အတွဲ (က) နှင့် အတွဲ (ခ)
မာတိကာ
အတွဲ (က)
၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၏ ဥယျောဇဉ်
၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏အမှာစာ
၃) (၁၉၉ဝ)ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေး
နောက်ဆက်တွဲများ
က။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များ
ခ။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်များ
ဂ။ တိုင်းရင်းသားပါတီများ၏ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရန် တောင်းဆိုချက်
ဃ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးအောင်ရွှေမှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးစာများ
င။ ရွေးကောက်ပွဲအောင်နိုင်ရေးမှတ်တမ်းများ
စ။ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှ ပြည်သူအားပြောကြားခဲ့သော စကားများနှင့် ပေးခဲ့သောကတိကဝတ်များ
ဆ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒသဘောထားပေးအပ်လွှာ
ဇ။ ပြည်သူ့ဆန္ဒအားမျက်ကွယ်ပြုခဲ့သောကိုယ်စားလှယ်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှထုတ်ပယ်ခြင်း
စ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ကြေညာချက်အမှတ် ၁/၉ဝ
အတွဲ (ခ)
၁) စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်ရလဒ်၊ နိုင်ငံရေးခေါင်းဆောင်တဦး
၂) ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲ တစေ့တစောင်း၊ စိုင်းညွန့်လွင်
၃) ကျနော့် ရွေးကောက်ပွဲအတွေ့အကြုံ၊ ပူလျှန်
၎) ဇွဲနဘဲ၊ မင်းသုဝဏ်
၅) ၁၉၉ဝပြည့်နှစ်မေလ(၂၇)ရက်နေ့တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်တဦး၏ ခံစားချက်များ၊ အဖွဲ့ဝင်လူငယ်တဦး
၆) နွေဦးအတွေ့အကြုံတို့၏ အမှတ်တရများ၊ အဖွဲ့ဝင်တဦး
၇) ၁ဝ နှစ်မြောက် ရွေးကောက်ပွဲညီလာခံကြီးနှင့်အတူပေါ်ထွန်းလာမည့် အလင်းရောင်၊ ဝါစိမ်းနီ
၈) လွတ်လပ်ရေး၊ နန်းညွန့်ဆွေ
၉) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ၊ ချိုးဖြူခင်
၁ဝ) ကရင်လူမျိုးများ၊ လူ့အခွင့်အရေးနှင့် (၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲ၊ နော်အုန်းလှ
၁၁) အမျိုးသားနိုင်ငံရေးမဟာဗျူဟာ၊ ဒီမိုကရေစီမြတ်နိုးသူတဦး
၁၂) သမိုင်းမှာ မင်းတရားခံဖြစ်မယ်၊ တင်မိုး
၁၃) ပြည်သူ့ဒီမိုကရေစီ(၁ဝ)နှစ်ခရီးအားမာန်၊ ဒေဝတာငြိမ်းချမ်း
၁၄) လူထုဆန္ဒကို ရိုသေကြပါစို့၊ တိုက်ပွဲဝင်ရဲဘော်တဦး
၁၅) အာခီးမီးဒီးနိယာမနှင့် ကျနော်၏နိုင်ငံရေးအမြင် အညတရ
၁၆) နိုင်ငံကိုချောက်ထဲတွန်းချကြသူများ၊ သွေးနှင်းဆီ
၁၇) ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်အရွေးခံခဲ့ခြင်းမရှိသော မဲဆန္ဒရှင်တဦးဖြစ်သည့် ရှမ်းအမျိုးသားတဦး၏ရွေးကောက်ပွဲအပေါ်အထင်အမြင်
၁၈) မြန်မာပြည်အတွက် ၁ဝ နှစ်ခရီးလျှောက်လှမ်းနေသူ စောနိုင်နိုင်(ခ) ဦးနိုင်းနိုင်း
၁၉) ၁၉၉ဝ ပြည့်နှစ်မှ ၂ဝဝဝပြည့်နှစ်အထိ ဆယ်မိုးဆယ်နွေမြန်မာပြည် မဲဆန္ဒရှင်ပြည်သူတဦး
Tuesday, March 3, 2009
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ် စာအုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေ၏ ဥယျောဇဉ်
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
ပါတီစုံဒီမိုကရေစီအထွေထွေဟု မွန်မြတ်လှသော နိုင်ငံရေးဝေါဟာရများနှင့် ကြွယ်ဝပြည့်စုံသည့်စကားလုံးများကိုသုံး၍ ရွေးကောက်ပွဲကို (၁၉၉ဝ)ပြည့်နှစ်မေလ(၂၇)ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ကင်ပွန်းတပ်လိုက်ကြပါသေးသည်။
မဲဆန္ဒရှင်ပြည်သူတွေကလည်း- “ငါတို့နိုင်ငံဟာ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး ငါတို့ လိုချင်တဲ့၊ ငါတို့ နှစ်ရှည်လများ မျှော်မှန်းထားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာတော့မယ်” ဟုဝမ်းပန်းတသာ အာသာပြင်းပြစွာ တခဲနက် ဆန္ဒမဲ ပေးခဲ့ကြသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရမည်ဆိုသည့် ကော်မရှင်က“မဲမပေးလိုလျှင်လည်း နေနိုင်ပါတယ်”ပြောကြားချက်ကိုပင် ပြည်သူလူထုက ဆန့်ကျင်ခဲ့ပါသည်။ လုံးဝလက်မခံကြပါ။ အချုပ်အခြာအာဏာသည် ပြည်သူလူထုကဆင်းသက်သည်ဆိုသည်ကို ၄င်းတို့က ကောင်းစွာသဘောပေါက်နားလည်ကြပါသည်။
(၂ဝဝဝ)ပြည့်နှစ်မေလ(၂၇)ရက်နေ့တွင် ရွေးကောက်ပွဲပြီးစီးသည်မှာ(၁ဝ)နှစ်လုံးလုံးလျားလျား ပြည့်ပြီဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲရလဒ်ကား လုံးဝဥဿုံအကောင်အထည်ပေါ်လာခြင်းမရှိပါ။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုသည့် စကားလုံးတို့သည် လုံးဝပျောက်ကွယ်နေပြီဖြစ်သည်။ စစ်အာဏာရှင်များက ယင်းတို့ တိုင်းပြည်နှင့် ပြည်သူလူထုကိုပေးခဲ့သော ကတိများကို သိက္ခာရှိစွာဖြင့် လေးစား လိုက်နာ ဆောင်ရွက်ပေးရမည့်အစား ကတိများကိုဖျက်၊ အတင်းအဓမ္မဥပဒေမဲ့၊ သိက္ခာမဲ့စွာဖြင့် ရွေးကောက်ပွဲရလဒ်ကို ရေထဲသို့ အပြီးအပိုင်မြုပ်ပစ်ရန် ကြိုးပမ်းနေသည့် လုပ်ဆောင်ချက်များ အထင်အရှားပေါ်လွင်နေပြီဖြစ်ပါသည်။
‘ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ’ဟု ခန့်ခန့်ညားညားအမည်တပ်ထားသည့် ဥပဒေ ပါပြဋ္ဌာန်းချက်များကို လျစ်လျူရှုထားပါသည်။ ပြည်သူလူထု၏ဆန္ဒကိုဆန့်ကျင်နေပါသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ (၁၉၉၈)ခု စက်တင်္ဘာလ(၁၈)ရက်နေ့မှစ၍ ယနေ့တိုင် စစ်အာဏာရှင်အဖွဲ့တွင် ဆက်တိုက်တာဝန်ယူနေသည့် အတွင်းရေးမှူး၏ (၁၉၉ဝ)ပြည့်နှစ် စက်တင်္ဘာလ(၁၁)ရက်နေ့၌ ကမ္ဘာသိ ပြောကြားချက်များကို ထုတ်ဖေါ်ပြသလိုပါသည်။ ၄င်းတို့မှာ-
“--ခုလိုလွတ်လပ်ပြီး၊ တရားမျှတမှုရှိတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပ ပေးခဲ့တာဟာ နဝတအနေနဲ့အာဏာလွဲပြောင်းပေးခြင်းလို့ပဲ လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အာဏာလွှဲပေးဖို့ဆန္ဒမရှိဘူး၊ ရည်ရွယ်ချက်မရှိဘူးဆိုရင် အဲဒီရွေးကောက်ပွဲ လုပ်ပေးစရာ အကြောင်းမရှိဘူး။”
“--နိုင်ငံတော်အာဏာကို ရာသက်ပန် ဆုပ်ကိုင်ထားလိုတယ်ဆိုရင်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီးကို အခုလို ကြိုးကြိုးစားစား လုပ်ပေးစရာအကြာင်းမရှိပါဘူး။ နိုင်ငံတော်အာဏာလွှဲပြောင်းပေးဖို့ မူလကတည်းက ဆန္ဒရှိလို့သာ ရွေးကောက်ပွဲကြီးကို ပြုလုပ်ပေးခဲ့တာဖြစ်တယ်ဆိုတာ သဘောပေါက်သင့်ပါတယ်။” ဟုဖြစ်ပါသည်။ ယင်းပြောကြားချက်သည် ယနေ့တွင် သဲထဲရေသွန်ချသကဲ့သို့ ပျောက်ကွယ်နေပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ တရားဝင်နိုင်ငံဖြစ်နေပါလျက် အထွေထွေညီလာခံများနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်တို့၏ “ရွေးကောက်ပွဲတွင် ပြည်သူလူထုက ပေးထားကြသည့် ဆန္ဒများကို ဖော်ဆောင်ပေးကြမည်”ဟူသော ဆုံးဖြတ်ချက်ကို စစ်အာဏာရှင်တို့သည် လုံးဝလိုက်နာဆောင်ရွက်ခြင်းမရှိပါ။ ယခုမှာ “ကမ္ဘာ့ရွာကြီး”ဖြစ်နေသည်ကြောင့် တဦးချင်းက ကင်းကွာ၍၊ တကိုယ်ကောင်းဆန်ပြီး၊ အမြင်ကျဉ်းမြောင်းစွာနှင့် ရပ်တည်နေခြင်း မရှိနိုင်ပါ။ မိမိ တိုင်းပြည်အကျိုး၊ တပါးတိုင်းပြည် အကျိုးများမှာ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ကြပါသည်။ ၄င်းအပြင် တိုင်းနိုင်ငံအသီးသီးတို့သည်လည်း ကမ္ဘာ့ရွာကြီးအလယ်တွင် သိက္ခာရှိစွာရပ် တည်ကြရပါသည်။
မိမိတိုင်းပြည်၏ လူထုအပေါ်တွင် မိမိကပေးထားသည့် ကတိကဝတ်များကို ပယ်ဖျက်နေပါလျှင် အခြားတိုင်းပြည်များ အနေဖြင့် မိမိတိုင်းပြည်အပေါ် သံသယကင်းနိုင်မည်လော၊ ယုံကြည်မှုရှိနိုင်မည်လောကို တွေးတောဆင်ခြင်ရစမြဲ ဖြစ်ပါသည်။
(၁၉၉ဝ)ပြည့်နှစ်က ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲနှင့်ပတ်သတ်၍ စာတမ်းအသီးသီးတွင် ရေးသားဖော်ပြထားသော ထင်မြင်ချက်သဘောထားများကို ဖတ်ရှုကြည့်ပါလျှင်လည်း ဥယျောဇဉ်တွင် ရေးသားထားသည့်အချက်များနှင့် တူညီမှုများကို တွေ့ရပါသည်။ စာတမ်းတွင်ဖော်ပြထားသောသဘော ထားများသည် နဂိုစိတ်ရင်းကထွက်ပေါ်လာသည့် အသံများဖြစ်ပါသည်။ (၁၉၈၈)ခုနှစ် ဒီမိုကရေစီရေးတိုက်ပွဲဝင်ခဲ့စဉ် အသံများနှင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြစဉ်က ဒီမိုကရေစီရေး ပြည်သူ့အသံများသည် ထပ်တူထပ်မျှဖြစ်ပါသည်။ မည်သည့်တိုင်းပြည်၌မဆို ပြည်သူ့အသံသည် ထိရောက်နက်ရှိုင်းပါသည်။ အရေးယူဂရုပြုကြရသည်ချီး ဖြစ်ပါသည်။
သို့ပါသဖြင့် ပြည်သူ့အသံနှင့် လိုက်လျောညီထွေဖြစ်စေရန် (၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာရမည်ဖြစ်ပါသည်။ ပထမဦးစွာလွှတ်တော်တရပ်ပေါ်ပေါက် မလာသေးဘဲနှင့် ရွေးကောက်ပွဲ နောက်ထပ်တခု ကျင်းပမည်ဆိုပါလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝဥဿုံ လက်ခံမည် မဟုတ်ကြောင်း ပြတ်သားစွာ ရေးသားရမည်ဖြစ်ပါသည်။ ။
အောင်ရွှေ
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာ
အရှေ့ဥရောပရှိ ကွန်မြူနစ်အာဏာရှင်များသည် (၂ဝ)ရာစု၏ နှောင်းပိုင်းနှစ်များတွင် ဒီမိုကရေစီစနစ်သို့ကူးပြောင်းခဲ့ပါ သည်။ ဤအပြောင်းအလဲများ အောင်မြင်စွာဖြစ်ပေါ်နိုင်စေရန် ရုန်းကန် ဖန်တီးခဲ့သော အဓိက ဇာတ်ဆောင်များအနက် တဦးသည် အာဏာရှင်စနစ်ကို စိမ်ခေါ်သဖြင့် ထောင်ဝင်ထောင်ထွက်ဘဝတွင် ရပ်တည်နေခဲ့စဉ်ကာလအတွင်း ထူးခြားသော သမိုင်းမှတ်တမ်းတခုပြုစုခဲ့ပါသည်။ ပြည်သူတဦးချင်းအနေနဲ့ အာဏာပိုင်များနှင့် ဆက်ဆံရာ၌ ဂုဏ်သိက္ခာ ရှိမှု/မရှိမှုအပေါ် မူတည်၍ မိမိနိုင်ငံ၏ ခေတ်သစ်သမိုင်းကို ဖွင့်ဆိုထားခြင်းဖြစ်ပေသည်။ ‘အာဏာပိုင်အစိုးရအဖွဲ့များနှင့် ရင်ဆိုင်ရာ၌ ပြည်သူပြည်သားများ မိမိတို့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သည့် စွမ်းအား အတိုင်းအတာက နိုင်ငံတနိုင်ငံ၏သမိုင်းကို အဆုံးအဖြတ်ပေးနိုင်သည်’ဟူသော အဓိပ္ပါယ်သက်ရောက်ပါသည်။
မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းတွင် အထင်ကရမှတ်တိုင်ကြီးများဖြစ်သော (၁၉၈၈)ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး၊ (၁၉၉ဝ)ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတို့တွင် မြန်မာနိုင်ငံသူ/နိုင်ငံသားများသည် အာဏာပိုင်တို့အား ဂုဏ်သိက္ခာကြီးမားသော ဇွဲ၊ သတ္တိ၊ သန္နိဋ္ဌာန်တို့နှင့် ရင်ဆိုင်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ (၁၉၉ဝ)ခုနှစ် ရွေးကောက်ပွဲ(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်သည် ဂုဏ်သိက္ခာရှိသော မြန်မာနိုင်ငံ ပြည်သူတို့၏ သမိုင်းကိုဖေါ်ကျူးထားသည် ဟု ဆိုနိုင်ပါသည်။
အတွဲ(က)တွင် (၁၉၉ဝ)ခုနှစ်ရွေးကောက်ပွဲနှင့်ပတ်သတ်သော အကြောင်းအရာများနှင့်တကွ ရွေးကောက်ပွဲ နောက်ပိုင်း ဆယ်စုနှစ်အတွင်း နိုင်ငံရေးဖြစ်စဉ်များကိုဖော်ပြထားပါသည်။ ကျမတို့မြန်မာနိုင်ငံ၏ မမေ့သင့်မမေ့ထိုက်သော သမိုင်းတကွေ့၏ ရုပ်ပုံလွှာပေါ်လွင်စေရန် ပြုစုထားခြင်းဖြစ်ပါသည်။
အတွဲ(ခ)ပါဆောင်းပါးများတွင် မဲဆန္ဒရှင်ပြည်သူလူထု၊ ဝါရင့်နိုင်ငံရေးသမားများ၊ လူငယ်များ၊ လက်ရှိ နိုင်ငံရေး လှုပ်ရှားနေသူများ၏ အမြင်အမျိုးမျိုးကို လေ့လာနိုင်ပါတယ်။ ဒီမိုကရေစီကို အမှန်တကယ်လေးစားသူတို့သည် လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့်ကိုသာမက၊ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ခွင့်များ ယုံကြည် ကျင့်သုံးကြောင်းကို ဆောင်းပါးရှင်များ၏ ကွာခြားသောအမြင်များက ပြသနေပါသည်။ လွန်ခဲ့သော (၁ဝ)နှစ်အတွင်း လျှောက်လှမ်းခဲ့သော နိုင်ငံရေးခရီးကြမ်းအပေါ် ထင်မြင်ယူဆချက်များ မတူညီသော်လည်း၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ လိုလားရာတွင် လည်းကောင်း၊ အောင်နိုင်မှုပန်းတိုင်ရောက်သည့်အထိ ဆက်လက်ကြိုးပမ်းသွားရန် သန္နိဋ္ဌာန် ခိုင်မာရာ၌လည်းကောင်း၊ ဆောင်းပါးရှင်များ တစိတ်တဝမ်းတည်းသာဖြစ်ကြပါသည်။ မတူကွဲပြားမှုအပေါ် ညီညွတ်ရေးကို တည်ဆောက်နိုင်သည့် ဒီမိုကရေစီစိတ်ဓါတ်ကို ပေါ်လွင်စေပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီသည် (၁၉၉ဝ)ခုနှစ်ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်သည် ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းကို မှတ်တမ်း တင်ရုံသာမက ဒီမိုကရေစီစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။
(၁၉၉ဝ)ခုနှစ် ရွေးကောက်ပွဲ(၁ဝ)နှစ်မြောက်နေ့မှစ၍ မြန်မာနိုင်ငံသူ/နိုင်ငံသား တဦးချင်းသည် အာဏာပိုင်များကို ဂုဏ်သိက္ခာရှိစွာရင်ဆိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းကို ထွန်းတောက် ပြောင်မြောက်စွာ တည်ဆောက် သွားနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။ ။
အောင်ဆန်းစုကြည်
အထွေထွေအတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(၁၉၉ဝ)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်မြန်မာ့နိုင်ငံရေး
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
(၁၉၆၂)ခုနှစ် မတ်လ(၂)ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းပြီး နောက်ပိုင်းတွင်မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ် အခါကစ၍ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်မှာ စစ်အာဏာရှင်တို့ လက်အောက်တွင် ဖျက်ဆီးခံခဲ့ရပြီး၊ ပြည်သူလူထုမှာလည်း ဒီမိုကရေစီ အခွင့်အရေးများ ဆိတ်သုဉ်းကာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည်လည်း ကွယ်ပျောက် ခဲ့ရသည်။ ထိုမှတဖန် အာဏာသိမ်း အစိုးရမှ အသွင်ပြောင်းခဲ့သော (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) တပါတီ အာဏာရှင်စနစ်အောက်တွင်လည်း လူတို့၏ မွေးရာအခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများ ဆက်လက် ဆုံးရှုံးနေရပြီး၊ နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ တိုင်းရင်းသား လူမျိုးစုအရေးအပါအဝင် ကဏ္ဍစုံတွင် အဖက်ဖက်မှ အလုံးစုံ ဆုတ်ယုတ်ကျဆင်းခဲ့ရပေသည်။
ပြည်သူသည် အချုပ်အခြာအာဏာပိုင်၍ နိုင်ငံတော်အာဏာသည် ပြည်သူထံမှ ဆင်းသက်သော နိုင်ငံရေးစနစ်မျိုးနှင့် ဆန့်ကျင်သည့် တပါတီအာဏာရှင် စနစ်၏အုပ်စိုးမှုအောက်တွင် ပြည်သူတို့မှာ နင်းပြားဘဝသို့ရောက်ခဲ့ရပေသည်။ ထိုစဉ်က နိုင်ငံတော်ကို အုပ်ချုပ်သော မ.ဆ.လ.အစိုးရသည် (၁၉၇၄)ခုနှစ်မှစ၍ (၄)နှစ်တကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများကျင်းပ၍ ပြည်သူတို့အား မဲပေးစေခဲ့ပါသည်။ သို့သော် မဲဆန္ဒလာရောက်ပေးကြရသည့် ပြည်သူလူထုကြီးမှာမဲပေးရာတွင်မိမိတို့ နှစ်သက်သည့် ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အား ရွေးချယ်၍ မဲပေးရသည် မဟုတ်ပဲ မဆလပါတီမှအဆင့်ဆင့် ရွေးချယ် ပေးထားသော သူများကိုသာ ထောက်ခံမဲ/ကန့်ကွက်မဲဟူ၍ ပေးရခြင်းဖြစ်၍ အမှန်စင်စစ်မှာ ဆန္ဒခံယူပွဲများ အဆင့်မျှသာရှိပါသည်။ ပြည်သူလူထု၏ ဆန္ဒအမှန်ကို ဖေါ်ထုတ်နိုင်ခွင့်နှင့် လွတ်လပ်စွာ ရွေးချယ် တင်မြှောက်နိုင်ခွင့်ရှိသော ရွေးကောက်ပွဲများမှာ (၁၉၄၇)ခုနှစ်ကိုလိုနီခေတ်တွင်ပြုလုပ်ခဲ့သောတိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲနှင့် လွတ်လပ်ရေးရပြီးနောက် (၁၉၅ဝ)ခုနှစ်များအတွင်းပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲမျှသာဖြစ်သည်။
