဆိုသည့်ကို မေးခွန်းထုတ်လျက်ရှိကြပြီး ဖြစ်ပေါ်လာမည့် အနာဂတ်အပေါ် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ ခံစားနေကြရသည်။

မမျှော်လင့်သောဖြစ်ရပ်များသည် တခါတရံ ရုတ်တရက် အမှတ်မထင်ပေါ်ပေါက်လာတတ်ခြင်းနှင့် တခါတရံတော့လည်း မျှော်လင့်ချက်ကင်းမဲ့နေပြီဟု လုံးဝဥဿုံ ထင်မှတ်ထားသောကိစ္စများ၊ မမျှော်လင့်ဘဲ ရောင်ခြည်သန်းတတ်ခြင်းတို့ကြောင့် သမိုင်း၏ ဖြစ်တောင့်ဖြစ်ခဲ နိယာမတရပ်ပင်ဖြစ်သည်။

တတိယဂျာမန်နိုင်ငံတော်ကြီး နှစ်ပေါင်း(၁ဝဝဝ) အဓွန့်ရှည်ပါစေဟု ကြွေးကြော်ခဲ့ကြသော် လည်း (၁၂)နှစ်နှင့် နိဂုံးချုပ်သွားခဲ့သည်။ အကြမ်းဖက်မှုဖြင့် သန္ဓေီတည်ပြီး၊ အကြမ်းဖက်မှုကို ဖြတ် သန်းကာ အကြမ်းဖက်မှုဖြင့် ထိန်းသိမ်းကာ အကြမ်းဖက်မှုဖြင့်ပင် အဆုံးစီရင်သွားခဲ့ကြသည်။

နိုင်ငံတကာတွင်(၂၁)ရာစုအတွက် အမြော်အမြင်တရားနှင့် လုပ်အားစွမ်းပကားကို ပေါင်းစပ်လျက် သူ့သမိုင်းအား မည်သို့ပုံဖော်ကြမည် လူမှုသိပ္ပံနှင့် သဘာဝသိပ္ပံဆိုင်ရာ လူ့ယဉ်ကျေးမှု မိုးကုပ် စက်ဝိုင်းကြီးကို မည်သို့အနိုင်ယူတိုးချဲ့ ကြမည်ဆိုသည်ကို ပူးပေါင်းတွေးခေါ်ကြံဆနေကြပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ခြေလှမ်းသစ်ကို လျှောက်လှမ်းနိုင်ရန် အင်အားတောင့်တင်းပြီး သူရသတ္တိအပြည့်ရှိနေပေသည်။ မိမိလူ့အဖွဲ့အစည်းကို ပြန်လည်ဆန်းသစ်ရေး အရေးတော်ပုံ အတွက်လေးနက်သော အမျိုးသားရင်ခုန်သံကို နားလည်နိုင်စွမ်းအပြင် ခေါင်းဆာင်နိုင်စွမ်းရှိပြီး တိုက်ပွဲဝင်နိုင်စွမ်းလည်းရှိကြောင်း ဖြတ်သန်းခဲ့သော ခရီးကြမ်းကာလများက သက်သေထူခဲ့ပြီးဖြစ်ပါသည်။
ယနေ့ကာလတွင် အဖွဲ့ချုပ်အတွက်ဆိုရပါမူ-
• ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေးနှင့်ပတ်သက်လျှင် သိမ်းငှက်ဖြစ်ပြီး၊
• တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သတ်လျှင် ချိုးငှက်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦး

No comments:

Post a Comment