(၁၉၄၇)ခုနှစ် ရွေးကောက်ပွဲသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ နိုင်ငံလွတ်လပ်ရေးရရှိပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်မြောက်ရေးအတွက်ပြုလုပ်သော ရွေးကောက်ပွဲဖြစ်သကဲ့သို့(၁၉၉ဝ) ပြည့်နှစ် ရွေးကောက်ပွဲသည်လည်း စစ်အာဏာရှင် အုပ်စိုးမှုလက်အောက်မှ ပြောင်းလဲရေးအတွက်ပြု လုပ်သောရွေးကောက်ပွဲဖြစ်ပေသည်။ ထိုကဲ့သို့ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ပြောင်းလဲရန် အတွက် ရွေးကောက်ပွဲများကျင်းပမည်ဆိုသည့် ယုံကြည်ချက်သည် ပြည်သူတို့၏ ယုံကြည်ချက်သာ ဖြစ်ပေသည်။ နဝတ၏ရည်ရွယ်ချက် မဟုတ်ချေ။ ထို့အတူ ရွေးကောက်ပွဲကြီးမှ ပေါ်ထွက်လာသော ရွေးကောက်ပွဲရလဒ်သည်ကား (၂၆)နှစ်လုံးလုံး တပါတီအာဏာရှင် အုပ်စိုးမှုအောက် နင်းပြားဘဝသို့ရောက်ခဲ့ရပြီး၊ တဖန်စစ်အာဏာရှင်လက်အောက်သို့ပြောင်းလဲရောက်ရှိကာ ပြားသည်ထက်ပို၍ ပိပြားခဲ့ရသော အခြေအနေဆိုးမှ လွတ်မြောက်ရန်နှင့် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ အာမခံသော စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာစေရန် ပြည်သူလူထုကြီးက မျှော်လင့်ချက် ကြီးမားစွာဖြင့် မဲဆန္ဒပေးခဲ့ခြင်းမှ ပေါ်ထွက်လာရသော ရလဒ်ပင်ဖြစ်ပေသည်။ နဝတ မျှော်လင့်ခဲ့သော ရလဒ် မဟုတ်ချေ။
ကိုလိုနီနယ်ချဲ့ လက်အောက်တွင်ကျင်းပခဲ့သောရွေးကောက်ပွဲမှ တနှစ်အတွင်းလုံးဝလွတ်လပ်သော အချုပ်အခြာပိုင် ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာခဲ့သည်။ နဝတ စစ်အစိုးရလက်အောက် ကျင်းပသော ရွေးကောက်ပွဲပြီးစီးသည်ကား ယခုဆိုလျှင် (၁ဝ)နှစ်တင်းတင်းပြည့်ခဲ့ပြီ။ စစ်အာဏာရှင် အုပ်စိုးမှုမှ ပြည်သူလူထု ဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက် ပေးလိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီအစိုးရ အုပ်စိုးမှုသို့ ပြောင်းလဲခြင်း မရှိသေးချေ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူ၍သာအမည်ပြောင်းလဲပြီး ၄င်းတို့ထုတ်ပြန်ခဲ့သော ဥပဒေ၊ အမိန့်၊ ကြေညာချက်၊ ကတိစကားများကို လျစ်လျူရှုကာ ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ပေးရန်ကို အကြောင်းအမျိုးမျိုးပြ၍ ရှောင်ရှားနေပေသည်။ ဤသို့ ဆယ်စုနှစ်တခုကြာမြင့်အောင် ရွေးကောက်ပွဲရလဒ်အား လျစ်လျူရှု၍ ပြည်သူ့လွှတ်တော်ခေါ်ယူပေးခြင်း မပြုပဲနေသည်မှာ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့မြန်မာနိုင်ငံတခုတည်းသာ ရှိလေသည်။
(၁၉၉ဝ)ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတို့၏ အသက်၊ သွေး၊ ချွေးတို့စတေးပြီးမှ ပေါ်ပေါက်လာရသော ရွေးကောက်ပွဲဖြစ်၍ အလွန်မှပင် ကြီးမြတ်လှပေသည်။ ထို့နည်းတူ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခဲ့ကြသော ပြည်သူများကလည်း လုံးဝလွတ်လပ်၍ ပြည်သူသည်သာ အချုပ်အခြာ အာဏာပိုင်ဆိုင်သော၊ စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်နှင့် ဒီမိုကရေစီအခွင့်အရေးများကို မိမိတို့သာမက နောင် သားစဉ်မြေးဆက်ခံစားနိုင်ရေးအတွက် မျှော်လင့်ချက်ကြီးစွာ တာဝန်သိသိဆောင်ရွက်ခဲ့ခြင်းဖြစ်ပေသည်။ ထိုသို့ပြည်သူများ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းပြီးမှ ထွက်ပေါ်ခဲ့ရသော ရွေးကောက်ပွဲရလဒ်ကို အာဏာပိုင် စစ်အစိုးရအနေဖြင့် နှစ်ပေါင်းများစွာ လျစ်လျူရှုထားသည်မှာ အလွန်ပင်အကျည်းတန် အရုပ်ဆိုးလှပေသည်။ ယနေ့နိုင်ငံတော် အာဏာကို ဆုပ်ကိုင်ထားကြသော နဝတ/နအဖ စစ်အစိုးရသည် ဥပဒေအမျိုးမျိုး ပြဋ္ဌာန်း၍ လည်းကောင်း၊ အမိန့်အမျိုးမျိုးထုတ်၍လည်းကောင်း၊ ဦးတည်ချက်အမျိုးမျိုးချ၍လည်းကောင်း၊ ဆောင်ပုဒ်အမျိုးမျိုး ကြွေးကြော်၍လည်းကောင်း၊ ခေတ်မှီနိုင်ငံတော်သစ် တည်ဆောက်နေသယောင် ရုပ်ပြနေသည်။ သို့သော် လက်ငင်း အလေးထား ဆောင်ရွက်ရမည့် တန်ဖိုးကြီးလှသော ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးကို လျစ်လျူ ရှုထားသမျှ ကာလပတ်လုံး၊ တိုင်းပြည်သည် ခေတ်မှီတိုးတက်ဖို့ ဆိုသည်ထက်၊ လက်ရှိအဆင့်၌ပင် ရပ်တည်နေနိုင်ရန် လွယ်ကူမည်မဟုတ်ချေ။ အာဏာရှင်အစိုးရအနေဖြင့် ဒုက္ခဆိုးနှင့်ကြုံတွေ့နေရသော တိုင်းပြည်နှင့် ပြည်သူတို့၏ ဤအခြေအနေမှန်ကို သိလျက်နှင့် ဇွတ်တိုး၍လုပ်ဆောင်နေပါက ဆုံးရှုံးသည်ထက်ပို၍ ဆုံးရှုံးရမည်သာဖြစ်ပြီး ပြည်သူများမှာ နစ်နာသည်ထက် ပို၍နစ်နာကြပေမည်။
ရွေးကောက်ပွဲ၊ မဲဆန္ဒရှင်ပြည်သူ၊ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်နှင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သည် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်စပ် ပေါ်ပေါက် လာရခြင်းသာဖြစ်၍ ထိုသို့ကဏ္ဍအလိုက် ပေါ်ထွန်းလာမှုတို့အား ကောက်ကျစ်၊ လိမ်လည်၊ လှည့်ဖြားသော နည်းမျိုးစုံကို သုံး၍သော်လည်းကောင်း၊ မတရားသောဥပဒေ၊ အမိန့်၊ အာဏာများသုံး၍ ခြိမ်းခြောက်ခြင်း၊ အတင်းအကြပ် ဖိအားပေးခြင်း၊ ဖမ်းဆီးချုပ်နှောင်၊ ညှဉ်းပမ်းနှိပ် စက်ခြင်း၊ ထောင်ချခြင်း၊ မိသားစုဘဝပျက်စေခြင်း၊ အသက်ဆုံးရှုံးစေခြင်း-စသည့် နည်းပေါင်းစုံကိုသုံး၍ သော်လည်းကောင်း ရှောင်ရှား၍လည်းမရနိုင်ပေ။ အာဏာပိုင်တို့၏ လက်နက်အားကိုး အနိုင်ကျင့် မတရားလုပ်ဆောင်နေမှုများသည်သာ မြန်မာနိုင်ငံသမိုင်း၏ အနိဋ္ဌာရုံများအဖြစ် တင်ကျန်နေပြီး၊ ပြည်သူက ရွေးချယ် တင်မြှောက်ပေးလိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်နှင့် စစ်မှန်သည့်ဒီမိုကရေစီနိုင်ငံတော်သည်ကား မုချမသွေ ပေါ်ထွန်းလာမည်သာ ဖြစ်ပေသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းခြင်း။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်ခြင်း
(၁၉၉၈)ခုနှစ် မတ်လ(၁၃)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ၏ ပဋိပက္ခအား မဆလအစိုးရ၏ ရက်စက်စွာ ပစ်ခတ်နှိပ်ကွပ်မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် ကျဆုံးခဲ့ရသည်။ ထို့နောက် ကျောင်းသားများ၏ တောင်းဆိုချက်များကို မဆလ အစိုးရက မလိုက်လျောခဲ့သဖြင့် စတင်ခဲ့သော အရေးအခင်းတွင် နိုင်ငံ၏အခြေအနေအရပ်ရပ်အပေါ် မကျေနပ်ဖြစ်နေသော ပြည်သူလူထု ပါဝင်လာခဲ့သည်။ ထို့မှတဆင့် ဇွန်လအရေးအခင်းများ၊ “၈၈၈၈” ရှစ်လေးလုံးအရေးတော်ပုံ စသည့် ပြည်သူလူထုအုံကြွမှုများ နိုင်ငံတဝှမ်းတွင် ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပေသည်။
ကျောင်းသားပဋိပက္ခမှ စတင်ခဲ့သည်ဟုဆိုသော်လည်း အမှန်စင်စစ်မှာ (၂၆) နှစ် လုံးလုံး စစ်အာဏာရှင်စနစ်နှင့် တပါတီအာဏာရှင်စနစ်အောက်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အပါအဝင် အဖက်ဖက်တွင် နိမ့်ကျလာပြီး တိုင်းပြည်မှာလည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝသို့ရောက်ခဲ့ရ၍၊ ပြည်သူလူထုကြီးမှာ တပါတီအာဏာရှင်၏ မတရားမှုများအပေါ်တွင် ကြိမ်မီးအုံးသဖွယ် ခံစားခဲ့ကြရာမှ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးပင် ဖြစ်ပေသည်။ ထိုကဲ့သို့ပြည်သူလူထုတရပ်လုံး ခံစားနေရချိန်တွင် မဆလအစိုးရသည် ကျောင်းသားများအရေးအား ပြေလည်အောင်ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ရာမှ နိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူများနှင့်တကွ ကျောင်းသားမျာ၊ တပ်မတော်သားများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် အလွှာအသီးသီးမှ ပြည်သူများသည် တပါတီစနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းပေးရေး-စသည့်ကြွေးကြော်သံများဖြင့် မဆလအစိုးရ၏ အုပ်စိုးမှုအား ဆန့်ကျင် ဆန္ဒပြခဲ့သော ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပေသည်။
ဒီမိုကရေစီအရေးတော်ပုံကြီးသည် ပေါ်ပေါက်လာခဲ့ခြင်းသည် မည်သည့်ပါတီ၊ မည်သည့်လူ တစု၊ တဖွဲ့၏ ဦးဆောင်မှုကြောင့်မဟုတ်၊ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့သည့် လူနေမှုဘဝ အနိဋ္ဌာရုံများကို အကြောင်းခံ၍လည်းကောင်း၊ မခံမရပ်နိုင်ကြသော ဒီမိုကရေစီလိုလားသူများက အမျိုးသားရေးအတွက် နိုးကြားတက်ကြွစွာ ပါဝင်ဆန္ဒပြခြင်း မှလည်းကောင်း ပေါက်ဖွားလာခဲ့သည်ကို အထင်အရှားတွေ့ကြရပေသည်။ ထိုကဲ့သို့ပြည်သူလူထုတရပ်လုံး၏ ဆန္ဒပြတောင်းဆိုမှုများသည် မြန်မာတွင်သာမက ကမ္ဘာတဝှမ်းလုံးတွင် ကဗ္ဗည်းတင်သော အရေးတော်ပုံကြီးဖြစ်ပြီး မြန်မာ့သမိုင်းတွင် ထာဝစဉ်မော်ကွန်းတင် ကျန်ရစ်မည့် သမိုင်းမှတ်တိုင်ကြီးတခုဖြစ်သကဲ့သို့မြန်မာနိုင်ငံ၏ သမိုင်း အချိုးအကွေ့တခုလည်း ဖြစ်ပေသည်။
ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းခြင်း
ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းသည် ပြည်သူတို့၏ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ရာ ဇူလိုင်လ (၂၃) ရက်နေ့တွင် မဆလပါတီဥက္ကဋ္ဌဦီးနေဝင်း နှုတ်ထွက်သွားရပြီးနောက် နိုင်ငံတော်သမတရာထူးကိုယူခဲ့သူ ဦးစိန်လွင်က မဆလအစိုးရ အာဏာတည်မြဲရေးအတွက် ဆန္ဒပြသူ ပြည်သူလူထုကြီးအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သည့်နည်းကို အသုံးပြုခဲ့သည်။ သို့သော် ပြည်သူ လူထုကြီးမှာ အသက်သွေးချွေးတို့ အဆုံးအရှုံးခံ၍ တပါတီစနစ်ဖျက်သိမ်းပေးရန်နှင့် ဒီမိုကရေစီကိုသာ ဆက်လက် တောင်းဆိုသောကြောင့် ဦးစိန်လွင် ရာထူးမှနှုတ်ထွက်ရပြီး၊ ဒေါက်တာမောင်မောင်က သမတအဖြစ် ဆက်လက် တာဝန်ယူပြန်သည်။ ဒေါက်တာမောင်မောင် အစိုးရလက်ထက်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ပေးမည်။ ရွေးကောက်ပွဲများကျင်းပပေးမည်ဟု ကြေညာခဲ့ပြီး (၁၉၈၈)ခုနှစ် စက်တင်္ဘာလ(၁၁)ရက် နေ့တွင် စတုထ္တအကြိမ် ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးက လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကြီးမှူးကျင်းပနိုင်ရေးအတွက်ဟုဆိုကာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အား ဖွဲ့စည်းခဲ့ပါသည်။ ရွေးကောက်ပွဲကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းခဲ့ပါသည်။
• ဦးဘဌေး ဥက္ကဋ္ဌ
• ဆရာချယ် အဖွဲ့ဝင်
• စောကြာဒိုး အဖွဲ့ဝင်
• ဦးကျော်ညွန့် အဖွဲ့ဝင်
• ဦးစန်းမောင် အဖွဲ့ဝင်
• ဦးအေးမောင် (အတွင်းရေးမှူး)တို့ ဖြစ်ပါသည်။
စစ်တပ်မှ အာဏာသိမ်းခြင်း
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
ထိုသို့ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းပေးပြီးနောက်ပိုင်းတွင်လည်း တပါတီစနစ်ကို လုံးဝ အယုံအကြည်မရှိ၊ အလိုမရှိတော့သော ပြည်သူလူထုကြီးမှာ မဆလ ပါတီဖျက်သိမ်းရေးနှင့် ဒီမိုကရေစီရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ဆက်လက်တောင်းဆို ဆန္ဒပြခဲ့ကြပေသည်။ သို့နှင့် (၁၉၈၈)ခုနှစ် စက်တင်္ဘာလ(၁၈)ရက်နေ့တွင် နိုင်ငံ၏ ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသော မြန်မာ့တပ်မတော်မှခေါင်းဆောင်များသည် ညှာတာမှုကင်းမဲ့စွာဖြင့် ပြည်သူကို ကာကွယ်ရန်ဖြစ်သော လက်နက်များကိုပင်အသုံးပြုကာ ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင်ပါဝင်သော ရဟန်းရှင်လူ ကျောင်းသား ပြည်သူအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်စေခိုင်းခဲ့၏။ ထို့နောက် နိုင်ငံတော်အာဏာကိုသိမ်းယူပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(စစ်အစိုးရ)ကို နဝတအမိန့်အမှတ် (၁/၈၈)ဖြင့် ဖွဲ့စည်းခဲ့သည်။
စစ်တပ်မှ အာဏာသိမ်းသည်နှင့် နိုင်ငံတဝှမ်းလုံးတွင် ဒီမိုကရေစီကို လိုလားတောင့်တနေသော ပြည်သူလူထုကြီးမှာ စစ်တပ်၏ ရက်စက်မှုအောက် အသက်သွေးမြေကျရခြင်း၊ ပျောက်ဆုံးသွားရခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ နိုင်ငံ၏ပြင်ပသို့ ထွက်ခွာသွားရခြင်း-စသော ဖိနှိပ်မှုပေါင်းစုံကိုခံခဲ့ရပေသည်။ အာဏာသိမ်းသည့် (၁၉၈၈)ခုနှစ် စက်တင်္ဘာလ(၁၈) ရက် နေ့တွင် ထုတ်ပြန်ခဲ့သော နဝတ ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
(ကြေညာချက်အမှတ် ၁/၈၈)
(၁၃၅ဝ)ပြည့်နှစ် တော်သလင်းလဆန်း (၈)ရက်
(၁၉၈၈)ခုနှစ် စက်တင်္ဘာလ (၁၈)ရက်
၁။ နိုင်ငံတော်တစ်ဝှမ်းလုံးတွင် အဘက်ဘက်မှ ယိုယွင်းနေသောအခြေအနေကို အချိန်မှီ ထိန်းသိမ်း နိုင်ရန်အတွက် ပြည်သူပြည်သား အားလုံးအကျိုးငှာ တပ်မတော်သည် အောက်ပါ လက်ငင်း လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရန် ယနေ့မှစ၍ နိုင်ငံတော်အာဏာ အရပ်ရပ်ကို လုံးဝတာဝန်ယူလိုက်သည်။
(က) တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊
(ခ) လမ်းပမ်းဆက်သွယ်မှုလုံòခံချောမွေ့စေရေး၊
(ဂ) ပြည်သူများ စာဝတ်နေရေးချောင်လည်စေရန် ဤအဖွဲ့မှ အစွမ်းကုန် ကြိုးပမ်း ဆောင် ရွက်ပေးရန်နှင့် ပုဂ္ဂလိက၊ သမဝါယမတို့ ဆောင်ရွက်နိုင်အောင်လည်း တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်ရေး။
(ဃ) အထက်ပါ လုပ်ငန်းရပ်များ ပြည့်စုံပြီးလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေး၊
၂။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းအကောင်အထည် ဖော်နိုင်ရန် လက်ရှိပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်ကို ဆက်လက်ထားရှိမည်။
၃။ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် အဆင်သင့်ဖြစ်နေရန်အတွက် စစ်မှန်သော ဒီမိုကရေစီကို လက်ခံကျင့်သုံးမည့် ပါတီအဖွဲ့အစည်းများသည် ယခုအခါမှစ၍ ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်။
၎။ အထက်ပါ လုပ်ငန်းရပ်များအောင်မြင်စေရန်အတွက် လက်ရှိလှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ၊ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းပါသည်။
အထက်ဖော်ပြပါကြေညာချက်အရ မြန်မာ့တပ်မတော်သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် မဆလ အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်များဆက်လက် တာဝန်ပေးအပ်ခဲ့ပြီး စစ်မှန်သောဒီမိုကရေစီကို လက်ခံကျင့်သုံးမည့် နိုင်ငံရေးပါတီအဖွဲ့အစည်းများကို ပြင်ဆင်ဖွဲ့ စည်းစေခဲ့ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမောင်၏ တိုင်းပြည်သို့တင်ပြချက်များ
ထိုကာလအတွင်း (၁၉၈၈)ခုနှစ် စက်တင်္ဘာလ (၂၃)ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်က နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှုတည်ဆောက်ရေးအဖွဲ့(စစ်အစိုးရ)၏ “တင်ပြမေတ္တာရပ်ခံချက်”ကို တိုင်းပြည်သို့ ကြေညာခဲ့လေသည်။ ထိုမေတ္တာရပ်ခံချက်တွင်-
“ကျြနော်တို့အနေနဲ့အစိုးရကိုဖွဲ့စည်းခြင်းဟာ နိုင်ငံတနိုင်ငံမှာ ရှိသင့်ရှိထိုက်တဲ့အင်္ဂါတရပ် နဲ့ပြည့်စုံစေဖို့၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ တာဝန်တွေကို ခွဲဝေထမ်းဆောင်နိုင်ဖို့ အတွက်သာဖြစ်ပြီး ပုဂ္ဂိုလ်အနည်းငယ်မျှနဲ့သာ တာဝန်တွေ များပြားစွာပေးအပ်ထားခြင်းကနိုင်ငံတော် အာဏာကို ကြာရှည်လေးမြင့်စွာ ရယူလိုသောဆန္ဒ လုံးဝမရှိကြောင်းကို ထင်ရှားစေပါတယ်။ ကျနော်တို့နှင့်တကွ လုပ်ဖော်ကိုင်ဖက်များ၊ တပ်မတော်သားအားလုံးက နိုင်ငံတော် အာဏာကို ကြာရှည်စွာရယူလိုသော ဆန္ဒမရှိကြောင်း၊ ရဟန်းရှင်လူ ပြည်သူအပေါင်းကို ရိုသေလေးစားတည်ကြည်စွာကတိပြုပါတယ်” ဟူ၍ ၄င်းနှင့်အတူ ၄င်း၏လုပ်ဖော်ကိုင်ဖက် တပ်မတော်သားများ နိုင်ငံတော်အာဏာကို ကြာရှည်စွာ ရယူထားလိုစိတ် မရှိကြောင်းကို ရဟန်းရှင်လူ ပြည်သူအပေါင်းအား ကတိပေးခဲ့ပေသည်။
ထိုမေတ္တာရပ်ခံချက်မှာပင်-
“-တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့လည်း နိုင်ငံ့ကျေးဇူးသစ္စာကို ခံယူထားတဲ့ အဖွဲ့အစည်းဖြစ်လို့ နိုင်ငံတော်နဲ့နိုင်ငံသားများအပေါ် ဝန်ခံထားရှိပြီးဖြစ်တဲ့ ကတိသစ္စာကို မည်သို့သော အကြောင်း ကြောင့်မျှ ပယ်ဖျက်ဖောက်ဖျက်မှာ မဟုတ်ကြောင်း ယုံကြည်ထားရှိကြစေလိုတယ်-”ဟူ၍ တပ်မတော်သားများ၏ ကတိသစ္စာ တည်ကြည်မှုကို ယုံကြည်စေရန် ထပ်လောင်း၍ ပြောဆိုခဲ့ပေသည်။
ထို့ပြင်-
“- ကျနော်တို့ တာဝန်ယူရမယ့် ကာလဟာ အလွန် တိုတောင်းတဲ့အတွက် ကျန်းမာရေး၊ ပညာရေး၊ အခြားလူမှုရေးဆိုင်ရာ လုပ်ငန်းများကို ထိုက်သင့်သလောက်သာ ထိန်းသိမ်း ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ရေရှည်ကို ပြုပြင်ဆောင်ရွက်မယ့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများကိုတော့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်ပပြီးနောက် တက်ရောက်လာမယ့် အစိုးရအဖွဲ့အစည်းကဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ ပြည်သူ ပြည်သားများက မိမိတို့ ဒီမိုကရေစီ ရပိုင်ခွင့်အရ လွတ်လပ်မျှတစွာ ရွေးချယ်တင်မြှောက်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ အစည်းကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးပြီးတာနဲ့ ကျနော်တို့ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်တွေကိုသာ ဆက်လက်ဆောင်ရွက်သွားဖြစ်ကြောင်း ထပ်မံကတိပေးလိုပါတယ်။” ဟူ၍ ၄င်းတို့တာဝန်ယူမည့်အချိန်မှာ အလွန် တိုတောင်းမည်၊ ရွေးကောက်ပွဲပြီးလျှင် ပြည်သူလူထုမှ ရွေးချယ် တင်မြှောက် ပေးလိုက်သောအဖွဲ့အစည်းအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေကာ စစ်တန်းလျားပြန်မည်ဟု ပြည်သူလူထု တရပ်လုံးအား ထပ်မံ ကတိပေးပါသည်။ ထိုကဲ့သို့တိုင်းပြည်ကို အုပ်ချုပ်နေသော အစိုးရမှ ကတိများ ထပ်တလဲလဲ ပေးပြီး နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအား ထုတ်ပြန်ခဲ့လေသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအား ထုတ်ပြန်ခြင်း၊ နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားစဉ်ကာလအခြေအနေ။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအား ထုတ်ပြန်ခြင်း
(၂၇၊ ၉၊ ၈၈)ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် (၄/၈၈)ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်ဟုဆိုကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ ထိုဥပဒေ၏ အခန်း(၁)တွင် အောက်ပါအတိုင်း ပါရှိပါသည်။
အမည်နှင့် အဓိပ္ပါယ်ဖေါ်ပြချက်
၁) ဤဥပဒေကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေဟုခေါ်တွင်စေရမည်။
၂) ဤဥပဒေတွင် ပါရှိသောစကားရပ်များသည် ဖေါ်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။
(က) နိုင်ငံရေးပါတီဆိုသည်မှာ စစ်မှန်သောဒီမိုကရေစီကို ကျင့်သုံးသော အဖွဲ့အစည်းကို ဆိုလိုသည်။
(ခ) ရွေးကောက်ပွဲဆိုသည်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဆိုလိုသည်။
(ဂ) ကော်မရှင်ဆိုသည်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို ဆိုလိုသည်- ဟု ပြဋ္ဌာန်းထားပါသည်။
ထိုဥပဒေပါ အချက်များအရလည်းကောင်း ကြေညာချက်(၁/၈၈)ပါ အချက်များအရလည်းကောင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် တိုင်းပြည်အားစစ်မှန်သောဒီမိုကရေစီနိုင်ငံ စနစ်မျိုးဖြင့်သာ တည်ဆောက်မည်ဟု ပြဋ္ဌာန်းထားလိုက်ခြင်းဖြစ်သည်။ (ဤဥပဒေသည် ရွေးကောက်ပွဲ ကျင်းပပေးမည့်စစ်အစိုးရမှ ထုတ်ပြန်ခဲ့သော ဥပဒေဖြစ်၍ ဥပဒေပါအချက်များအား ဥပဒေထုတ်သောသူမှ တိတိကျကျ လိုက်နာဆောက်ရွက်ရန် လိုပေသည်။ မိမိတို့ထုတ်ပြန်သော ဥပဒေအား မိမိတို့ ကိုယ်တိုင် ချိုးဖောက်ခြင်း မဖြစ်သင့်ချေ။)
စစ်မှန်သော ဒီမိုကရေစီနိုင်ငံ၊ စစ်မှန်သောဒီမိုကရေစီစနစ်ဆိုသည်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများမှ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ် တင်မြှောက်ပြီး နိုင်ငံတော်အာဏာသည် ပြည်သူများထံမှ ဆင်းသက်သောစနစ်မျိုးပင်ဖြစ်သည်။ ပြည်သူ လူထု၏ဆန္ဒနှင့် မကိုက်ညီသော၊ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခြင်းမရှိသော အဖွဲ့အစည်း တခုခုမှ ဦးဆောင်သော နိုင်ငံရေးစနစ်မျိုးမဟုတ်ချေ။
ဤကဲ့သို့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပေါ်ထွက်လာပြီးနောက် နိုင်ငံရေးပါတီများ တည်ထောင်၍ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်တွင် မှတ်ပုံတင်ပြီး စည်းရုံးရေးနှင့် ဖွဲ့စည်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါသည်။ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ပြည်သူတို့၏ ဒီမိုကရေစီ တိုက်ပွဲရလဒ်အဖြစ် ပေါ်ထွန်းလာသော နိုင်ငံရေးအဖွဲ့အစည်းတရပ် ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံတွင် ပြည်သူတို့၏ လွတ်လပ်ခွင့်၊ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးတို့ကို ပေးစွမ်းနိုင်မည့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကို ပြည်သူများနှင့်အတူ တည်ထောင်သွားရန်အတွက် (၂၇၊ ၉၊ ၈၈)ရက်နေ့မှာပင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်၌ တရားဝင်မှတ်ပုံတင်၍၊ ဖွဲ့စည်းရေးနှင့် စည်းရုံးရေးလုပ်ငန်းများကို နိုင်ငံတဝှမ်းလုံးတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။
ကော်မရှင်တွင် မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်သည့် နိုင်ငံရေးပါတီစုစုပေါင်း (၂၃၅)ပါတီရှိ ခဲ့ပေသည်။ ပါတီများ ဤမျှများပြားစွာထွက်ပေါ်လာခြင်းမှာ နှစ်ပေါင်းများစွာ တပါတီစနစ်အောက်တွင် လူတို့၏ မွေးရာပါ အခြေခံ အခွင့်အရေးများနှင့် ဒီမိုကရေစီအခွင့်အရေးများ၊ တိုင်းရင်းသားလူမျိုးနွယ်စု များ၏အခွင့်အရေးများ ဆုံးရှုံးခဲ့ရပြီးနောက် လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းပိုင်ခွင့်၊ စည်းရုံးဟောပြော ပိုင်ခွင့်၊ မိမိတို့၏အယူအဆဝါဒများကို ထုတ်ဖေါ် ပြောဆိုပိုင်ခွင့်များ ရရှိသည်နှင့်တပြိုင်နက် နှစ်ပေါင်းများစွာ ဖိနှိပ်ကန့်သတ်ခြင်းခံခဲ့ရသော ခံစားချက်များ ပွင့်အံလာခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ထွန်းလာမှသာ လူတို့၏ မွေးရာပါ အခြေခံ အခွင့်အရေးများကို ခံစားရမည်ဖြစ်ရာ နိုင်ငံတဝှမ်းလုံးရှိ လူထုလူတန်းစားအလွှာအသီးသီးမှ ပြည်သူများသည်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများသည်လည်းကောင်း၊ ကျောင်းသားများသည်လည်းကောင်း၊ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများအတွက် ထုတ်ဖော်ပြောဆိုတင်ပြရန် နိုင်ငံရေးစင်မြင့်ဖြစ်သော နိုင်ငံရေးပါတီ အဖွဲ့အစည်း အသီးသီးကို တည်ထောင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံအတွင်း၌ ဒီမိုကရေစီရေး လူထုအုံကြွမှု အရေးတော်ပုံတွင်ပါဝင်ခဲ့သောပြည်သူများအားကိုယ်စားပြုသည့်ပါတီများ၊ တိုင်းရင်းသားလူမျိုးစုပါတီများ၊ ကျောင်းသားများအား ကိုယ်စားပြုသည့်ပါတီများ၊ အခြားလူထုလူတန်းစား အလွှာအသီးသီး တည်ထောင်ဖွဲ့စည်းထားသည့် ပါတီများ-စသည်ဖြင့် ပါတီအဖွဲ့အစည်းပေါင်း(၂၃၅) ပါတီ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ပါတီအဖွဲ့အစည်း အများအပြား ပေါ်ပေါက်လာရခြင်းသည် တိုင်းပြည်တွင် ပြည်သူလူထုက ဒီမိုကရေစီအခွင့်အရေးနှင့် အခြေခံ လူ့အခွင့်အရေးများ မည်မျှ လိုချင်ကြောင်းကိုလည်း ထင်ဟပ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ပင် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ခါစ ဂျပန်နှင့် စပိန်နိုင်ငံများတွင်လည်း အလားတူ နိုင်ငံရေးပါတီ မြောက်များစွာ ထွက်ပေါ်ခဲ့ပါသည်။
ထို့အပြင် နဝတကလည်း နိုင်ငံရေးပါတီများ များသည်ထက်ပို၍ များပြားစွာ ပေါ်ထွက်လာစေရန်အတွက် ပါတီများကို တယ်လီဖုန်းပေးခြင်း၊ ဓါတ်ဆီဖြည့်ပေးခြင်းပြုလုပ်ခဲ့ပါသည်။ မိမိတို့လိုလားသော ပါတီအင်အားစုများမွေးရန်နှင့် ဒီမိုကရေစီမဲများ ပြန့်သွားစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ နဝတ သည် နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခွင့်၊ စည်းရုံးခွင့်များပြုသည်ဆိုသော်လည်း လွတ်လပ်စွာဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ ဟောပြောခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ အစည်း အဝေးလုပ်ခွင့်၊ စီတန်းလှည့်လည်ခွင့်များ မရှိခဲ့ချေ။ အမိန့်အမှတ်(၂/၈၈)၊ ကြေညာချက်အမှတ်(၈/၈၈)များဖြင့် ကန့်သတ်တားဆီး၍ လည်းကောင်း၊ နိုင်ငံရေးပါတီများ၏ လုပ်ပိုင်ခွင့်များကို အကန့်အသတ်အတားအဆီးများပြုလုပ်ကာ ဥပဒေ အား လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို သုံးစွဲသည်ကို တွေ့လာရပါသည်။
နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားစဉ်ကာလအခြေအနေ
နိုင်ငံရေးပါတီများ တည်ထောင်ဖွဲ့စည်းပြီးနောက် နိုင်ငံရေးပါတီများသည် ဒေသအလိုက်၊ လူ မျိုးစုအလိုက် စည်းရုံးရေးနှင့် ဖွဲ့စည်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း တိုင်းနှင့်ပြည်နယ်တာဝန်ခံများ ခန့်အပ်တာဝန်ပေး၍ နိုင်ငံတဝှမ်းလုံး၌ ပြည်နယ်နှင့်တိုင်း စည်းရုံးရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ မြို့နယ်စည်းရုံးရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ၄င်းမှတဆင့် ကျေးရွာအုပ်စုများတွင် ရပ်/ကျေးစည်းရုံးရေးအဖွဲ့များဖွဲ့စည်းခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး ခန်းဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ အဖွဲ့ချုပ်အလံလွှင့်ထူခြင်း၊ အဖွဲ့ချုပ်အဖွဲ့ဝင်များအား လက်ခံခြင်း-စသည့် ဖွဲ့စည်းရေးနှင့် စည်းရုံးရေး လုပ်ငန်းများကိုလုပ်ဆောင်ပါသည်။
အဖွဲ့ချုပ်အနေဖြင့် ပြည်သူလူထုအား စည်းရုံးရာတွင် အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအောက်တွင်လည်းကောင်း၊ စည်းရုံးရေး လမ်းညွှန်မှုအောက်တွင်လည်းကောင်း ဟောပြောစည်းရုံးခဲ့သည်။ ဒီမိုကရေစီကို လိုလား တောင့်တနေသော ပြည်သူလူထုကြီးမှာ ဥက္ကဋ္ဌဦးတင်ဦး၏ တည်ကြည် ဖြောင့်မတ်သော ခေါင်းဆောင်မှုနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ စူးရှထက်မြတ်သော ခေါင်းဆောင်မှုကို ပေါင်းစပ်ထားသည့် အရည်အသွေးပြည့်ဝသောခေါင်းဆောင်မှုကို ယုံကြည် အားကိုး၍လည်းကောင်း၊ အဖွဲ့ချုပ်၏ မူဝါဒကိုလိုလားနှစ်သက် ထောက်ခံ၍လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုတောင်းသော အချိန်ကာလအတွင်းမှာပင် မြန်မာနိုင်ငံ၌ အင်အားအတောင့်တင်းဆုံး နိုင်ငံရေးပါတီကြီးဖြစ်လာပြီး၊ ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူတို့၏ ထောက်ခံအားပေးမှုဖြင့် မေတ္တာစေတနာကို ရရှိသကဲ့သို့အဖွဲ့ဝင်အင်အားများလည်း သန်းနှင့်ချီ၍ စည်းရုံးရရှိခဲ့သည်။ အထူးသဖြင့် အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၏သမီး ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်လေးစားချစ်ခင်သည့်အလျောက် အဖွဲ့ချုပ်သည် ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူတို့၏ ထောက်ခံမှုကို အတိုင်းထက် အလွန်ရရှိခဲ့ခြင်းလည်းဖြစ်ပေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းနှင့်ပြည်နယ်များသို့ စည်းရုံးရေးခရီးစဉ်၊ ရွေးကောက်ပွဲဥပဒေအား ပြဌာန်းခြင်း၊ ဗိုလ်ချုပ်ကြီးစောမောင်၏ပြောကြားချက်များ။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
အဖွဲ့ချုပ်အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းနှင့်ပြည်နယ်များသို့ စည်းရုံးရေးခရီးစဉ်
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းနှင့်ပြည်နယ်များသို့စည်းရုံးရေးခရီးထွက်ရာတွင် ပြည်သူ လူထုကြီး၏ထောက်ခံမှုကို လွန်စွာမှပင်ရရှိခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏ စည်းရုံးရေး ခရီးစဉ်တွင်ရှိသော တိုင်း၊ ခရိုင်၊ မြို့နယ်များသို့မရောက်မှီကပင် ထိုဒေသများရှိ ပြည်သူလူထုကြီးက ကြိုဆိုရန်၊ နှုတ်ဆက်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လာရောက်နားထောင်ရန် အားကြိုးမာန်တက်ရှိနေကြပါသည်။ ထို့နည်းတူစွာ အာဏာပိုင်များကလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့် ခရီးလမ်းတလျှောက်တွင် အနှောက်အယှက်အဟန့် အတားများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်ကြပါတော့သည်။ ထို့ကြောင့်- ‘ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်သည် ပြည်သူလူထု၏ဆန္ဒနှင့် အာဏာပိုင်တို့၏ မတရားဖိနှိပ်မှုတို့ အားပြိုင်နေသကဲ့သို့ဖြစ်နေသည်’ကို တွေ့ရပါသည်။
အာဏာပိုင်များဘက်က ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပါက မကြိုရ၊ ပန်းမကမ်းရ၊ နှုတ်မဆက်ရ၊ လမ်းပေါ်မထွက်ရ၊ အိမ်ထဲမှမထွက်ရ၊ ခေါင်းပြူမကြည့်ရဟု အမိန့်များထုတ်၍ ခြိမ်းခြောက်ခြင်းဖြင့်လည်းကောင်း၊ နဝတ၏အမိန့်အမှတ် (၂/၈၈)၊ ကြေညာချက်အမှတ်(၈/၈၈)တို့ကို မြို့ အနှံ့၊ ရွာအနှံ့၊ နေ့ညမပြတ်၊ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိချိန်မှစ၍ ပြန်လည် မထွက်ခါမှီအချိန်အထိ ကြေညာ၍လည်းကောင်း ပြည်သူလူထုအား မတရား ခြိမ်းခြောက်ဟန့်တားခဲ့ပေသည်။ ထို့ပြင် စက်သေနတ်ကြီးများ အမြှောက်ကြီးများအား ကားပေါ်တင်၍ မြို့အတွင်း လှည့်လည်ခြိမ်းခြောက်ခြင်း၊ တပ်မတော်သား ရဲဘော်များအား လည်ပင်းတွင် အနီရောင်လည်စည်းများ စည်းစေ၍ စစ်လက်နက် ပစ္စည်း၊ အသုံးအဆောင်ပစ္စည်းအပြည့်အစုံဖြင့် ပြည်သူများ၏ ရှေ့မှောက်တွင် တိုက်ပွဲဝင်တော့မည့်အလား ပြင်ဆင်ထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်လာရာလမ်းတလျှောက်တွင်လည်း တံတားဖြတ်ကျော်ရမည်ဆိုလျှင်၊ မလာမီကပင် တံတားအား ဖျက်ထား၏။ လမ်းလျှောက်၍သွားရမည်ဆိုပါလျှင် လမ်းပေါ်တွင် အတားအဆီးများချထား၍ လမ်းပိတ်ထား၏။ ကြိုဆို ဧည့်ခံသူများအတွက် အသုံးပြုရန် ကားများကိုငှားရန် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ကားပိုင်ရှင်များအား တားဆီးထားပြန်၏။ ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့်အိမ်အား မီးဖြတ်ခြင်း၊ ရေဖြတ်ခြင်း၊ အိမ်ရှေ့လမ်းမအား သံဆူး ကြိုးများချထားခြင်းစသည်ဖြင့် နည်မျိုးစုံဖြင့် လုပ်ဆောင်ကြသည်။ ထို့ပြင် တချို့သော တိုင်းများတွင် ဒေါ်အောင်ဆန်းစုကြည် မလာမီရက်ပိုင်းလေးအတွင်း မြို့နယ်အတွင်းရှိအသံချဲ့စက်များကိုသက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ ရုံးများတွင် လာရောက်အပ်နှံထားရန် အမိန့်ထုတ်၍ သိမ်းဆည်း ထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့် နေရာအနီးတွင်း အသံချဲ့စက်များကို တပ်ဆင်ထား၍ ဟောပြောပါက အနှောက်အယှက်ဖြစ်စေရန် စီစဉ်ထား၏။
ပြည်သူများမှ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံရန် လှေဖြင့်လာရမည်ဆိုပါက ထိုအရပ်ဒေသရှိ လှေများကို ဖမ်းဆီးထားပြန်၏။ သို့သော်လည်း လှေမရှိသောအရပ်မှ ပြည်သူများက ညအချိန်ကပင် ရသည့်အရာမှန်သမျှကို အသုံးပြု၍ မြစ်ကိုဖြတ်၍လည်းကောင်း၊ အချို့မှာ ရေကူး၍ လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံရန်အတွက် ကြိုတင်ရောက်ရှိနေကြပေသည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမည့်ဒေသနှင့်ဝေးကွာသော ဒေသမှ ပြည်သူများသည် ရရာယာဉ်ကို စီး၍လည်းကောင်း၊ ခြေလျှင်ခရီးကိုအပြေးနှင်၍လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် ရှိရာအရပ်သို့ အခက်အခဲ အတားအဆီးအမျိုးမျိုးကြားမှ ရောက်ရှိနေကြပေသည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ လာသောအခါတွင် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်သော၊ ထောက်ခံသော ပြည်သူလူထုကြီးမှာ အာဏာပိုင်တို့၏ တားဆီးခြိမ်းခြောက်မှုများကို ကျော်ဖြတ်ကာ မိမိတို့နေအိမ်များမှ လည်းကောင်း၊ မိမိတို့၏ စောင့်ဆိုင်းနေသည့် နေရာမျာမှလည်းကောင်း ထွက်လာကြပြီး ဒေါ်အောင်ဆန်းစုကြည်အား ဝမ်းပန်းတသာ လှိုက်လှဲစွာဖြင့် လာရောက် တွေ့ဆုံကြပါသည်။ လက်နက်ကိုင်၍ ခြိမ်းခြောက်နေသော၊ အသံချဲ့စက်ဖြင့် ဥပဒေ၊ အမိန့်များကို ကြေညာ၍ ခြိမ်းခြောက်နေသောအာဏာပိုင်တို့၏ လုပ်ရပ်သည် ပြည်သူ့ဆန္ဒအား ကျော်လွန်၍ မရသည်ကို လက်တွေ့ကျကျ မြင်တွေ့ရပေတော့သည်။ စင်စစ်အားဖြင့် ပြည်သူ့ဆန္ဒနှင့် အာဏာပိုင်တို့၏မတရားမှု ပြိုင်ပွဲတွင် ပြည်သူတို့က အောင်ပွဲခံခြင်းပင် ဖြစ်ပါတော့သည်။ မည်သို့ပင် တားဆီးပိတ်ပင်သည်ဖြစ်စေ ပြည်သူလူထု၏ ဆန္ဒအား ဆန့်ကျင်၍ မရနိုင်ပါ။ ပြည်သူချစ်သော ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်သူတို့၏ အလယ်တွင်သာတည်း။
အထွေထွေအတွင်းရေးမှူး၏ စည်းရုံးရေးခရီးသည် ပြည်သူလူထုထောက်ခံမှု၊ လူမျိုးစုများ၏ ထောက်ခံမှု၊ ရင်းနှီးမှု၊ ယုံကြည်မှုတို့ကို အပြည့်အဝရရှိသည့်အပြင် ပြည်သူလူထုနှင့်အတူ တိုင်းရင်း သားလူမျိုးများ၏ခံစားတွေ့ကြုံနေရသော ဒုက္ခများကို သိရှိနားလည် စေနိုင်ခဲ့သည်။ သမိုင်းဝင်စည်းရုံးရေး ခရီးတခုဖြစ်သကဲ့သို့အောင်မြင်မှုများစွာရရှိခဲ့ပြီး အဖွဲ့ချုပ်ပေါ်တွင်လည်း ထောက်ခံမှုများစွာရရှိခဲ့ပေ သည်။ စစ်အစိုးရသည်လည်း ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုထောက်ခံခြင်းကို ထင်ရှားစွာ တွေ့မြင်ရလေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်နောက်ပိုင်းတွင် ပိုမို ပြင်းထန်စွာ ဖိနှိပ်လာပါတော့သည်။
ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်တလျှောက်ရှိ အဖွဲ့ချုပ် စည်းရုံးရေးမှူးများ၊ အဖွဲ့ဝင်များအား မတရားပုဒ်မများတပ်ဆင်ကာ ဖမ်းဆီးထောင်ချပါတော့၏။ ထို့ပြင် အာဏာကို အလွန်အကျွံသုံးစွဲ၍ နိုင်ငံရေးသမားများကို ပို၍ပို၍ ဖိနှိပ်လာ၏။ စည်းရုံးလှုပ်ရှားမှုများ အားရပ်တန့်သွားစေရန် အကန့်အသတ် အတားအဆီးများကို လုပ်ဆောင်လာတော့၏။ အဖွဲ့ချုပ် အဖွဲ့ဝင်များမှာလည်း အဖမ်းဆီးခံ၊ ထောင်ကျခံ၊ ညှဉ်းပမ်းနှိပ်စက်ခံ၍ ဒီမိုကရေစီရေးအတွက် ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အာဏာပိုင်တို့၏ မတရားဖိနှိပ်မှုများအား ကြံ့ကြံ့ခံ ရပ်တည်လှုပ်ရှားခဲ့ကြ၏။ အာဏာပိုင်များ၏တုန့်ပြန်မှုကား အဖွဲ့ချုပ်ဝင်များကို ဆက်လက်၍ မတရား ဖမ်းဆီး ထောင်ချနေခြင်းသာတည်း။
ရွေးကောက်ပွဲဥပဒေရေးဆွဲရန် အကြံပြုချက်များတောင်းခံခြင်းနှင့် ရွေးကောက်ပွဲဥပဒေအား ပြဌာန်းခြင်း
(၁၉၈၉)ခုနှစ် မတ်လ(၁)ရက်နေ့တွင် နဝတသည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းရန်ဟုဆိုကာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ(မူကြမ်း)ကို ထုတ်ပြန်၍ နိုင်ငံရေးပါတီများနှင့် အခြားပုဂ္ဂိုလ်များထံမှ အကြံပြုချက်များ တောင်းခံခဲ့ပါသည်။ အဖွဲ့ချုပ်သည် လွတ်လပ်ပြီး တရား မျှတသောရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် ရွေးကောက်ပွဲပြီးလျှင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဦးတည်လျက် ထိုပြည်သူ့လွှတ်တော်ဥပဒေမူကြမ်းတွင် လိုအပ်ချက်များ၊ ပယ်ဖျက်ရမည်များ၊ ထပ်မံ ဖြည့်စွက်ရမည်များကို ဖြည့်စွက်ရန် အကြံပြုတင်ပြခဲ့ပါသည်။ အဖွဲ့ချုပ်နည်းတူ အခြားသောပါတီအဖွဲ့အစည်းများ၊ ပြည်သူများအတွင်းမှ စိတ်ဝင်စားသောပုဂ္ဂိုလ်များကလည်း အကြံပြုချက်များ တောင်းယူ သည်မှာ ဟန်ပြသဘောသာလျှင်ဖြစ်ပြီး၊ ပြိုင်ဘက်မရှိ ကိုယ်စားလှယ်များ ရွေးချယ်ခံပိုင်ခွင့် တခုမှလွဲ၍ ကျန်အရေးကြီးသောအကြံပြုချက်များကို လျစ်လျူရှုကာ မိမိတို့ရေးဆွဲထားသည့် ရွေးကောက်ပွဲဥပဒေ မူကြမ်းအတိုင်းပင် ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းခဲ့ပေသည်။ ထိုရွေးကောက်ပွဲဥပဒေတွင် ပြည်သူ့ လွှတ်တော် ခေါ်ပေးမည့်နေ့လည်းမပါ၊ အာဏာလွှဲပြောင်းပေးရန် အစီစဉ်လည်းမပါရှိခဲ့ပါ။ စင်စစ်မှာ ဥပဒေရေးဆွဲရန်အတွက် အကြံပြုချက်များကို ဟန်ပြ တောင်းဆိုပြီး နောက်ဆုံးတွင် အကြံပြုချက်များ တင်သွင်းသည့် နိုင်ငံရေးပါတီများနှင့် ပြည်သူများ၏ဆန္ဒကို အလေးမထား၊ ဂရုမစိုက်ပဲ မိမိတို့အလိုကျ လုပ်ချင်ရာလုပ်ခြင်းသာဖြစ်ပေသည်။ အတုအယောင် အကြံပြုချက် တောင်းဆိုမှုတရပ်သာ ဖြစ်ပေသည်။
ဗိုလ်ချုပ်ကြီးစောမောင်၏ လွှတ်တော်ပေါ်ပေါက်ရေး၊ အာဏာလွှဲပြောင်းရေးနှင့် အခြေခံဥပဒေ ရေးဆွဲရေးအတွက် ပြောကြားချက်နှင့် “တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး”ဟူသော ပြောကြားချက်များ
(၁၉၈၉)ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် နဝတ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမောင်က-
“ကျနော် ဒီနေ့နိုင်ငံတော်အာဏာကို ယူထားတဲ့အခါမှာ ကျနော်လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ မဖြစ်စေရဘူး၊ ကျနော် စည်းနဲ့စနစ်နဲ့လုပ်သွားတယ်ဆိုတာကို လွှတ်တော်ပေါ်လာရင် ရွေးကောက်ပွဲပြီးရင် ကျနော် လွှတ်တော်ကို တင်ပြမယ်။ ကျနော့်မှာ တာဝန်ရှိတယ်။”ဟူ၍လည်းကောင်း၊ “-ဘာတခုမှ တိုင်းပြည်ကိုမလိမ်ချင်ဘူး၊ အရင်တုန်းကလည်း လိမ်တဲ့အကျင့်မရှိဘူး၊ တပ်မတော်ဟာ လိမ်တဲ့အကျင့်မရှိဘူး”ဟူ၍ တပ်မတော်၏ ရိုးဖြောင့်ပုံကိုလည်းကောင်း ပြောကြားခဲ့ပေသည်။ ထို့ပြင်-
“တော်လှန်ရေးကောင်စီနဲ့လည်းမတူဘူး။ မတူပါဘူး၊ ဘယ်လိုမတူသလဲ၊ တော်လှန်ရေးကောင်စီက နောက် လမ်းစဉ်ပါတီ ထောင်တယ်။ ကျနော့်မှာ (Party Back) ပါတီမရှိပါဘူး။” ဟူ၍စစ်တပ်က လက်ကိုင်တုတ်များဖွဲ့စည်းခြင်း မပြုဟူ၍ လည်းကောင်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် အာဏာလွှဲပြောင်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ပတ်သတ်၍လည်း ဗိုလ်ချုပ်ကြီး စောမောင်က-
“ကျနော် အာဏာကို ဥပဒေနဲ့လွှဲမယ်၊ (majority vote government form up) လုပ်နိုင်ရင် လွှဲပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ (constitution) ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမယ်။ သူ့မှာ အခြေခံ (constitution) ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိရမယ်။ ဘယ်ဟာကို (recognize) လုပ်မလဲ။ (amendment) လုပ်မလား၊ ဘာညာ၊ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့်ကိစ္စဗျ။” ဟူ၍ရွေးကောက်ပွဲပြီးလျှင် အနိုင်ရရှိသောပါတီအား အာဏာလွှဲပြောင်းပေးမည်ဟူ၍ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရာတွင် နိုင်ငံရေးပါတီများကသာ လုပ်ဆောင်ရမည်ဟူ၍လည်းကောင်း ပြောကြား သွားခဲ့ပါသည်။
အဖွဲ့ချုပ်ဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ထိန်းသိမ်းခြင်း
အဖွဲ့ချုပ်သည် မတရားဥပဒေများ၊ အမိန့်များအောက်တွင် နိုင်ငံရေးလုပ်နေသမျှ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ၊ ပြည်သူလူထုတို့၏ အခြေခံလူ့အခွင့်အရေးများနှင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ဖြစ်ထွန်း မလာနိုင်ဟု မြင်လာသည်နှင့်အမျှ အများပြည်သူ သဘောမတူသော ဥပဒေဟူသမျှ တာဝန်အရ ဖီဆန်ကြရန် ပြည်သူလူထုကြီးအား တင်ပြခဲ့ပေသည်။
ပြည်သူလူထုကြီက ဒေါ်အောင်ဆန်းစုကြည်၏ မတရားသောအမိန့်များကို ဆန့်ကျင်သည့် တင်ပြချက်အား ထောက်ခံလာသည်ကို တွေ့မြင်လာသောအခါ စစ်အစိုးရသည် မိမိတို့မတရားလုပ်မှု များအပေါ် ပြည်သူလူထုက ဆန့်ကျင်လာမည်ကို စိုးရိမ်၍လည်းကောင်း၊ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုနှင့် ထိတွေ့မှုမရှိစေရန်အတွက်လည်းကောင်း၊ အဖွဲ့ချုပ်၏ အင်အားများကို ဖြိုခွဲသောအားဖြင့်လည်းကောင်း၊ (၁၉၈၉)ခုနှစ် ဇူလိုင်လ(၂ဝ)နေ့တွင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား နိုင်ငံတော်အားဘေးအန္တရာယ် ကျရောက်ခြင်းမှကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁ဝ(ခ)ဖြင့် နေအိမ်တွင် ထိန်းသိမ်းထားလိုက်သည်။ တချိန်တည်းမှာပင်နိုင်ငံတဝှမ်းလုံးရှိ အဖွဲ့ချုပ်ပြည်နယ်နှင့်တိုင်း စည်းရုံးရေး အဖွဲ့ဝင်များ၊ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းထား၍ မတရားသော ခံဝန်ချက်များကို အတင်းအကြပ် လက်မှတ်ရေးထိုးစေခဲ့ပါသည်။ အချို့သောပြည်နယ်နှင့်တိုင်းစည်းများ၊ မြို့နယ်စည်းများအား ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ချခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် ဥက္ကဋ္ဌဦးတင်ဦးအား ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် နေအိမ်၌ တားဆီးထားရာမှ ခေါ်ယူသွားပြီး စစ်ခုံရုံးတခု၌ စစ်ဆေးစီရင်ကာ နာရီပိုင်းအတွင်း အလုပ်ဖြင့် ထောင်ဒဏ်(၃)နှစ် ချမှတ် အပြစ်ပေးလိုက်လေသည်။
အာဏာပိုင်များသည် တဖက်က ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပြီး တဖက်တွင် အဖွဲ့ချုပ်၏ ခေါင်းဆောင်များအား ထောက်လှမ်းခြင်း၊ ရှာဖွေခြင်း၊ စစ်ဆေးခြင်း၊ တားဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ စစ်ခုံရုံးဖြင့်စီရင်ပြီး ထောင်ဒဏ် အပြစ်ပေးခြင်းများ ပြုလုပ်နေရာ နိုင်ငံရေးပါတီတခု၏ စည်းရုံးလှုပ်ရှားမှုများကို ချိုးနှိမ်ရာရောက်သကဲ့သို့တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးတည်းဟူသော ပြည်သူတို့၏ မျှော်လင့်ချက်မှာလည်း မှေးမှိန်၍ သံသယပွားစရာများ ဖြစ်ခဲ့ပေသည်။ သို့သော်လည်း စစ်အစိုးရမှမည်သို့ပင် မတရားဖမ်းဆီးမှုမျိုးစုံကို လုပ်ဆောင်စေကာမူ အဖွဲ့ချုပ်အဖွဲ့ဝင် များနှင့် စည်းရရုံးရေးမှူးများသည် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ကာ စည်းရုံး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ ပြည်သူလူထုကလည်း ဖိနှိပ်မှုအဖုံဖုံကြားမှပင် အဖွဲ့ချုပ်အား ထောက်ခံ အားပေးလျက်ရှိသည်။
စစ်အစိုးရသည်အဖွဲ့ချုပ်အပါအဝင် အခြားဒီမိုကရေစီအင်အားစုများကို ဖိနှိပ်သော်လည်း မဆလ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)အား လွတ်လပ်စွာစည်းရုံးလှုပ်ရှား ခွင့်များ ပေးခဲ့ပါသည်။ မဆလအစိုးရ လက်ထက်က ရှိခဲ့သော ပါတီပိုင်ပစ္စည်းများ၊ ရုံးများ၊ ဘဏ္ဍာငွေ များကို ဆက်လက်သုံးစွဲစေခဲ့ပါသည်။ နိုင်ငံရေးပါတီများအပေါ် တဖက်ကိုမြှောက်၊ တဖက်ကိုဖိသည့် စနစ်ကိုသုံး၍ ဒီမိုကရေစီအင်အားစုများ အားတဘက်သတ် မတရား ဖိနှိပ်ထားပြီးသည့်နောက်တွင် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ကြေညာပါတော့သည်။ (၁၉၉ဝ) ပြည့်နှစ် မေလ(၂၇)ရက် (၁၃၅၂)ခုနှစ် နယုန်လဆန်း(၄)ရက်နေ့တွင် ကြေညာခဲ့ပါသည်။
ထို့နောက် ပါတီစုံအထွေထွေရွေးကောက်ပွဲကော်မရှင်မှ (၁၉၈၉)ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကြေညာချက် အမှတ်(၃၂၆)ဖြင့် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းခြင်း၊ စီစစ်ခြင်း၊ ရုတ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့်နေ့ရက်များကို ကြေညာခဲ့ပါသည်။ (နောက်ဆက်တွဲ-က)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်၍ ကော်မရှင်တွင်စာရင်းတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် စစ်အစိုးရမှ ရွေးကောက်ပွဲကျင်းပပေးမည့် နေ့ရက်ကို သတ်မှတ် ကြေညာခဲ့သော်လည်း စစ်အစိုးရ၏ တဖက်သတ်ရေးဆွဲထားသော ရွေးကောက်ပွဲဥပဒေအပေါ်တွင် ယုံကြည်မှုမရှိသည့် အားလျော်စွာ ရွေးကောက်ပွဲ ဝင်ရောက်ရေးအတွက် စဉ်းစားဆင်ခြင် သုံးသပ်ရပါတော့သည်။ ရွေးကောက်ပွဲပြီးပါက ပြည်သူ့လွှတ်တော်ခေါ်ယူပေးမည့်နေ့ရက်၊ အာဏာလွှဲပြောင်းပေးမည့် အစီအစဉ်များမပါသော ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲဝင်ရန်မှာ တရားမျှတမှု ကင်းမဲ့သော၊ တဖက်သတ်ကျသော ဥပဒေအောက်တွင် ဝင်ရောက် ယှဉ်ပြိုင်ရမည့် အနေအထားသို့ရောက်ရှိနေပါတော့သည်။ သို့သော် နောက်ဆုံးတွင် ပြည်သူလူထု၏ဆန္ဒကို အသိအမှတ်ပြု အလေးထားသည့်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် (၂၅၊ ၉၊ ၉ဝ)ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီး အောက်ပါ သဘောထားများ ပါဝင်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။
“-ဒီမိုကရေစီစနစ်ကို ယုံကြည်သည့်အားလျော်စွာ၊ မြေပေါ်မြေအောက်လှုပ်ရှားမှု လမ်းစဉ်များနှင့် လက်နက်စွဲကိုင် လမ်းစဉ်များသည် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်တည်ဆောက် သည့် နည်းလမ်းများမဟုတ်ဟု အခိုင်အမာ ယုံကြည်သည်။”
“-ဒီမိုကရေစီစနစ် ထူထောင်ရန် နည်းလမ်းမှာ ဒီမိုကရေစီကိုယုံကြည်ကြသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဟု ခံယူကြသော အခြားနိုင်ငံရေးပါတီများ အဖွဲ့အစည်းများနှင့် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အရွေးခံပြီး ဒီမိုကရေစီအနှစ်သာရဖြစ်သော လူထုဆန္ဒကို ခံယူမည်ဖြစ်သည်။ အချုပ်အခြာအာဏာသည် ပြည်သူများ၌ တည်သည်ဟူသော ဒီမိုကရေစီ အခြေခံအရ ပြည်သူလူထု၏ဆန္ဒသည်သာလျှင် အဆုံးအဖြတ်ဖြစ်ရပါမည်။”
“-ဤသို့သဘောထားခံယူချက်များကို လက္ခံထားသည့်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် (၁၉၉ဝ)ပြည့်နှစ် မေလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရေးအတွက် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် တိုင်းသူပြည်သား လူထု၏ဆန္ဒကို အထူးလေးစား စွာခံယူမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။”
၎င်းနောက် အဖွဲ့ချုပ်ကိုယ်စားပြုမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ် မည့်မူကို ချမှတ်ပါသည်။
အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ စီစစ်ရွေးချယ်ခြင်းနှင့် မြို့နယ်စုကော်မရှင်တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် စားရင်းတင်သွင်းခြင်း
အဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ စီစစ်ရွေးချယ်ရန်အတွက် အောက်ပါ အခြေခံမူများကို ချမျတ်ခဲ့ပါသည်။
(က) ဦးတည်ချက်
၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများဆုံးရရှိရေးအတွက်ဦးတည်ကြိုးစားရန်။
၂) အစိုးရအဖွဲ့တွင်ဦးဆောင်န်ုင်မည့်အရည်အချင်းနှင့်ပြည့်စုံသောပုဂ္ဂိုလ်များပါဝင်ရန်။
၃) သက်ဆိုင်ရာ ဒေသပြည်သူတို့၏ ယုံကြည်လေးစားမှုခံရမည့် ပုဂ္ဂိုလ်များ ပါဝင်ရန်။
၎) အဖွဲ့ချုပ်၏ နိုင်ငံရေးနှင့် စည်းရုံးရေး ဦးဆောင်မှုများကို လိုက်နာဆောင်ရွက်မည့် ပုဂ္ဂိုလ်များ ပါဝင်ရန်။
၅) သက်ဆိုင်ရာပြည်နယ်အတွင်းရှိ ပြည်သူတို့ ယုံကြည်လေးစား လက်ခံနိုင်သော တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များပါဝင်ရန်။
၆) အဖွဲ့ဝင်မဟုတ်စေကာမူ နိုင်ငံ၏အကျိုးကို စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များပါဝင်ရန်။
(ခ) ပါဝင်သင့်သောအမျိုးအစားများ
၁) ဒီမိုကရေစီလှုပ်ရှားမှုတွင်ပါဝင်ဆင်နìဲခဲ့သည့် လူကြီး၊ လူလတ်၊ လူငယ်ပုဂ္ဂိလ်များ၊ တတ်သိပညာရှင်များ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ ကုန်သွယ်စီးပွား ပုဂ္ဂိုလ်များ၊ မြို့မိ/မြို့ဖနှင့် ရပ်မိရပ်ဖများ၊ နိုင်ငံရေး အစဉ်အလာရှိသူများ။
၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒဖြစ်သော ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်ကို ထောက်ခံသောပုဂ္ဂိုလ်များ။
၃) ရွေးကောက်ပွဲတွင် မိမိအတွက် စားရိတ် အကုန်အကျခံနိုင်မည့်ပုဂ္ဂိုလ်များ။
၎) အတိုက်အခံကိုယ်စားလှယ်လောင်းများအပေါ် ယှဉ်ပြိုင်အနိုင်ရရန် အလားအလာ ကောင်းသော ပုဂ္ဂိုလ်များ။
၅) မဲစာရင်းတွင်ပါဝင်သော ပုဂ္ဂိုလ်များ။
(ဂ) မပါဝင်သင့်သောအမျိုးအစားများ
၁) ဒီမိုကရေစီရေးနှင့်အဖွဲ့ချုပ်ခေါင်းဆောင်မှုကိုဆန့်ကျင်၍တိုက်ပွဲကိုစွန့်ခွာသွားနိုင်သူများ။
၂) ဆန့်ကျင်ဖက်အဖွဲ့အစည်းများက အခွင့်အရေးနှင့် ငွေကြေးကိုပေးကမ်းခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှနှုတ်ထွက်သွားနိုင်သည့် အလားအလာရှိသူများ။
၃) ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၅) ပုဒ်မ(၁ဝ)ပါအချက်များနှင့် ငြိစွန်းသူများ။
(ဃ) ဦးစားပေးရွေးချယ်ရေး
၁) ပထမဦးစားပေး၊ ဒီမိုကရေစီတိုက်ပွဲတွင်ပါဝင်ခဲ့၍ဒေသခံလည်းဖြစ်၊ လူကြိုက်လည်းများသော အရည်အချင်း လည်းရှိသောအခြေခံမှ ဆန္ဒရှိသူများ။
၂) ဒုတိယဦးစားပေး၊ အဖွဲ့ဝင်မဟုတ်စေကာမူ တိုင်းပြည်အတွက် လိုအပ်မည့်သူများ။
၃) တတိယဦးစားပေး၊ အဖွဲ့ချုပ်မှဆန္ဒရှိ၍ ဒေသသို့ပို့လွှတ်အရွေးခံလိုသူများ။
၎) စတုတ္တဦးစားပေး၊ အခြားအဖွဲ့အစည်းများမှ ပါဝင်သင့်သူများ။
မှတ်ချက်။
၁) ကိုယ်စားလှယ်လောင်းများ စီစစ်လျာထားရာတွင် မဲခွဲ၍ ဆုံးဖြတ်သည့်စနစ်ကို လုံးဝ(လုံးဝ) မကျင့်သုံးပဲ၊ အားလုံးလက်ခံသဘောတူနိုင်သော ပုဂ္ဂိုလ်များ ဖြစ်စေရမည်။ ညှိနှိုင်းသည့်တိုင်အောင် သဘောတူညီချက်မရရှိပါက မှတ်တမ်းတင်၍ ဗဟိုအဖွဲ့သို့အသေးစိတ်တင်ပြရမည်။
၂) အဖွဲ့က ရွေးချယ်လျာထားသူသည် တဖက်အတိုက်အခံများ၊ ကိုယ်စားလှယ် လောင်းများ၏အခြေအနေကို သိရှိပြီး ယှဉ်ပြိုင်နိုင်သူဖြစ်ရန် လိုအပ်ပါသည်။
အထက်ပါမူများအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအား နိုင်ငံတဝှန်းလုံးရှိ မြို့နယ်များတွင် မဲဆန္ဒနယ်မြေအလိုက် အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအား စီစစ်ရွေးချယ်ကြပါသည်။ ထိုသို့ရွေးချယ်ရာတွင် မြို့နယ်များတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စီစစ်ရွေးချယ်သော အဖွဲ့အား မြို့မိမြို့ဖများနှင့်အတူဖွဲ့စည်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးအား ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယဦးစားပေးဟူ၍ ရွေးချယ်ပေးရပါသည်။ ထိုသို့ ကိုယ်စားလှယ်လောင်းများအား စီစစ်ရွေးချယ်မှုအား သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ကြီးကြပ်ရေးအဖွဲ့များက ကြီးကြပ် ကွပ်ကဲရပါသည်။ ထိုမှတဆင့် ဗဟို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ စီစစ်ရွေးချယ်ရေးအဖွဲ့သို့ တင်သွင်းပြီး ဗဟိုအဖွဲ့မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအား အပြီးသတ် စီစစ်ရွေးချယ်ပေးပါသည်။ ထိုသို့စီစစ်ရွေးချယ်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်လောင်းများသည် မိမိတို့ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေအလိုက် သက်ဆိုင်ရာမြို့နယ်စုကော်မရှင်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အမည်စာရင်းကို တင်သွင်းခဲ့ပါသည်။ မြို့နယ်စုကော်မရှင်သည် နိုင်ငံရေးပါတီ အသီးသီးမှတင်သွင်းသော ကိုယ်စားလှယ်လောင်းစာရင်းများကို လက်ခံပြီးနောက်တွင် ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲဥပဒေနှင့် ပတ်သက်၍ စီစစ်ပါသည်။ ထိုသို့ စီစစ်ပြီးနောက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း ကြေညာပါသည်။
အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး၏ ရွေးကောက်ပွဲဝင်ရောက်ခြင်းအပေါ် သဘောထားနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ ဆုံးဖြတ်ချက်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ် ပြီးနောက် နိုင်ငံတဝှမ်းလုံးရှိ မြို့နယ်များ၏ မဲဆန္ဒနယ်မြေအလိုက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ စီစစ်ရွေးချယ်၍ မြို့နယ်စု ကော်မရှင်တွင် စာရင်းတင်သွင်းသည့်အားလျော်စွာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁)တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် (၂၉၊ ၁၂၊ ၈၉)ရက်နေ့တွင် ရန်ကုန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့၎င်း၏ ကိုယ်စားလှယ်မှတဆင့် အမည်စာရင်း တင်သွင်းခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း-
“တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့်ကိုက်ညီသော ဆောင်ရွက်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်စွမ်း လိုသောကြောင့်လည်းကောင်း၊ ဒီမိုကရေစီလိုလားသော ပြည်သူလူထုကြီး၏ ဇွဲ၊ သတ္တိကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် လိုသူတဦးအဖြစ် အမည်စာရင်း တင်သွင်းပါသည်။”ဖော်ပြခဲ့ပါသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အမည်စာရင်း တင်သွင်းခြင်းကို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟန်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သူ ဦးလဘန်ဂရောင်နှင့် ဦးမြင့်သန်းတို့မှ ကန့်ကွက်ခဲ့ကြပါသည်။ ယင်းတို့၏ ကန့်ကွက်လွှာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၈(ခ) ၁ဝ၁နှင့် ၁ဝ(ဇ)ငြိစွန်းသည်ဟု စွပ်စွဲ ဖော်ပြထားပါသည်။ ထိုသို့ကန့်ကွက်ခြင်းအပေါ် ရန်ကုန်တိုင်း မြို့နယ်စုကော်မရှင်အဖွဲ့ခွဲသည် ကန့်ကွက်သူတို့၏ စွပ်စွဲချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့၏ ထုချေဖြေ ရှင်းချက်တို့ကို ကြားနာပြီးနောက် ဦးလဘန်ဂရောင်နှင့် ဦးမြင့်သန်းတို့၏ ကန့်ကွက်လွှာတို့ကို ပယ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမည်စာရင်းတင်သွင်းလွှာကို အတည်ပြုခဲ့ပါသည်။ သို့ရာတွင် တစည ကိုယ်စားလှယ် ဦးလဘန်ဂရောင်သည် ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲသို့ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲဥပဒေ ပုဒ်မ(၂၄)အရ ရန်ကုန်မြို့နယ်စုကော်မရှင်အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ဟုဆိုကာ အယူခံတက်လျှောက်ခဲ့ပါသည်။
ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲသည် (၁၅၊ ၁၊ ၉ဝ)ရက်နေ့၌ အမှုတွဲကို ကြည့်ရှုစစ်ဆေးပြီးနောက် ရန်ကုန်မြို့နယ်စု ကော်မရှင် အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ကန့်ကွက်လွှာ တင်သွင်းသူ ဦးလဘန်ဂရောင်အား အနိုင်ပေးလိုက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အား ရွေးကောက်ခံပိုင်ခွင့်မှ ပယ်ဖျက်ခြင်းသည် လွတ်လပ်၍ တရားမျှတမှုရှိသည့် အာဏာပိုင်တို့၏ ပြောကြားချက်အပေါ် အယုံအကြည်ကင်းမဲ့စေပါသည်။ ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေမူကြမ်းအပေါ် အကြံတောင်းခံပြီး၊ အကြံပြုချက်များကို လျစ်လျူရှုကာ စစ်အစိုးရ၏ တဖက်သတ်ရေးဆွဲထားသော ရွေးကောက်ပွဲဥပဒေနှင့် အင်အားအကြီးဆုံးနှင့် လူထုထောက်ခံမှုအရှိဆုံး နိုင်ငံရေးပါတီ အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား မတရားချုပ်နှောင် ဖမ်းဆီးထားပြီး၊ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပေးသော မတရားသည့်အပြုအမူများသည် မကြာမီ ဖြစ်ပေါ်လာတော့မည့် ရွေးကောက်ပွဲနှင့် ၄င်းရွေးကောက်ပွဲရလဒ်တို့အပေါ် လောင်းရိပ်ကျစေခဲ့ပါသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေ
တနိုင်ငံလုံးတွင် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်စုစုပေါင်း (၄၈၅) နေရာရှိရာ အဖွဲ့ချုပ်က (၄၄၇)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ အဖွဲ့ချုပ်၏ အဓိကမဟာမိတ်များဖြစ်ကြသော အမျိုးသားဒီမိုကရေစီပါတီနှင့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တို့မှ မဲဆန္ဒနယ်(၃)နေရာ အသီးသီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ပါသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင် ရွေးကောက်ပွဲဝင်ရန် စာရင်းတင်သွင်းသည့်ပါတီ အဖွဲ့အစည်းစုစုပေါင်း (၉၃) ခုရှိခဲ့ပေသည်။ တနိုင်ငံလုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအရေအတွက်မှာ(၂၂၉၆)ဦးဖြစ်ပြီး ၄င်းတို့အနက် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ အရေအတွက်မှာ(၈၄)ဦးနှင့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်မှာ (၈၇) ဦးဖြစ်ပါသည်။ အဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသော အမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်မှာ (၁၈)ဦး ဖြစ်ပါသည်။
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ်ကာလအခြေအနေ
အဖွဲ့ချုပ်သည် ရွေးကောက်ပွဲအောင်နိုင်ရေးကြိုးပမ်းရာတွင် ရည်ရွယ်ချက်(၅)ရပ်နှင့် လုပ်ငန်း စဉ်(၃)ရပ်ကို အခြေခံထား၍ ရွေးကောက်ပွဲ မဟာဗျူဟာကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက် (၅) ရပ်မှာ-
(က) အများပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာစေရေး၊
(ခ) ရည်ရွယ်ချက်(က)ကို ဖြစ်ပေါ်လာစေရန် အဖွဲ့ချုပ်၏ ခေါင်းဆောင်မှုဖြင့် ပြည်သူလူထု ညီညွတ်မှုအင်အားကို အခြေခံ၍ စည်းကမ်းစနစ်ကျသော ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာစေရန်။
(ဂ) ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီနိုင်ငံရေးစနစ် ထွန်းကား၍ တည်တံ့ခိုင်မြဲသောပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရေးအတွက် အုတ်မြစ်ချရန်။
(ဃ) အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားလာခြင်းမရှိစေရေးအတွက် ကြိုးပမ်းရန်။
(င) ကမ္ဘာတွင်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေးအတွက် နိုင်ငံတကာရှိ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
လုပ်ငန်းစဉ်(၃)ရပ်မှာ
(က) ဒီမိုကရေစီအင်အားစုများနှင့် တညီတညွတ်တည်း လှုပ်ရှားနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ရန်။
(ခ) ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးကို ထောက်ခံကာကွယ်ရန်နှင့်
(ဂ) အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီသော စစ်မှန်သည့် ဒီမိုကရေစီအစိုးရ အကောင်အထည်ဖော်နိုင်ရန်အတွက် လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်သည့် အခြေအနေများ ဖန်တီးပေးရန်ဟူ၍ ဖြစ်ပေသည်။
မဟာဗျူဟာအနေဖြင့်လည်း-
(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိ၏အကျိုးတခုတည်းကိုမကြည့်ပဲ ကျယ်ပြန့်သော ပြည်သူတရပ်လုံး၏ အကျိုးကိုရှေ့ရှုလျက် ရိုးသားသည့်ဦးဆောင်မှုဖြင့် ဒီမိုကရေစီလိုလားသူ အင်အားစုအားလုံးကို အခြေခံရန်။
(ခ) ရွေးကောက်ပွဲအောင်ရေးအတွက် နိုင်ငံရေးညီညွတ်မှုသည်သော့ချက်ဖြစ်သည်။ သို့သော် အပြောလွယ်သလောက် လက်တွေ့တွင် အခက်အခဲများစွာရှိသည်။ ထို့ကြောင့် ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒလုပ်ငန်းစဉ်များကို လက်ခံ ယုံကြည်သော အဖွဲ့များအားလုံးနှင့်(အထူးသဖြင့်) တိုင်းရင်းသားလူမျိုးစုအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းလှုပ်ရှားဖေါ်ဆောင်ရန်။
(ဂ) အလားတူပင် ဒီမိုကရေစီအတွက် အတွေးအခ်ါအယူအဆတွင်တူညီ၍နိုင်ငံရေးလမ်းစဉ် တို့တွင်လည်းတူညီသော အခြားအဖွဲ့အစည်းများနှင့်လည်း အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးပြီး အခြေအနေပေးသည်နှင့်အမျှ ပူးပေါင်း လှုပ်ရှား ဖေါ်ဆောင်ရန်။
(ဃ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့်သီးခြားရပ်တည်ဆုံးဖြတ်ချက်အကောင်အထည် ဖေါ်ခြင်းထက် အခြား ဒီမိုကရေစီလိုလားသူများနှင့် မိမိတို့၏မူဝါဒများကို ခံယူမည့်သူများပါ ပူးပေါင်းပြီး အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများကို ကျယ်ပြန့်စွာဖွဲ့စည်းလျက် စုပေါင်း အကောင်အထည်ဖော်ရန်တို့ဖြစ်ပါသည်။
အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များသည် အထက်ဖေါ်ပြပါ အဖွဲ့ချုပ်မှချမှတ်ထားသော ရွေးကောက်ပွဲ မဟာဗျူဟာနှင့် ရည်ရွယ်ချက်(၅)ရပ်နှင့်လုပ်ငန်းစဉ် (၃)ရပ်တို့ကို အခြေခံထား၍ ပြည်သူလူထုအား စည်းရုံး ဟောပြော ကြပါသည်။ ထို့အပြင် အဖွဲ့ချုပ်သည် ရွေးကောက်ပွဲအနိုင်ရရှိရေး ကြိုးပမ်းမှုအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများကို အဖွဲ့ချုပ်ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တိုင်းတွင် ဖွဲ့စည်းခဲ့ပါသည်။ အောင်နိုင်ငံရေး ကော်မတီများတွင် မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများပါဝင်ကြပြီး ပြည်သူလူထုနှင့်အတူ စည်းရုံးရေး ဆင်းခဲ့ကြပါသည်။
ပြည်သူလူထုမှလည်း-
(၁) အဖွဲ့ချုပ်၏မူဝါဒလမ်းစဉ်များကိုနှစ်သက်သည်ဖြစ်၍လည်းကောင်း၊
(၂) အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံယုံကြည်အားကိုးသည်ဖြစ်၍ လည်းကောင်း၊
(၃) အဖွဲ့ချုပ်ကိုယ်စားလှယ်များ ပြောသည့်စကား၊ ပေးသည့်ကတိများကို လက်ခံသည်ဖြစ်၍ လည်းကောင်း၊
အဖွဲ့ချုပ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးဆင်းရာတွင် အလွန်မှပင် ထောက်ခံ အောင်မြင်မှုရရှိခဲ့ပါသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ ဒီမိုကရေစီကို ပြည်သူများက မည်မျှလိုလားကြောင်းကို ဖေါ်ပြနေပါတော့သည်။ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများမှ ပြည်သူလူထုသို့ဖြန့်ဝေသော ကိုယ်ရေးမှတ်တမ်းစာရွက်များတွင် မိမိတို့၏ ပြည်သူလူထုအပေါ်ထားရှိသောသဘောထားနှင့် နိုင်ငံရေးခံယူချက်များကို ထည့်သွင်းဖေါ်ပြကြပါသည်။ ထိုသို့ ဖေါ်ပြကြရာတွင် မိမိတို့သည် ဒီမိုကရေစီအရေးနှင့် ပြည်သူလူထုကြီးမှပေးအပ်လိုက်သောတာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်မည်ဟူ၍လည်းကောင်း၊ အရေးတော်ပုံအောင်မြင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားမည် ဟူ၍လည်းကောင်း၊ တပါတီအာဏာရှင်စနစ်ခေတ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးမဟုတ်ပဲ ပြည်သူလူထုနှင့် တသားတည်း နေထိုင်လျက် ပြည်သူလူထု၏အကျိုးကို ဆောင်ရွက်သွားမည်ဟူ၍လည်းကောင်း ကတိကဝတ်များပေး၍ စည်းရုံး ခဲ့ကြပါသည်။
အဖွဲ့ချုပ်ဗဟိုမှလည်းကောင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် တိုင်းအတွင်းရှိမြို့နယ်များမှ လည်းကောင်း ဗိုလ်ချုပ် အောင်ဆန်း၏ ရင်ထိုးတံဆိပ်များ၊ ရုပ်ပုံကားချပ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ၊ ရင်ထိုး၊ ရုပ်ပုံကားချပ်များ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦး၏ရုပ်ပုံကားချပ်များ၊ ရွေးကောက်ပွဲ သင်္ကေတ ခမောက်ပုံရင်ထိုးများ၊ ခမောက်ပုံပါသော အင်္ကျီများ၊ ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းခွေများ၊ သံချပ်ခွေများ၊ အထိမ်းအမှတ်ပစ္စည်းများနှင့် အဖွဲ့ချုပ်သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သော မှတ်တမ်းလွှာများမှာ ပြည်သူလူထုအကြား အဖွဲ့ချုပ်အပေါ် ထောက်ခံသည့် သဘောထားများကို ထင်ရှားစွာပြသခဲ့ပေသည်။
ငုနဲ့ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ခမောက် မေမှာနိုင်မည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
အဖွဲ့ချုပ်၏ ရွေးကောက်ပွဲသင်္ကေတမှာ ခမောက်ဖြစ်သည်။ ရွေးကောက်ပွဲစည်းရုံးရေးကာလ သည် ဆောင်းအကုန် နွေအကူးမှသည် မိုးဦးသို့ရောက်စဖြစ်၍ ရာသီအလိုက်ပွင့်ကြသော ငုနှင့် ပိတောက်တို့မှာ လှိုင်လျက်ပင်ရှိပေသည်။ အဖွဲ့ချုပ်၏ အောင်မြင်ခြင်းကို မျှော်မှန်းသည့် အထိမ်းအမှတ်ဖြစ်သော အဝါရောင် ငုပန်း၊ ပိတောက်ပန်းတို့ ဝေဆာ မြိုင်နေသည်မှာ ဒီမိုကရေစီအောင်မြင်ခြင်းကို အရောင်တောက်ပစွာ ချယ်မှုန်းသကဲ့သို့ဖြစ်နေပေသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေးစည်းရုံးရေး တလျှောက်ရှိ ပြည်သူအများမှာ ခမောက်ဆောင်း၍ ကြိုဆိုကြသကဲ့သို့ ပိတောက်ပန်းများကမ်း၍ ကြိုဆိုကြသည်မှာ အောင်ပွဲ၏ သင်္ကေတတရပ်ပင်ဖြစ်ပေသည်။
မဲစားရင်းများကူးယူခြင်း၊ မဲပေးပုံနည်းစနစ်အား ရှင်းလင်းခြင်းနှင့် ဘက်လိုက်မှုများ
နဝတသည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကြွေးကြော်ခဲ့သော်လည်း လက်တွေ့မှာမူ အဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးမှုများကို အကန့်အသတ်အတိုင်းအတာနှင့်သာ ပြုလုပ်ခွင့်ရပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းဝေးခြင်း၊ လူထုဟော ပြောပွဲများကျင်းပခြင်းတို့ လုပ်ပိုင်ခွင့်ရှိသည်ဟု ဥပဒေအမှတ် (၃/၉ဝ)အရ ပြဋ္ဌာန်းထားသော်လည်း လက်တွေ့မှာမူ ဥပဒေအရ တပြေးညီ ဆောင်ရွက်ခွင့်မပေးခဲ့ပါ။ ခွင့်ပြုသည့်မြို့နယ်များတွင်ခွင့်ပြုခဲ့ပြီးအချို့ မြို့နယ်များတွင်ကား ခွင့်ပြုခွင့်မပေးခဲ့ပါ။ ၄င်းအပြင် အချို့သောဒေသများတွင် ဒေသဆိုင်ရာအာဏာပိုင်များက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်၍ ၄င်းဒေသတွင် ရွေး ကောက်ပွဲယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စားရင်းများနှင့် ပါတီအဖွဲ့အစည်းများကို ကြေညာပါသည်။ ထိုသို့ကြေညာခြင်းနှင့်အတူ ပြည်သူများအား မဲပေးသည့်နေ့တွင် မဲလာရောက်မပေးလျှင်လည်း ရပါသည်ဟူ၍ ထည့်သွင်းပြောခဲ့ပါသည်။ ထိုသို့ ထည့်သွင်းပြောဆိုသည်မှာ ရွေးကောက်ပွဲတွင် ပြည်သူများ လာရောက် မဲပေးခြင်းအား ဟန့်တားရာရောက်ပေသည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုပ်ငန်းစဉ်ကြီး(၄)ရပ်ကို ချမှတ်ခဲ့သည်။ ထို(၄)ရပ်တွင် စတုတ္ထအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကကျသည့် ပြည်သူများ လာရောက်မဲပေးခြင်းကို တိုက်တွန်းနှိုးဆော်သင့်ပါသည်။ “မဲမပေးလည်း ရပါတယ်”ဆိုသည့် ‘ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအား ထိခိုက်နိုင်မည့်သဘောမျိုး’ကို ကြေညာအားပေးခြင်းသည် အာဏာပိုင်တို့၏ မရိုးသားသည့် အနေအထားကို ထင်ရှားစေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြိုင်ဘက်ပါတီကြီးဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီကလည်း ပြည်သူလူထုအားမဲဆွယ်စည်းရုံးရာတွင် မိမိတို့၏ပါတီမူဝါဒများကို ရှင်းလင်းတင်ပြသည်ထက် “ငါတို့ နောက်မှာ စစ်တပ်ရှိတယ်”၊ “ခမောက်ကတော့ကောင်းပါတယ် ခေါင်းမရှိဘူး”ဆိုသည့် စကားအသုံးအနှုန်းမျိုး၊“ဒို့ကတော့ နိုင်ရင်လည်းနိုင်ရမယ်၊ ရှုံးရင်လည်းနိုင်ရမယ်”ဟူသည့် ခြိမ်း ခြောက်သည့် အပြောမျိုးနှင့် အဖွဲ့ချုပ်အား တိုက်ခိုက်သည့် အဆိုမျိုးကိုသာ အဓိကထား၍ စည်းရုံး ဟောပြောကြပါသည်။ ထိုကဲ့သို့သော စည်းရုံး ဟောပြောမှုများကြောင့် တစည ပါတီမှာ ပြည်သူလူထု၏ ထောက်ခံမှုနှင့် ပို၍ပင်ဝေးခဲ့ရပေသည်။
အဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များသည် သက်ဆိုင်ရာမဲဆန္ဒနယ်မြေရှိ မဲပေးခွင့်ရှိသူများ၏ အရေအတွက်နှင့် မဲစာရင်းအမှတ်များကို မြို့နယ်ကော်မရှင်ထံမှ တောင်းခံ၍ ကူးယူကြပါသည်။ ထိုကဲ့သို့ မဲစာရင်းများ ကူးယူရခြင်းမှာ ရွေးကောက်ပွဲကျင်းပသောနေ့တွင် မဲပေးမည့် ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးအတွက် မိမိတို့မဲစာရင်းအမှတ်များ ကြိုတင်အသိပေးထားရန်ဖြစ်ပါသည်။ ၄င်းအပြင် အဖွဲ့ချုပ်သည် မဲပေးပုံနည်းစနစ်ကို ပြည်သူများ နားလည်သိရှိစေရန် လိုက်လံရှင်းလင်း တင်ပြပါသည်။ (၁၉၉ဝ)ခုနှစ် ရွေးကောက်ပွဲတွင် ယ္ခင်ရွေးကောက်ပွဲများကဲ့သို့ မဲပြားစနစ်ကို မသုံးစွဲပဲ ပါဝင်ယှဉ်ပြိုင်မည့် ပါတီအဖွဲ့အစည်းတို့၏ သင်္ကေတနှင့် ဝင်ရောက်အရွေးချယ်ခံသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်ဇယားပါ “မဲစာရွက်”ဖြင့်မဲပေးရမည်ဖြစ်၏။ ထို့ကြောင့် တကြိမ်တခါမျှ ဤကဲ့သို့သော မဲပေးသည့် နည်းစနစ်နှင့် မကြုံဖူးသော ပြည်သူများနားလည်သိရှိစေရန် လိုက်လံ ရှင်းလင်းပြရခြင်းပင်ဖြစ်ပေသည်။ ထိုသို့ မဲပေးနည်းစနစ်များအား ရှင်းလင်းရာတွင် တချို့သောမြို့နယ် အောင်နိုင်ရေးအဖွဲ့များမှ ပြည်သူလူထုစိတ်ဝင်စားမှု ရှိစေရန် ဇာတ်လမ်းပမာများပေး၍ ရှင်းလင်းခဲ့သည်မှာ တမူထူး၍ မှတ်သားလောက်ပေသည်။ (နောက်ဆက်တွဲ-ထ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့အသီးသီးတို့သည် ပြည်သူ များ မဲပေးသည့်နည်းစနစ်အား သဘောပေါက်နားလည်စေရန် နေ့မအား၊ ညမအား ရောက်ရာအရပ်ရပ်၌ ရှင်းလင်းတင်ပြသကဲ့သို့ပြည်သူများကလည်း မဲပေးပုံနည်းစနစ်အား နားလည်သဘောပေါက်ရန်အတွက် အားကြိုးမာန်တက် လေ့လာကြပါသည်။ မဲပေးနည်းစနစ် ရှင်းလင်းသော အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့များနှင့် ပြည်သူတို့မှာ ရင်းနှီးခင်မင်စွာဖြင့် တသားတည်းဖြစ်ခဲ့ရပေသည်။
ရပ်ကွက်နှင့်ကျေးရွာကော်မတီများဖွဲ့စည်းခြင်း၊ မဲရုံမှူးများခန့်အပ်ခြင်း၊ မဲရုံကိုယ်စားလှယ်များခန့်ထားခြင်း၊
(၁၉၉ဝ)ခုနှစ် မေလ(၂၇)ရက်နေ့တွင် မြန်မာနိုင်ငံ၌ နှစ်ပေါင်း(၃ဝ)ခန့်ကြာမှပြည်သူလူထု၏ စစ်မှန်သော ဆန္ဒကို ထုတ်ဖေါ်ခွင့်ရသည့် သမိုင်းဝင် ပါတီစုံထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပါတော့သည်။ ထူးခြားသည်မှာ ဤရွေးကောက်ပွဲသည် ဒီမိုကရေစီ အစိုးရ တစ်ရပ်မှ ကျင်းပပေးသော ရွေးကောက်ပွဲလည်းမဟုတ်၊ စစ်အာဏာရှင် လက်အောက်တွင် စစ်အစိုးရက ကျင်းပပေးသော ရွေးကောက်ပွဲပင်ဖြစ်ပါသည်။ ပြည်သူလူထုကြီးကလည်း ဤရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခြင်းသည် တခုတည်းသော ပါတီအာဏာဆုပ်ကိုင်ရေးအတွက် ဆန္ဒပြုသည့် သဘောမျိုးဆောင်သော မဲပေးခြင်းမျိုးမဟုတ်၊ စနစ်ဟောင်းမှ စနစ်သစ်သို့ ပြောင်းလဲစေရန် မဲပေးခြင်းဟု နားလည် သဘောပေါက်ထားပါသည်။ အာဏာရှင်လက်အောက် နင်းပြားဘဝမှ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများကို အပြည့်အဝအာမခံသော စစ်မှန်သည့်ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်မည့် ပုဂ္ဂိုလ်များနှင့် မိမိတို့ယုံကြည်အားကိုးသော ခေါင်းဆောင်များ ဦးဆောင်သည့် အဖွဲ့အစည်းအား ရွေးချယ်ရသည့် ရွေးကောက်ပွဲဖြစ်၍ မျှော်လင့်ချက်ကြီးမားစွာဖြင့် လာရောက်မဲပေးခြင်းပင်ဖြစ်သည်။ မိမိတို့၏ ဆန္ဒမဲတပြားသည် နိုင်ငံ၏ကံကြမ္မာ၊ မိမိတို့၏အနာဂတ်ကို မည်မျှပြောင်းလဲစေမည်၊ မိမိ တို့၏ဆုံးဖြတ်ချက်သည် မည်မျှလေးနက်သည်၊ မိမိတို့တွင် မည်မျှတာဝန်ရှိသည်ကို နားလည်စွာဖြင့် လာရောက်မဲထည့်ခြင်းပင်ဖြစ်ပေသည်။ ထိုနေ့ထိုအချိန်တွင် နိုင်ငံတဝှမ်းလုံးရှိ မဲပေးရာမဲရုံများတွင်လာ ရောက်မဲပေးကြသောပြည်သူလူထုကြီး၏စိတ်ဓါတ်၊ မျှော်လင့်ချက်၊ ယုံကြည်ချက်များသည် အနာဂတ် မြန်မာနိုင်ငံ၏အရေးကို ပေါ်လွင်ထင်ရှားစေပါသည်။
ရွေးကောက်ပွဲကျင်းပမည့် တရက်အလို မေလ(၂၆)ရက်နေ့ညမှစ၍ မဲပေးမည့်သူအချို့မှာ မဲပေးရန်အတွက် မဲပေးရုံအနီးတွင် ညအိပ်စောင့်၍နေကြပါသည်။ ကျေးလက်ဒေသများတွင်လည်း မိမိတို့ မဲပေးရာဒေသသို့ခြေလျှင်ခရီးဖြင့် တောင်ကိုကျော်၍လည်းကောင်း၊ လှေဖြင့်မြစ်ချောင်းကိုဖြတ်၍လည်းကောင်း၊ လှည်းဖြင့်ကန်သင်းကိုကျော်၍လည်းကောင်း ကြိုတင်၍ရောက်ရှိနေကြပါသည်။ ပြည်သူတို့မှာ မိမိတို့၏မဲဆန္ဒအား တန်ဖိုးထားလှသည်။ မဲမထည့်လိုက်ရမှာကို ပူပင်ကြသည်။ မဲထည့်နိုင်ရေးအတွက် ဝီရိယရှိကြသည်၊ ဇွဲရှိကြသည်၊ သတ္တိရှိကြသည်။ မိမိတို့၏ကံကြမ္မာကို မိမိတို့ဖာသာ ဆုံးဖြတ်ခွင့်အား တန်ဖိုးထားကြသည်။ ဤရွေးကောက်ပွဲတွင် မိမိတို့၏မဲတပြားသည် မည်မျှအရေးကြီးသည်ကိုနားလည် ကြသည်။ မည်သည့်နည်းဖြင့် မည်သူ၊ မည်သည့်အဖွဲ့အစည်းက ခြိမ်းခြောက် ဟန့်တားသည်ဖြစ်စေ မဲပေးမည့်နေ့တွင် မဲရုံ၌ မိမိတို့ ထောက်ခံသော ပါတီအဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်အား အားပါးတရ မဲပေးကြသည်။
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိုးကလည်းတဖွဲဖွဲရွာနေသည်။ ပြည်သူလူထုကြီးသည်လည်း မိုးရေထဲတွင် မျှော်လင့်ချက်အပြည့်ဖြင့် မဲရုံရှေ့၌တန်းစီနေကြသည်။ မိမိတို့မဲအား မိမိတို့ နှစ်သက်ယုံကြည်သည့် ပါတီအား ပေးရန်အတွက် အားကြိုးမာန်တက်ဖြင့် မဲရုံရှေ့သို့ရောက်ရှိနေကြပါသည်။ အချို့လမ်းမလျှောက်နိုင်သော သက်ကြီး ရွယ်အိုများကလည်း ဘေးမှဖေးကူတွဲပေးသူများကိုယ်စီနှင့် မဲပေးရန်ရောက်ရှိလာကြပေသည်။ ဤမြင်ကွင်းသည် (၁၉၉ဝ)ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးအပေါ် ပြည်သူလူထုကမည်မျှ မျှော်လင့်ချက်ထားသည်ကို ပြသခြင်းပင်ဖြစ်ပေသည်။ ထို့ပြင် မဲရုံရှေ့၌ အဖွဲ့ချုပ်၏ရွေးကောက်ပွဲ သင်္ကေတဖြစ်သော ခမောက်ကိုယ်စီ ဆောင်း၍ လည်းကောင်း၊ ပင်နီအင်္ကျီ ယောထမီနှင့် ကချင်ပုဆိုးဝတ်၍လည်းကောင်း၊ မဲပေးရန် ရောက်ရှိနေကြသည်ကို မြင်ရ၍ မဲပေးမည့်သူများ စိတ်အားတက်ကြွ၍ ပီတိဖြစ်စေပါသည်။ ထို့အတူ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းများကလည်း မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်းရှိ မဲရုံများသို့သွားရောက်၍ မဲပေးသည့် ပြည်သူများအား တရင်းတနှီး လိုက်လံ နှုတ်ဆက်နေသကဲ့သို့ ပြည်သူလူထုကလည်းဝမ်းပမ်းတသာ ပြန်လည် ကြိုဆို နှုတ်ဆက်ကြသည်မှာ ပြည်သူလူထုနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့၏ သွေးစည်းညီညွတ်မှုနှင့် ပြည်သူတို့ ထောက်ခံမှုအင်အားကို ဖေါ်ပြနေသည်ပင်ဖြစ်ပေသည်။
နံနက်(၆)နာရီခွဲတွင် မဲရုံဖွင့်ပါတော့သည်။ မဲပေးမည့်သူများစတင်၍ မဲပေးကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များသည် ရွေးကောက်ပွဲမကျင်းပမီကာလကပင် ပြည်သူများ မဲပေးရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ကော်မရှင်မှမဲစာရင်းများ ကူးယူထားပြီးဖြစ်၍ မဲပေးမည့်ပြည်သူများအား မိမိတို့ စာရင်း အမှတ်အသားများအား လိုက်လံပြောဆိုသတိ ပေးထားပြီးဖြစ်သည်။ လူနည်းစုလောက်သာလျှင် မိမိတို့၏ စာရင်းနံပါတ်အား မဲရုံရှေ့ရှိမဲစာရင်းတွင် ရှာဖွေကြည့်ရှုကြရပေသည်။ မိမိအမည်နှင့် အမှတ်စဉ်ကို သိရှိ၍ မိမိအလှည့်ရောက်သောအခါတွင် မိမိနာမည်၊ အမှတ်စဉ်၊ မှတ်ပုံတင်ကိုပြ၍စာရွက်ကိုထုတ်ယူကြရပါသည်။ မဲပြားထုတ်ယူပြီးသည့်အခါ မဲထည့်မည့် အခန်းတွင်း အသင့်ထားရှိသော ကြက်ခြေခတ်တံဆိပ်တုံးလေးအား နှိပ်လိုက်ခြင်းဖြင့် မဲပေးခြင်းတာဝန် ပြီးဆုံးသွားပါသည်။ ထိုသို့မဲပေးရာတွင် သတိပြုရန်အချက်ကလေးတခုမှာ မဲပေးရာ တွင် အသုံးပြုရသည့် တံဆိပ်အမှတ်အသားမှာ ကြက်ခြေခတ်ခြင်းပင်ဖြစ်ပါသည်။ ကြက်ခြေခတ်ဆိုသည်မှာ မြန်မာလူမျိုးအများစုအမြင်တွင် ပယ်သည့်သဘောကိုဆောင်ပါသည်။ တချို့သော ကျေးလက်တောရွာနေ ပြည်သူများမှာ မဲပေးနည်းစနစ်လည်းမသိရ၊ မိမိတို့နှိပ်ရမည့် တံဆိပ်ကိုလည်း မသိကြသောအခါ လက်တွေ့မဲပေးသည့်အချိန်၌ မိမိတို့ထောက်ခံသောလူပုဂ္ဂိုလ်အဖွဲ့အစည်းအား ထောက်ခံသည့်နေရာတွင် တံဆိပ်နှိပ်လိုက်သည့်အခါ ကြက်ခြေခတ်အမှတ် တံဆိပ်ပေါ်လာသဖြင့် ပယ်သည်ဟုထင်ကာ ထိုတံဆိပ်အား မိမိတို့ မထောက်ခံသောပါတီအား ထပ်၍နှိပ်ခြင်းဖြင့် နှစ်နေရာတွင် မဲပေးသလိုဖြစ်သွားသောကြောင့် ပယ်မဲများဖြစ်သွားခဲ့ရသည်။ ထို့အပြင် တံဆိပ်နှိပ်ရမည့် အကွက်တွင် တိတိကျကျမနှိပ်မိခြင်း၊ တနေရာတည်း နှစ်ခါသုံးခါနှိပ်ခြင်း၊ မင်ခမ်းခြောက်နေ၍ မထင်ခြင်း- စသည် တို့ကြောင့် ပယ်မဲများ ဖြစ်ခဲ့ရပါသည်။
မဲရုံများတွင်တာဝန်ကျသော မဲရုံမှူးများအနက် အချို့မှာ သမာသမတ်ရှိကြသော်လည်း အချို့မှာမူ စစ်အာဏာပိုင်များ လိုလားသော ပါတီအပေါ်တွင် ဘက်လိုက်မှုများရှိခဲ့ပါသည်။ ဥပမာ- မဲရုံတွင် ညနေ(၄)နာရီတွင် ပိတ်မည်ဖြစ်၍ မဲပေးရန်လာရောက်သည့် ပြည်သူများအနက် မိမိတို့လိုလားသော ပါတီအား ထောက်ခံမည်ဟုခန့်မှန်းရသည့် သူတို့အား ဦးစွာမဲပေးစေပါသည်။ အခြားပါတီကို ထောက်ခံသူများအား နောက်ဆုံးမှ မဲပေးစေပါသည်။ မည်သို့ပင် ဘက်လိုက်မှုများ ရှိစေကာမူ ပြည်သူလူ ထုကြီးမှာ ၄င်းတို့နှလုံးသားထဲမှ မဲဆန္ဒအားပေးနိုင်ရေးအတွက် ထမင်းအငတ်ခံ၊ မိုးရေအစိုခံ၊ နေပူခံ၍ တနေကုန်စောင့်ဆိုင်းကာ မဲကိုပေးကြပါသည်။ အချို့မှာမူ မိမိမဲပေးခဲ့သော ပါတီအမည်ကိုပင် ကြွေးကြော် ထုတ်ဖော် ပြောဆိုလိုက်သေးသည်။ လူထု၏ စစ်မှန်သော ဆန္ဒမှာကား ပေါ်လွင်ထင်ရှားလှပါ သည်။ ထိုဆန္ဒကား အဘယ်သို့နည်း။ အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝအာမခံမည့် ဒီမိုကရေစီစနစ်နှင့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် ပေါ်ပေါက်ရေးပင်ဖြစ်သည်။
မဲများ ရေတွက်ခြင်း
ညနေ(၄)နာရီတွင် မဲပေးသည့်အချိန်ကုန်ပြီဖြစ်၍ မဲများကို စတင်ရေတွက်ကြပါသည်။ မဲများ ရေတွက်သည့်အခါတွင် သက်ဆိုင်ရာမဲရုံတွင် တာဝန်ကျသော ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲမှ ကော်မရှင်လူကြီးများ၊ မဲရုံမှူးနှင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် မဲပုံးကိုဖေါက်၍ မဲများကို စတင် ရေတွက်ကြပါသည်။ မဲများရေတွက်သည့်အခါ ပယ်မဲ၊ ထပ်မဲ စသည်တို့ကို ကော်မရှင်လူကြီးများနှင့်တကွ၊ မဲရုံကိုယ်စားလှယ်များ အပြန်အလှန်စီစစ်ခြင်း၊ ပယ်မဲ ဖြစ်/မဖြစ် ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းစသည်ဖြင့် မဲများကို ရေတွက်ကြပါသည်။ အချို့သောဒေသများတွင် ပြည်သူလူထုရှေ့မှောက်တွင် မဲပုံးများကို ဖေါက်၍ မဲရေတွက်ကြပြီး၊ အချို့သောဒေသများတွင်ကား ကော်မရှင်လူကြီးများ၊ မဲရုံးမှူးနှင့် သက်ဆိုင်ရာ ကိုယ်စားလှယ်များ၏ မဲရုံကိုယ်စားလှယ်များရှေ့တွင်သာ ရေတွက်ကြပါသည်။ မဲရုံတရုံ တွင် မဲများရေတွက်ပြီးဆုံးသည်နှင့် ၄င်းမဲရုံတွင် မည်သည့်ပါတီ အဖွဲ့အစည်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက မဲအရေအတွက်မည်မျှဖြင့် အနိုင်ရရှိသည်ကို မှတ်တမ်းတင်ပါသည်။ ထိုသို့သောပုံစံဖြင့် မဲရေတွက်ခြင်းကို တနိုင်ငံလုံးတွင်ရှိ မဲရုံများ၌ ပြုလုပ်ခဲ့သည်။ မဲများရေတွက်နေချိန်တွင် ပြည်သူလူထုကြီးမှာ မိမိတို့ လိုလား တောင့်တနေသော လွတ်လပ်မှုနှင့် ဒီမိုကရေစီရေးအတွက် မိမိတို့ ပေးခဲ့သော ပါတီအဖွဲ့အစည်း အနိုင်ရရေးကို မျှော်လင့်ချက်ကြီးစွာဖြင့် မဲရုံရှေ့တွင် ထိုင်၍တမျိုး၊ မတ်တပ်ရပ်၍ လည်းကောင်း၊ လမ်းလျှောက်၍လည်းကောင်း၊ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ နေလည်းစောင်းခဲ့ပြီ- မိမိတို့မျှော်လင့်တကြီးနှင့် မဲပေးခဲ့သော အဖွဲ့ချုပ်သည်လည်း အနိုင်ရခဲ့ပါသည်။ ဝမ်းသာပျော်ရွှင်ကြည်နူးခြင်းနှင့်အတူ ရွေးကောက်ပွဲ အနိုင်ရရှိသော စကားသံများသည်မဲပေးရာ ဒေသတခုလုံးကို ပြန့်နှံ့သွားခဲ့ပါပြီ။ သို့သော်- မဲဆန္ဒနယ် တခုလုံးအတွက် အောင်ပွဲသတင်းကိုကား စောင့်မျှော်နေရပေဦးမည်။
ရွေးကောက်ပွဲအနိုင်အရှုံးကြေညာခြင်း
မဲများတရုံချင်းအလိုက် ရေတွက်ပြီးနောက်တွင် မဲရုံအသီးသီးမှ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရရှိသည့် မဲစာရင်းများနှင့် မဲရုံအတွင်း ပြည်သူများ ပေးခဲ့ကြသည့် ဆန္ဒမဲရွက်များကို မြို့နယ်ကော်မရှင်ရုံးသို့မဲရုံမှတာဝန်ရှိသူက သယ်ဆောင်ပေးပို့ပါသည်။ ထိုသို့ပေးပို့ရာတွင် မြို့ပေါ်ရပ်ကွက်များတွင်ရှိသော မဲဆန္ဒနယ်မြေများသည် လမ်းပမ်း ဆက်သွယ်ရေးလွယ်ကူသောကြောင့် ရွေးကောက်ပွဲအနိုင်အရှုံးကို အမြန်ဆုံးသိရှိရသည်။ ကျေးလက်တောရွာများပါဝင်သော ဒေသများနှင့် တောင်ပေါ်ဒေသများတွင်ရှိသော မဲဆန္ဒနယ်များမှရွေးကောက်ပွဲအနိုင် အရှုံးကိုကား အချိန်အနည်းငယ်နောက်ကျမှ သိရလေသည်။ မြို့နယ်ကော်မရှင်သို့မဲရုံ အသီးသီးမှ ရေတွက်ပြီးသော မဲစာရင်းများ ရောက်ရှိလာသောအခါ သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်းရှိ မဲရုံများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသော မဲများကို စုပေါင်း ရေတွက်ခြင်းဖြင့် ရွေးကောက်ပွဲအနိုင် အရှုံးကိုသိရှိရသည်။ ထို့နောက် မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် အဖွဲ့ခွဲရုံးတွင် မြို့နယ်ကော်မရှင်အဖွဲ့၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(သို့)ကိုယ်စားလှယ်၏ ရွေးကောက်ပွဲကိုယ်စားလှယ်တို့ မျက်နှာခြင်းဆိုင်တွေ့ဆုံ ပြီး မဲအနိုင်အရှုံးစာရင်းအား ကော်မရှင်မှ ကြေညာကာ ကော်မရှင်အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် ပါဝင်ယှဉ်ပြိုင်သော ကိုယ်စားလှယ်များမှ သိရှိကြောင်း မှတ်တမ်းတင် လက်မှတ်ရေးထိုးရပါသည်။
၎င်းနောက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန်၍ မဲဆန္ဒနယ်မြေ အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းနှင့်တကွ ၄င်းတို့ ရရှိသောမဲအရေအတွက်နှင့် ရာခိုင်နှုန်းကိုပါထည့်သွင်း၍ ကြေညာပါသည်။ ထို့ပြင် မည်သူသည် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်းကို သတင်းစာတွင်လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လည်းကောင်း ကြေညာပါသည်။ ဆက်လက်၍ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံသို့လည်း ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်ကြောင်း ကြေညာစာတမ်းကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့ခဲ့ပါသည်။ (နောက်ဆက်တွဲ - ၁)
တနိုင်ငံလုံးရှိ ရွေးကောက်ပွဲအနိုင်အရှုံးသတင်းအား ကော်မရှင်သည် တနေ့လျှင် မဲဆန္ဒနယ် မြေ (၁ဝ)ခုနှုန်းခန့်လောက်သာ ကြေညာနေသဖြင့် ပြည်သူတို့မှာ ကော်မရှင်၏ ကြေညာပြီးစီးချိန်ထိ စောင့်ဆိုင်နေပါမူ ရွေးကောက်ပွဲတွင် မည်သည့် ပါတီ အဖွဲ့အစည်း အနိုင်ရရှိသည်ကို ရွေးကောက်ပွဲပြီး၍ တလကျော်နှစ်လနီးပါကြာမှသာလျှင် တရားဝင် သိရှိရမည်ကဲ့သို့ ဖြစ်နေပါသည်။ သို့သော် အဖွဲ့ချုပ်မှ တနိုင်ငံလုံးတွင် အနိုင်ရရှိသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို အမြန်ဆုံး ထုတ်ပြန်နိုင်ခဲ့သဖြင့် ပြည်သူလူထုကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိကြောင်းကို စောစီးစွာပင် သိရှိနေကြပါသည်။ တနိုင်ငံလုံးတွင် အဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရရှိသည်ဟူသောအသံများ ဖုံးလွှမ်း သွားကာ မျှော်လင့်ချက်များ ပို၍ပို၍ တိုးလာပါတော့သည်။ နှစ်ပေါင်းများစွာ မှေးမှိန်ခဲ့ရသော ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ပြည်သူ့ဆန္ဒအစစ်အမှန်သည်ကား ပြည်သူတို့၏ အသက်၊ သွေး၊ ချွေး၊ မျက်ရည်များကြားမှ ပေါ်ထွက် လာခဲ့ပေပြီ။
ထိုသို့ရွေးကောက်ပွဲ အနိုင်အရှုံးသတင်းအား ကြေညာရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် မဲဆန္ဒ (၃၉၂)နေရာတွင် အနိုင်ရရှိခဲ့ပါသည်။ ဤသည်မှာ မဲဆန္ဒနယ်အားလုံး၏ ရာခိုင်နှုန်း(၈ဝ)ကျော်ဖြစ်ခဲ့သည်။ ပြည်သူလူထုက ဤမျှပမာဏဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့က ကြီးမှူးကျင်းပပေးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက် ထောက်ခံကြောင်းကို မြန်မာသိ၊ ကမ္ဘာသိ ပြသလိုက်ခြင်းဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်၏ (၁၊ ၇၊ ၉ဝ)ရက်စွဲပါ ကြေညာချက် (၈/၉ဝ)အရ မဲဆန္ဒနယ်(၄၈၅)နယ်မှ မဲဆန္ဒပေးပိုင်ခွင့်ရှိသူဦးရေ(၂ဝ၈၁၈၃၁၃)(သန်းနှစ်ဆယ်၊ ရှစ်သိန်း၊ တသောင်း၊ ရှစ်ထောင်၊ သုံးရာတဆယ့်သုံး)၊ လာရောက်မဲပေး သူဦးရေ (၁၅၃၁၂၅၂၄) (တဆယ့် ငါးသန်း၊ တသိန်း၊ သုံးသောင်း၊ နှစ်ထောင့်၊ ငါးရာနှစ်ဆယ့်လေး)ရှိပြီး၊ ခိုင်လုံသောဆန္ဒမဲစုစုပေါင်း (၁၃၂၅၃၆ဝ၆) (တဆယ့် သုံးသန်း၊ နှစ်သိန်း၊ ငါးသောင်း၊ သုံးထောင့်၊ ခြောက်ရာခြောက်)ရှိကာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခိုင်လုံသော မဲဆန္ဒပေါင်း (၇၉၃၄၆၂၂) (ခုနှစ်သန်း၊ ကိုးသိန်း၊ သုံးသောင်း၊ လေးထောင့်၊ ခြောက်ရာ၊ နှစ်ဆယ့်နှစ်)ရရှိခဲ့ပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခိုင်လုံသောဆန္ဒမဲ (၅၉.၈)ရာခိုင်နှုန်းကျော် ရရှိခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် အနိုင်ရရှိခြင်းအကြောင်းကို ဆန်းစစ်ကြည့်သောအခါ မဲဆန္ဒရှင် ပြည်သူလူထုကအဖွဲ့ချုပ်၏ ရည်ရွယ်ချက်များ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်များကို နှစ်သက်ခြင်းနှင့် အဖွဲ့ချုပ် ခေါင်းဆောင်များအပေါ် ယုံကြည်မှုအပြည့်အဝရှိခြင်း တို့ကြောင့်ဖြစ်သည်ဟု တွေ့မြင်ရပါသည်။ တနည်းအားဖြင့် ဆိုပါလျှင် ပြည်သူလူထုက ဒီမိုကရေစီကို အာသာ ငမ်းငမ်းရယူလိုကြောင်း ထုတ်ဖေါ်ပြသလိုက်ခြင်းပင်ဖြစ်သည်။
အဖွဲ့ချုပ်အပြင် အဖွဲ့ချုပ်၏အဓိကမဟာမိတ်ပါတီများဖြစ်သောပါတီ(၂)ပါတီအနက် အမျိုးသား ဒီမိုကရေစီပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး အနိုင်ရရှိခဲ့ပါသည်။ ထို့ကြောင့်အဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း(၃၉၆)ဦးဖြင့် အနိုင်ရရှိလိုက်သည် ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်း ခံရသောပါတီအဖွဲ့အစည်းစုစုပေါင်းမှာ (၂၇)ပါတီဖြစ်ပြီး တပါတီချင်း အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃၉၂)ဦး
၂) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (၂၁)ဦး
၃) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (၁၁)ဦး
၎) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၁ဝ)ဦး
၅) မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (၅)ဦး
၆) အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီ (၄)ဦး
၇) ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက် (၃)ဦး
၈) ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃)ဦး
၉) အမျိုးသားဒီမိုကရေစီပါတီ (၃)ဦး
၁ဝ) ပြည်ထောင်စုပအိုဝ်အမျိုးသားအဖွဲ့ချုပ် (၃)ဦး
၁၁) ကယားပြည်နယ်လူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့ချုပ် (၂)ဦး
၁၂) ကယန်းအမျိုးသားများစည်းလုံးညီညွတ်ရေးဒီမိုကရေစီအဖွဲ့ချုပ် (၂)ဦး
၁၃) ဇိုမီးအမျိုးသားကွန်ဂရက် (၂)ဦး
၁၄) နာဂတောင်တန်းဒေသတိုးတက်ရေးပါတီ (၂)ဦး
၁၅) တအောင်း(ပလောင်)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂)ဦး
၁၆) ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁)ဦး
၁၇) ကရင်ပြည်နယ်အမျိုးသားများအဖွဲ့ချုပ် (၁)ဦး
၁၈) ဒီမိုကရေစီပါတီ (၁)ဦး
၁၉) ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသာဟောင်းများအဖွဲ့ (၁)ဦး
၂ဝ) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (၁)ဦး
၂၁) ပြည်ထောင်စု ဓနုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁)ဦး
၂၂) ပြည်ထောင်စု အမျိုးသားများဒီမိုကရေစီပါတီ (၁)ဦး
၂၃) မရာပြည်သူ့ပါတီ (၁)ဦး
၂၄) မြို (ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ (၁)ဦး
၂၅) မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ (၁)ဦး
၂၆) ရှမ်းပြည်နယ် ကိုးကန့်ဒီမိုကရက်တစ်တပ်ဦး (၁)ဦး
၂၇) လာဟူးအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ (၁)ဦး
၂၈) တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ (၆)ဦး ဖြစ်ပါသည်။
ရွေးကောက်ပွဲအပြီး စစ်အာဏာပိုင်တို့၏လုပ်ရပ်များနှင့် အဖွဲ့ချုပ်၏ကြိုးပမ်းမှုများ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
ရွေးကောက်ပွဲလည်း ကျင်းပပြီစီးခဲ့ပြီ၊ ပြည်သူလူထုကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ရွေးချယ် တင်မြှောက်ပေးခဲ့ပြီးပြီ၊ ရှေ့လုပ်ရမည့်တာဝန်မှာ စစ်အာဏာရှင်တို့၏ ကတိကဝတ်အတိုင်း ရွေးကောက်ပွဲ ပြီးဆုံးပြီဖြစ်၍ ပြည်သူ့လွှတ်တော်ခေါ်ယူရေးနှင့်အနိုင်ရသောအဖွဲ့အစည်းအား အာဏာလွှဲပြောင်းပေးရေးပင်ဖြစ်သည်။ သို့သော် အာဏာပိုင်တို့သည် ပြည်သူ့လွှတ်တော် ခေါ်ယူရေးကို အကြောင်းအမျိုးမျိုးပြ၍ ရှောင်ရှားလာပါတော့သည်။
ပထမပိုင်းတွင် ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်းများ စစ်ဆေးရန်ရှိသေးသည်ဟုလည်းကောင်း၊ အကြောင်း အမျိုးမျိုးပြ၍ အချိန်ဆွဲပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စစ်အစိုးရမှ ပြည်သူ့လွှတ်တော် ခေါ်ယူပေးမည့်အချိန်ကို ရွေးကောက်ပွဲပြီး၍ ရက်ပေါင်း (၆ဝ)ထိ စောင့်ဆိုင်းနေခဲ့ ပါသည်။ ရက်ပေါင်း (၆ဝ)ပြည့်သည့် နောက်တရက်ဖြစ်သော ဇူလိုင်လ(၂၇)ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ မဟတ္တမဂန္ဓွီခန်းမ၌ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့နှင့် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ၏ ပထမအကြိမ် ပဏာမညှိနှိုင်း အစည်းအဝေးကြီးကို စတင်၍ (၂၈)ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ အစည်းအဝေးမကျင်းပမီ တရက်အလိုတွင် အာဏာပိုင်တို့က ကြေညာချက်အမှတ် (၁/၉ဝ)ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုကြေညာချက် အမှတ်(၁/၉ဝ)သည် ပြည်သူ့လွှတ်တော်၏ အာဏာသက်ရောက်မှုအား ကန့်သတ်တားဆီးခြင်းဖြစ်ပြီး အာဏာပိုင်တို့၏ မမှန်ကန်သော၊ မရိုးသားသော၊ ကလိမ် ကကျစ်ကျသော လုပ်ရပ်ကို ဖေါ်ပြလိုက်ခြင်းလည်းဖြစ်ပေသည်။ အစည်းအဝေးပွဲကြီးသို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၅)ဦးတက်ရောက်ခဲ့ပြီး အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာ တင်သွင်းခြင်း အပါအဝင် လုပ်ငန်းများကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ အခန်း(၂) ပုဒ်ပ-၃တွင် ပြဋ္ဌာန်းထားသည့် “လွှတ်တော်ကို ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်”ဟူသော ပြဌာန်းချက်နှင့်အညီ ပြည်သူ့လွှတ်တော်ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဥက္ကဋ္ဌဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ အဝေးရောက် ကျောင်းသားများ အေးချမ်းစွာပြန်လာနိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး စသောသဘောတရားမျာကို ဆွေးနွေးခဲ့ပါသည်။
ပြည်သူလူထုဆန္ဒနှင့်အညီ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအခန်း(၂)၊ ပုဒ်မ-၃အရ (၁၉၉ဝ)ပြည်နှစ် စက်တင်္ဘာလ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်ခေါ်ယူကျင်းပပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့တညီတညွတ်တည်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါသည်။ ထိုသို့တောင်းဆိုရခြင်းမှာ ရက်ပေါင်း(၆ဝ)ကြာသည့်တိုင်အောင် ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးခြင်းမရှိသော၊ တာဝန်ပျက် ကွက်သော၊ စစ်အစိုးရာအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်အရ လွှတ်တော် ခေါ်ယူကျင်းပပေးရန် တောင်းဆိုခြင်းဖြစ်ပါသည်။ ထို့ပြင် လွှတ်တော်ခေါ်ယူကျင်းပပေးခြင်းကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်ဟူသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့(၁/၉ဝ) အပိုဒ် - ၁၂၊ (၁၉၄၇)ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၈၄(၂)အရ၊ ရက်ပေါင်း (၆ဝ)အတွင်း လွှတ်တော်ခေါ်ယူ ကျင်းပပေးရမည်ဟူသော ပြဋ္ဌာန်းချက်၊ (၁၉၇၄)ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ၊ ဒီမိုကရေစီကျင့်စဉ်၊ နိုင်ငံတကာကျင့်ထုံးကျင့်နည်းများ-အစရှိသည်တို့အပေါ် မှီငြမ်း၍လည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ ခြင်းဖြစ်သည်။
ကိုယ်စားလှယ်အချို့ ပြည်ပသို့ထွက်ခွါခြင်း၊ နိုင်ငံရေးပါတီများပေါ် အာဏာပိုင်တို့၏ မလျော်သြဇာသုံး၍ ဖိနှိပ်ဖျက်ဆီးမှုများ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
ကိုယ်စားလှယ်အချို့ ပြည်ပသို့ထွက်ခွါခြင်း၊
အမျိုးသားညွန့်ပေါင်းအစိုးရနှင့် အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ပေါ်ပေါက်လာခြင်း၊
အဖွဲ့ချုပ်ကအာဏာပိုင်များအား ပြည်သူ့လွှတ်တော်ခေါ်ယူပေးရန် တောင်းဆိုထားသည့် ရက်များအတွင်း စက်တင်္ဘာလဆန်းပိုင်းတွင် အဖွဲ့ချုပ်၏ ကြေညာချက်အမှတ်(၅/၉ဝ)အား ထုတ်ပြန်ခဲ့ပါသည်။ ထိုကြေညာချက်တွင် အဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ဂန္ဓီခန်းမကြေညာချက်စာတမ်း အပိုဒ်(၉)နှင့်အညီ ဒီမိုကရေစီ ပြည်ထောင်စုအတွက် ရည်သန်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ရေးဆွဲနိုင်ရန် အဖွဲ့ချုပ်မှ ကမကထပြု၍ ပြင်ဆင်မှုများစတင်ပြုလုပ်သွားမည်၊ ထိုအစီအစဉ်များကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ပေးပို့၍ တွေ့ဆုံညှိနှိုင်းရန် အဆိုပြုမည်ဟု ပါရှိပါသည်။ (၅/၉ဝ)ထုတ်ပြန်ရခြင်းအပေါ် အဖွဲ့ချုပ် ခေါင်းဆောင်များက အဖွဲ့ချုပ်အတွင်း ရှင်းလင်းကြသကဲ့သို့အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ်ဝင်များကလည်း ကြေညာချက်ပါ အကြောင်းအရာများကို အပြင်းအထန်ဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက်ပိုင်းတွင် ပြည်နယ်နှင့်တိုင်းမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တချို့တို့သည် အမရပူရမြို့တွင် တွေ့ဆုံ၍ အဖွဲ့ချုပ်၏ ရှေ့ဆက်လက်ဆောင် ရွက်သင့်သော လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ဆွေးနွေးသည်ကို အကြောင်းပြု၍ အာဏာပိုင်တို့သည် အစည်းအဝေးတက်ရောက်သူများအား လိုက်လံဖမ်းဆီး၍ နှစ်ရှည် ထောင်ချခဲ့ပါသည်။ အစည်းအဝေး တက်ရောက်ခဲ့သော ကိုယ်စားလှယ်အချို့တို့သည် ပြည်ပသို့ထွက်ခွာပြီး၊ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သော အမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma - NCGUB) ကိုဖွဲ့စည်းခဲ့ကြသည်။ နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (National League for Democracy/Liberated Areas - NLD/LA) ဟူ၍ ပြည်ပ ရောက်ရှိသွားသော ဒီမိုကရေစီလှုပ်ရှားရေးတွင် ပါဝင်သူများကဖွဲ့စည်းလိုက်သည်ကို သိရှိရပါသည်။
နဝတစစ်အစိုးရသည် ပြည်သူ့လွှတ်တော်အား ခေါ်ယူကျင်းပပေးခြင်းမရှိဘဲ နိုင်ငံရေးပါတီများအား ၄င်းတို့ ထုတ်ပြန်ထားသည့် ကြေညာချက်အမှတ် (၁/၉ဝ) (နောက်ဆက်တွဲ-ဗ)ကို အတင်းအကြပ် လက်မှတ်ရေးထိုးစေပါသည်။
လက်မှတ်ရေးထိုးခြင်းမရှိသောပါတီများကို မှတ်ပုံတင်ဖျက်သိမ်း မည်ဖြစ်ကြောင်း အာဏာပိုင်များက အသိပေးပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် (၉၊ ၁၁၊ ၉ဝ) ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၉ဝ)ကို လိုက်နာမည်ဖြစ်ကြောင်း လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား မတရားဖမ်းဆီးခြင်း လုပ်ငန်းများကို စတင်ပါတော့သည်။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်များသည်လည်း ရွေးကောက်ပွဲ ပြီးဆုံးသည့်တိုင်အောင် ကော်မရှင်အလုပ်များ မပြီးဆုံးသေးသဖြင့် နိုင်ငံရေးပါတီများအား ကြီးကြပ်ရ မည်ဟုညွှန်ကြားချက်များ ထုတ်ပြန်လာပါတော့သည်။
(၁၉၉၁)ခုနှစ်တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအား ပြင်ဆင်သည့်ဥပဒေ (အာဏာနောက်ကြောင်းပြန်ဥပဒေ) ထွက်ပေါ်လာပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့တို့အား ထိုဥပဒေနှင့်ငြိစွန်းသည်ဟုကြေညာ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ကြောင်းကို ကြေညာပါတော့သည်။ ထိုမှတဆင့်တိုး၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပါတီများကိုပင်ဖျက်သိမ်းခဲ့ရာ ယခုချိန်တွင် နိုင်ငံရေးပါတီပေါင်း (၁ဝ) ပါတီသာလျှင် ကျန်ပါတော့သည်။ ပြည်သူ့လွှတ်တော်ခေါ်ယူကျင်းပခြင်းကိုမူ ဆောင်ရွက်ပေးခြင်း မရှိသေးပေ။
ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အာဏာပိုင်များ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
(၁၉၉ဝ)ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သင်္ကေတမှာ ခမောက်ဖြစ်သကဲ့သို့အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အဓိကကျသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့ပေသည်။ ထို့ကြောင့် ခမောက်နှင့်ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူ၊ ပြည်သူနှင့် ခမောက် ခွဲခြား၍ မရအောင်ပင် ညီညွတ်ခဲ့ကြပေသည်။ ပြည်သူလူထုကြီးမှာ ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်ယုံကြည်အားကိုးကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီမှတ်တိုင် ဖြစ်သည်ဟု ခံယူကြသည်။
ဒေါ်အောင်ဆန်းစုကြည်ချမှတ်ခဲ့သော အောင်ဆန်းလမ်းစဉ်အား နှစ်သက်ထောက်ခံကြသည်။ အောင်ဆန်းလမ်းစဉ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီသည် ခွဲခြား၍မရအောင်ပင် တသားတည်း တထပ်တည်းကျလျက်ရှိသည်။ ပြည်သူလူထုကလည်း ထို အောင်ဆန်းလမ်းစဉ်နှင့် အောင်ဆန်းစုကြည် အပေါ်တွင် ယုံကြည်ကြသည်၊ အားကိုးကြသည်၊ မေတ္တာထားကြသည်။ ထို့ကြောင့် ရွေး ကောက်ပွဲတွင် ပြည်သူများ ထောက်ခံအားပေးကြရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ကဏ္ဍသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထု၏ဆန္ဒကို အကောင်အထည်ဖော်၍ ပြည်သူလူထု၏ အခွင့်အရေးများကို ဖေါ်ဆောင်လိုသောကြောင့် ပြည်သူ လူထု၏ဆန္ဒကို လေးစားသောအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် သဘောတူခဲ့သည်။ သို့သော် ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ မေတ္တာထားမှုတို့ကို မနာလိုမရှုစိမ့်ဖြစ်သော အာဏာပိုင်တို့မှာ ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုနှင့် ကင်းကွာအောင် ဖမ်းဆီးခဲ့၏။
ပြည်သူလူထု၏ထောက်ခံမှုကို ပိတ်ပင်တားဆီးကာ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲဝင်ရောက်ခွင့်ကို ပိတ်ပင်၏။ အာဏာပိုင်တို့ လုပ်ဆောင်မှုမှန်သမျှသည်ကား ပြည်သူလူထု၏ လိုအင်ဆန္ဒမှန်သမျှကို ဆန့်ကျင်သည်သာ ဖြစ်သည်။ မည်သို့ပင် ဆန့်ကျင်စေကာမူ ဒေါ်အောင်ဆန်းစုကြည်အားချစ်ခင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအား ယုံကြည်အားကိုးသော ပြည်သူတို့သည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိအောင် ထောက်ခံမဲများ ပုံပေးခဲ့ကြပေသည်။
ရွေးကောက်ပွဲနှင့်တပ်မတော်
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
(၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲတွင် အရပ်သားပြည်သူများနှင့်အတူ တပ်မတော်သားများသည်လည်း မဲဆန္ဒများ ပေးခဲ့ကြလေသည်။ တနိုင်ငံလုံးတွင်ရှိသော စစ်ဌာနချုပ်များနှင့် တပ်ရင်းတပ်ဖွဲ့များတွင် မဲရုံများ ဖွင့်လှစ်၍ တပ်မတော်သားများအား မဲပေးစေခဲ့ရာ တပ်မတော်သားများကလည်း မိမိတို့နှစ်သက်သော ပါတီအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို ဆန္ဒမဲများပေးခဲ့ကြလေသည်။ ထို့ကြောင့် ရွေးကောက်ပွဲသည်လည်းကောင်း၊ ရွေးကောက်ပွဲ ရလဒ်သည်လည်းကောင်း တပ်မတော်သားများနှင့်လည်း သက်ဆိုင်နေပေသည်။ အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် မဲပေးခဲ့ခြင်း မဟုတ်ချေ။ ထို့ပြင် တပ်မတော်သားကောင်းများပီပီ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကိုသာ သီးသန့် ထမ်းဆောင်လိုပြီး၊ နိုင်ငံရေးရာ စီမံဆောင်ရွက်မှု လုပ်ငန်းများသည် နိုင်ငံရေး အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်သည်ဟု ယုံကြည်၍ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝကို တိုးတက်အောင်မြင်အောင် စီမံအကောင်အထည် ဖော်နိုင်မည်ဟု စိတ်ချရမည့် အဖွဲ့အစည်းအား ထောက်ခံဆန္ဒမဲ ပေးခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံအတွင်း စစ်တပ်နယ်မြေများဖြစ်သည့် မင်္ဂလာဒုံ၊ မှော်ဘီ၊ မိတ္ထိလာမြို့-စသည်တို့တွင်ပင် အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပေသည်။
တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသည့်နည်းတူ ပြည်သူများလိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများနှင့် တပ်မတော်သားတို့၏အခွင့်အရေးအရေးများ အကြား ဆက်စပ်မှုများရှိနေပါသည်။ ပြည်သူလူထု၏ မျှော်လင့်ချက်များ ပေါ်ထွန်းလာမှသာ ပြည်သူထဲမှ ပေါက်ဖွားလာသော တပ်မတော်သားတို့၏ မျှော်လင့်ချက်များ သည်လည်း ပေါ်ထွန်းလာနိုင်မည်သာ ဖြစ်ပေသည်။ တဖွဲ့၊ တသင်း၊ တစုက ကြီးစိုးချယ်လှယ်၍ ပြည်သူ့အခွင့်အရေးများကို ပိတ်ပင်တားဆီး နေသမျှကာလပတ်လုံး၊ ပြည်သူလူထုသည်လည်း တိုးတက်မှုမရှိနိုင်သကဲ့သို့ တပ်မတော်သားများ၏ ဘဝသည်လည်း နိမ့်ကျနေပေမည်။ ပြည်သူလူထုတို့၏ လူနေမှုဘဝ တိုးတက်မှသာလျှင် နိုင်ငံသည်လည်း တိုးတက်မည် ဖြစ်ပေသည်။ ထို့မှသာလျှင် တပ်မတော်သားတို့၏ဘဝနှင့် တပ်မတော်၏ အရည်အချင်း၊ အရည်အသွေးများသည်လည်း မြင့်မားလာမည်ဖြစ်ပေသည်။ ယနေ့နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသော်ငြားလည်း တနေ့ ထမ်းဆောင်ချိန်သက်တမ်း ကုန်ဆုံးသည့်အခါ အရပ်သားပြည်သူများနည်းတူ မိမိတို့၏ဘဝ၊ မိမိတို့၏မိသားစုဘဝကို တည်ဆောက်သွားရမည်ဖြစ်ပေသည်။ ထို့ကြောင့် (၁၉၉ဝ)ခုနှစ် ရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံ၏ အနာဂတ်နှင့်တကွ ပြည်သူများ နှင့် တပ်မတော်သားများ၏ အနာဂတ်ကိုပါ တိုးတက်ပြောင်းလဲစေမည့် ရွေးကောက်ပွဲကြီးအနေအထား၌ ရှိခဲ့ပေသည်။
ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခြင်းထားခြင်းသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သော ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုရာ ရောက်သကဲ့သို့ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခဲ့သော တပ်မတော်သားများ၏ဆန္ဒကိုလည်း လျစ်လျူရှုရာ ရောက်ပေသည်။ ရွေးကောက်ပွဲမတိုင်မီက တပ်မတော်၏ အကြီးအကဲဖြစ်သူပြောကြားခဲ့သော ကတိစကားများနှင့်အညီ စစ်အစိုးရသည် ရွေးကောက်ပွဲ ပြီးသောအခါက အနိုင်ရရှိသောပါတီအား အာဏာလွှဲ၍ စစ်တန်းလျားပြန်ခဲ့မည်ဆိုပါလျှင် တပ်မတော်သည် ကတိ သစ္စာ တည်ကြည်သော၊ ဂုဏ်သိက္ခာရှိသောတပ်မတော်အဖြစ် ရပ်တည်နေမည်ဖြစ်ပြီး၊ နိုင်ငံသည်လည်း စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် အခြေခံလူ့အခွင့်အရေးများ အပြည့်အဝခံစားနိုင်ခွင့်ရှိသော ခေတ်မီ၍ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအဖြစ် ရောက်ရှိနေမည်ဖြစ်သည်။
ယခုမူကား ဤ သို့မဖြစ်ခဲ့ချေ။ ရွေးကောက်ပွဲရလဒ်အား အကောင်အထည် ဖော်ဆောင်ရွက်ပေးရမည့် တာဝန်ရှိ စစ်အစိုးရ၏ လုပ်ရပ်များကြောင့် တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မှုမရှိသည့်အပြင် တပ်မတော်၏ ဂုဏ်ရောင်လည်း မှေးမှိန်ခဲ့ရပေသည်။ တပ်မတော်၏ သမိုင်းကို အလွန်အရုပ်ဆိုး အကျည်းတန်စေခဲ့ပါသည်။ ကိုလိုနီနယ်ချဲ့လက်အောက်မှာ ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပြီးမှာပင် ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးခဲ့သည်။ ထို့အတူ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများ အပြီးတွင်လည်း ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။ ယခု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ အုပ်ချုပ်သော အချိန်ကာလတွင်မူ ရွေးကောက်ပွဲရလဒ်အား အကောင်အထည် ဖော်မပေးသည့်အပြင် ဖျက်လိုဖျက်ဆီး လုပ်ဆောင်နေသည်မှာ (၁ဝ)နှစ်တာမျှ ရှိခဲ့ပေပြီ။ မလုပ်သင့်သည်ကိုသိလျက်နှင့် မိမိတို့အာဏာတည်မြဲရေးကိုသာ ဇောင်းပေးပြီး လုပ်ဆောင်နေမှုများသည် ပြည်သူတွေကိုသာမက တပ်မတော်သားများကိုလည်းကောင်း၊ တိုင်းပြည် ကိုလည်းကောင်း ထိခိုက်နစ်နာစေခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ အာဏာပိုင်များ၏ ပြောကြားချက်များ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ
(၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်
အမှန်စင်စစ်မှာ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးရေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြောင်းကြားတောင်းဆိုရမည့်ကိစ္စမျိုးမဟုတ်ပါ။ ရွေးကောက်ပွဲကို တာဝန်ယူ ကျင်းပပေးခဲ့သော လက်ရှိအာဏာကို ဆုပ်ကိုင်ထားသည့် အာဏာပိုင်အဖွဲ့အစည်းမှ မိမိ တို့ပြောခဲ့သောစကား၊ ထုတ်ပြန်ခဲ့သောဥပဒေ၊ အမိန့်၊ ကြေညာချက်များကို တည်ကြည်လေးနက်စွာ လိုက်နာပြီး၊ ဂုဏ်သိက္ခာရှိရှိဖြင့် ပြည်သူ့လွှတ်တော်အား ခေါ်ယူ ကျင်းပပေးရမည်သာ ဖြစ်ပေသည်။ သို့မှလည်း ရွေးကောက်ပွဲကျင်းပပေးခဲ့သော စစ်အစိုးရနှင့် တပ်မတော်သည် မြန်မာ့အလယ်တွင်လည်းကောင်း၊ ကမ္ဘာ့အလယ်တွင်လည်းကောင်း ကတိတည်သော၊ ဂုဏ်သိက္ခာရှိသော၊ နိုင်ငံအပေါင်းက လေးစားထိုက်သော အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ပေသည်။
စစ်အာဏာပိုင်အဖွဲ့သည် မိမိတို့၏ ဥပဒေ၊ အမိန့်ကြေညာချက်၊ ကတိစကားများအရ ဆောင်ရွက်ရန် ပျက်ကွက်သောကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရပါတီနှင့် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန် အကြိမ်ကြိမ်တောင်းဆိုရသည့်အဖြစ်သို့ရောက်ရခြင်းသည် တိုင်းပြည်၏ ဂုဏ်ကျက်သရေကိုလည်းကောင်း၊ တပ်မတော်၏ ဂုဏ်သရေကိုလည်းကောင်း ညှိုးနွမ်းစေပါသည်။ ပြည်သူလူထုမှလည်း တပ်မတော်ကို မလေးမစားမယုံကြည် ဖြစ်ရပါသည်၊ စစ်အာဏာပိုင်များအနေဖြင့် သတိပြုသင့်သည်မှာ မိမိတို့ထုတ်ပြန်ခဲ့သော ဥပဒေ၊ အမိန့်၊ ကြေညာချက်များ သည်လည်းကောင်း၊ ပေးခဲ့သော ကတိစကားများ သည်လည်းကောင်း ဖျောက်ဖျက်၍ မရနိုင်သကဲ့သို့ပျောက်ပျက်၍လည်းမသွားပါ၊ သမိုင်းဝင် မှတ်တမ်းများအဖြစ် တည်ရှိနေမည်ဖြစ်ပြီး၊ ပြည်သူများ၏ ရင်ထဲအသဲထဲတွင် စွဲထင်နေမည်သာဖြစ်ပေသည်။ စစ်အစိုးရ ပြောကြားခဲ့သောကတိ၊ စကားအချို့ကို ပြန်လည်သတိရစေရန်ကို ဖော်ပြလိုက်ပါသည်။ (၂၇၊ ၃၊ ၈၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော (၄၄)ကြိမ်မြောက် ‘တော်လှန်ရေးနေ့’ (နဝတ အခေါ် ‘တပ်မတော်နေ့’)၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
“ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ ရွေးချယ် လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ပေါက်လာမှာဖြစ်တယ်။”
“အဲဒီအစိုးရသစ်နဲ့ နိုင်ငံတော်ကိုဆက်လက်ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွားလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ ဒို့ တပ်မတော်သားတွေအဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီး ဒို့ရဲ့ မူလအဓိက တာဝန်ကြီးဖြစ်တဲ့ ခုပြောကြားရာမှာပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုဉ် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။”
(၉၊ ၁၊ ၉ဝ)ရက်နေ့ကလည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောက်ပါအတိုင်းပြောကြားခဲ့ပါသေးသည်။
“နိုင်ငံတော်အာဏာနဲ့ပတ်သက်လို့လည်း ဒို့အကြိမ်ကြိမ် ပြောပြီးပြီပဲဖြစ်တယ်။ ရွေးကောက်ပွဲပြီးတာနဲ့ ဥပဒေနဲ့အညီ အစိုးရဖွဲ့ကြ၊ ယူကြပေါ့။ အဲဒီအစိုးရဖြစ်လာအောင် ရွေးကောက်ပွဲက လုပ်ပေးရမှာပဲ။ ဒါက ဒို့တာဝန်ပဲ၊ ရွေးကောက်ပွဲပြီးရင် တရားဥပဒေအရ အစိုးရတခု ဖြစ်လာဖို့ကတော့တို့ တပ်မတော်တာဝန်မဟုတ်ဘူး။ ဒါ အတိအလင်း ပွင့်ပွင့်လင်းလင်း အခုကတည်းက ပြောထားတာဖြစ်တယ်။”
“အခုတမျိုး၊ အခုတမျိုးဆိုရင် ကတိမတည်၊ ကတိမတည်လို့ရှိရင် သံသယစိတ်တွေဖြစ်တယ် ဆိုတာမျိုးတော့ တပ်မတော်အနေနဲ့အဖြစ်မခံနိုင်ဘူး။ တကယ်တော့ တပ်မတော်ဆိုတာဟာ တိုင်းပြည်အပေါ်မှာသစ္စာခံတာပါပဲ။ အစိုးရကလည်း တိုင်းပြည်သားအများစုရဲ့ရွေးချယ်တင်မြှောက်လို့ ပြည်သူတွေကိုကိုယ်စားပြုပြီး ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်း၊ တပ်မတော်ဟာ အစိုးရအောက်မှာရှိရမယ်၊ ဘာညာ-ဒါတွေဟာဘာမှပြောစရာမလိုဘူး။ ဒို့တတွေဒါတွေကို နားလည်ပြီးသားပဲ။ ဒို့တတွေဟာ- အာဏာကို ရေရှည်ယူထားမယ့် အဖွဲ့အစည်းမှ မဟုတ်ပဲ”
(၂၇၊ ၃၊ ၉ဝ)ရက်နေ့(၄၅) နှစ်မြောက်တော်လှန်ရေးနေ့တွင်လည်း ဗိုလ်ချုပ်ကြီးစောမောင်က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
“နိုင်ငံတော်မှာ ဘယ်အစိုးရတက်တက် ဘယ်ပါတီပဲအာဏာရရ ဒို့တပ်မတော်ကတော့ တပ်မတော်သားတွေပီပီ နိုင်ငံတော် အကျိုးစီးပွားအတွက် သစ္စာရှိရှိ တာဝန်သိသိ ထမ်းဆောင်သွားမှာဖြစ်တယ်။ ဒို့ဟာ နေ့စဉ်နံနက်တကြိမ် ညနေတကြိမ် စဉ်ဆက်မပြတ် သစ္စာ အဓိဋ္ဌာန်(၄)ချက်ကို ရွက်ဆိုပြီး၊ သစ္စာကို ဦးထိပ်ပ
